KNU ရဲ့အားလုံးပါဝင်ရေး အဆိုပြုချက်ကို UWSA အကောင်းမြင်

UWSA တပ်ဖွဲ့ဝင်တွေ ပန်ဆန်းမြို့မှာ တွေ့ရစဉ် ဓာတ်ပုံ မူပိုင် YE AUNG THU / AFP
Image caption UWSA တပ်ဖွဲ့ဝင်တွေ ပန်ဆန်းမြို့မှာ တွေ့ရစဉ်

အပစ်မရပ်သေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်လာနိုင်အောင် တိုင်းရင်းသား အဖွဲ့စု ဖွဲ့မူအသစ်တခုကိုဖွဲ့စည်းဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အဆိုပြုချက်ကို လက်ခံသိရှိ ထားပြီး ကောင်းတဲ့အကြံပြုချက်ပဲလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

ဒီအဆိုပြုချက်ဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အားလုံးပူးပေါင်းပါဝင်ရေးမူနဲ့ တူညီတယ်လို့ ဦးညီရန်းက ဆိုပါတယ်။

အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေသာပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ Peace Process Steering Team (PPST) ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ ကျန်တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး - Peace Process Consulative Meeting (PPCM) ဖွဲ့စည်းဖို့ မေလလယ်ကပြုလုပ်တဲ့ PPST ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ KNU က အဆိုပြုတင်သွင်းခဲ့တာပါ။

KNU အဆိုပြုထားတဲ့