မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်မယ့် မြန်မာလူငယ်နှစ်ဦး

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ဆိုင်ကယ်စီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန် ခရီးအပြီးမှာ တကျော့ပြန်ကြိုးစားတဲ့ ခရီး ဓာတ်ပုံ မူပိုင် MOtourlouge
Image caption လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ဆိုင်ကယ်စီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန် ခရီးအပြီးမှာ တကျော့ပြန်ကြိုးစားတဲ့ ခရီး

လာမဲ့မေလ၂၆ ရက်နေ့ မနက်မှာ မြန်မာလူငယ်နှစ်ဦး ဟာ မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ နိုင်ငံပေါင်း ၃၀ မိုင်ပေါင်း ၃သောင်းကျော် ကမ္ဘာပတ်မယ့်ခရီးစဉ်ကို စတင်တော့မှာပါ။

သူတို့ဟာ ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြည်သူ့ဥယျာဉ်ရှေ့ ရွှေတိဂုံဘုရားရှေ့ ကနေ စထွက်မှာဖြစ်ပါတယ်။

ရန်ကုန် ပြည် မန္တလေး တောင်ကြီး ကျိုင်းတုံ တာချီလိတ် ကနေ ထိုင်းဘက်ကို စဝင်မယ်လို့လည်းပြောပါတယ်။

ဘီအမ်ဒဘလျု ဆိုင်ကယ်တွေနဲ့ ကမ္ဘာပတ်မယ့်ဒီလူငယ်တွေခရီးဟာ လွန်ခဲ့တဲ့ နှစ်၆၀ ကျော်ကဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့်ဒေါ်တင်တင်စိန် အပြီးမှာ တကျော့ပြန်ကြိုးစားတဲ့ ခရီး လို့ပြောနိုင်ပါတယ်။

ဘယ်မှာ စပြီး ဘယ်မှာခရီးဆုံးမလဲ

ရန်ကုန်မှာ စပြီး လန်ဒန်မှာ ခရီးဆုံးမှာပါ။ ပထမဆုံးဆိုင်ကယ် နဲ့ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်လမ်းကြောင်းတွေနဲ့ နည်းနည်းတော့ဆင်ပါတယ် ။ဒေါ်တင်တင်စိန်က မြန်မာ ပြည်ကထွက်ပြီး အိန္ဒိယ က တစ်ဆင့်ထွက်ခဲ့တာဖြစ်ပေမဲ့ သူတို့ကတော့ ထိုင်း လာအို ကနေ တစ်ဆင့် တရုတ်ဘက် ကနေ သွားကြမှာဖြစ်ပါတယ်။

ဒီနောက် မွန်ဂိုးလီးယား အဲဒီကနေတဆင့် ရုရှား ၊နောက် ရုရှား ကနေ တစ်ဆင့်ဥရောပကိုဝင်ကြမှာဖြစ်ပြီးတော့ ဂျာမနီ ပြင်သစ် ကနေ အင်္ဂလန် ကိုဝင် ကြမှာပါ ၊ အာရှတိုက်ရဲ့ စွန်းစားသူများစာရင်းဝင် ကမ္ဘာလှည့် ဒေါ်တင်တင်စိန်ကတော့ နိုင်ငံပေါင်း၂၄ နိုင်ငံကို ဘီစက်အေ ဆိုင်ကယ်နဲ့ ပတ်ခဲ့တာဖြစ်ပါတယ်။

လန်ဒန်ရောက် ဖို့ ၃ လလောက် ကြာမယ် မှန်းထားတယ်လို့မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်မယ့် မြန်မာလူငယ်တွေက ပြောပါတယ်။

နိုင်ငံပေါင်း၃၀ နဲ့ မိုင်ပေါင်း ၃ သောင်းကျော်

ရန်ကုန် ကနေ လန်ဒန်ရောက်ဖို့ အချိန် ၃ လ ကနေ ၅ လလောက် ကြာမယ်လို့သူတို့က မှန်းထားကြပါတယ်။ရန် ကုန်ကနေ လန်ဒန်ကို ရောက်ဖို့က သူတို့ ပထမအဆင့်ရည် မှန်းချက်ဖြစ်ပြီးတော့ လန်ဒန်ကနေ ရန်ကုန်ပြန် လာဖို့ကတော့ အခြားလမ်းကြောင်းတစ်ခုကနေ ဒုတိယအဆင့်အနေနဲ့ မှန်းထားတယ် လို့ သူတို့ ကပြောပါတယ် ။

အပြန်ကိုအီတလီ တူရကီ အီရန် အိန္ဒိယ ကနေ တဆင့် မိုးရေး တမူး ကနေ မြန်မာပြည် ထဲပြန် ဝင် လာကြမှာဖြစ်တယ် လို့ သူတို့ ကရှင်းပြပါတယ်။

အီရန်မှာ ကတော့သူတို့ ဆိုင် ကယ်တွေဝင်ဖို့အခက်ခဲရှိနိုင်တာကြောင့် ခရီးသွားနေရင်းပဲ စီစဉ် ဖို့ရှိတယ် လို့ လည်း ရှင်းပြပါတယ် ။ဥရောပနဲ့ အခြားနိုင်ငံတွေက တော့ ဗီဇာနဲ့ဖြတ်သန်းသွားလာဖို့ကတော့ အခက်အခဲမရှိ ပါဘူးလို့လည်း သူတို့ ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOtourlouge
Image caption သူတို့နှစ်ဦးဟာ ပြည်တွင်းမှာ နာဂ ဒေသ အထိ ဆိုင်ကယ်စီး အတွေ့ကြုံတွေ ရှိပါတယ်

သူတို့ကဘယ်သူတွေလဲ

ဆိုင်ကယ် နဲ့ ကမ္ဘာပတ်မဲ့ လူငယ် နှစ်ဦး ကတော့ စိုင်းဇွမ်ဖ နဲ ကိုအောင်ကျော်ဝင်းတို့ ဖြစ်ပါတယ် ။ သူတို့ နှစ်ယောက် စလုံး ကဒီဇိုင်း ပညာရှင်တွေဖြစ်ကြပါတယ် ။စိုင်းဇွမ်ဖက စင်ကာပူနဲ့ သြစတေးလျ က ဒစ်ဂျစ်တယ် မီဒီယာ ဒီဇိုင်း နဲ့ကျောင်းပြီးခဲ့ တာဖြစ်ပြီး စကိုင်းနက်ရဲ့ ချန်နယ် နိုင်း ရုပ်သံမှာလုပ်ပါတယ်။

ကိုအောင်ကျော်ဝင်း ကတော့ အဆောက်ဦး အတွင်းပိုင်း ဒီဇိုင်း ပညာရှင် ဖြစ်ပါတယ် ။

စိုင်းဇွမ်ဖ ကတော့ တောင်ကြီးသားဖြစ် လို့ဆိုင်ကယ်စီးတာ ဝါသနာ ပါသူဖြစ်ပြီးတော သူတို့နှစ်ဦးဟာ ပြည်တွင်းမှာ နာဂ ဒေသ အထိ ဆိုင်ကယ်စီး အတွေ့ကြုံတွေ ရှိပါတယ်။ပထမဆုံးမြန်မာပြည်က ဆိုင်ကယ် နဲ့ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန် ကို အားကျ ရာကနေ သူသွားခဲ့တဲ့ အတိုင်း ရန်ကုန် ကနေလန်ဒန်ကို သွားဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာဖြစ်တယ် လို့လည်းစိုင်းဇွမ်ဖကပြောပါတယ် ။

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန် ကနေလန်ဒန် ကို ဦးတည်ပြီးသွားကြမှာပါ။

ကမ္ဘာလှည့် ဒေါ်တင်တင်စိန်

လွတ်လပ်ရေးရပြီးကာစ ခေတ်ကာလမှာ ငွေကြေးအလုံအလောက် မပါဘဲ ဆိုင်ကယ်တစီးနဲ့ ကမ္ဘာ တပတ် ပတ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံကို ခြေဆန့်ခဲ့ တဲ့ မြန်မာအမျိုးသမီးတစ်ယောက် ရှိပါတယ် ။

၁၉၅၅ ခုနှစ်၊ ဒေါ်တင်တင်စိန် အသက် ၁၈ နှစ်မှာ သမီးမိန်းကလေးတဦး ဖွားမြင်ပြီး ခင်ပွန်းသည်နဲ့အတူ ဆိုင်ကယ်တစီးနဲ့ ကမ္ဘာပတ်ပြီး လူမျိုးအသစ်၊ ယဉ်ကျေးမှု အသစ်၊ ရေမြေအသစ်တွေကို စူးစမ်းလေ့လာဖို့ တိုင်ပင်ပြီး နှစ်ယောက်သား ခရီးနှင်ခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်တင်တင်စိန်နဲ့ ခင်ပွန်းသည်တို့ အာရှတိုက်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပတိုက်ထဲက နိုင်ငံပေါင်း ၂၄ နိုင်ငံကို ဆိုင်ကယ်တစီးနဲ့ အခက်အခဲပေါင်းများစွာ ကြုံရင်း လမ်းမှာငွေပြတ်ရင် အသုံးစရိတ်ရအောင် ရောက်တဲ့ နိုင်ငံတွေရဲ့ သတင်းဌာနတွေမှာ မြန်မာနိုင်ငံနဲ့ လူမျိုးတွေအကြောင်း ပြောရင်း ခရီးဆက်ခဲ့ကြတာပါ။

ဒေါ်တင်တင်စိန်က သူ့အတွေ့အကြုံတွေကို ကမ္ဘာလှည့်တင်တင်စိန် အမည်နဲ့ စာအုပ် ထုတ်ဝေထားပြီး တခြား နိုင်ငံရပ်ခြားအကြောင်းတွေနဲ့ ပတ်သက်လို့ သူ့ခရီးစဉ်အပေါ် အခြေခံပြီးလည်း စာအုပ်တွေ ရေးသားထုတ်ဝေ ထားပါတယ်။

လက်ရှိမှာတော့ ဒေါ်တင်တင်စိန်က အသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး ပုဂံမြို့မှာ ဟိုတယ် ဖွင့်ထားကာ တရားရေး ကိစ္စတွေ လုပ်ရင်း နေထိုင်နေပါတယ်။မြန်မာနိုင်ငံမှာ သူ့လို အမျိုးသမီး နောက်တယောက် ယနေ့အထိ မရှိသေးပါဘူး။ ဒေါ်တင်တင်စိန်ကဆိုင်ကယ် တစီးနဲ့ ကမ္ဘာလှည့်ခဲ့တဲ့ တဦးတည်းသော မြန်မာအမျိုးသမီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MOtourlouge
Image caption မြန်မာနိုင်ငံ က ချန်နယ်နိုင်းရုပ်သံအတွက် မှတ်တမ်းရုပ်ရုင် ရိုက်ဖို့ ရှိတယ်လို့လည်းပြောပါတယ်

ကမ္ဘာပတ်မဲ့ ဒီလူငယ်တွေကော ခရီးသွားရင်းဘာတွေ လုပ်ဖို့ရှိလဲ

ဒီလူငယ်တွေက မြန်မာနိုင်ငံ က ချန်နယ်နိုင်းရုပ်သံအတွက် မှတ်တမ်းရုပ်ရုင် ရိုက်ဖို့ရှိတယ်လို့လည်းပြောပါတယ် ၊သူတို့က တော့ ဒီခရီးစဉ် အတွက် ငွေကြေးစုဆောင်းထားကြသလို အကူညီပေးတဲ့ အဖွဲ့ တွေလည်းရှိတော့ တချို့နေရာတွေမှာ အဲ့ ဒီနိုင်ငံတွေက ခရီးသွားကုမ္မဏီ တွေနဲ့ ချိတ်ဆက်ပြီးစီစဉ်ထားတယ်လို့လည်း သူတို့ ကပြောပါတယ် ။

မြန်မာအစိုးရဘက်က အားကစားနဲ့ကျန်းမာရေး ဝန် ကြီးဌာနနဲ့ ဟိုတယ်ခရီးဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက် ပြီးတော့ဆောင်ရွက်သလို နိုင်ငံအလိုက် မြန်မာသံရုံးတွေနဲ့လည်းချိတ်ဆက်ထားတယ်လို့လည်းရှင်းပြပါတယ် ။

မေလ ၂၆ရက်နေ့ စတင်မယ့်သူတို့ ခရီးဟာ တစ်ရက်ကို ငါးနာရီ လောက်မောင်းဖို့ရှိပြီး ရန်ကုန် ပြည် မကွေး မန္တလေး တောင်ကြီး ကျိုင်းတုံ တာချီလိတ် ကနေ ထိုင်းနိုင်ငံထဲ ကို ဇွန် လ တစ်ရက်နေ့အရောက် သွားကြဖို့ စီစဉ် ထားကြပါတယ်။

သူတို့ရဲ့ ခရီးစဉ်ဟာ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားပြီး လူမျိုးအသစ်၊ ယဉ်ကျေးမှု အသစ်၊ ရေမြေအသစ်တွေကို လေ.လာမူလုပ်တာဖြစ်တယ်လို့ လည်းဆိုင်ကယ်နဲ့ ကမ္ဘာလှည့် မယ့်လူငယ်တွေကပြောပါတယ် ။

ဆက်စပ် အကြောင်းအရာများ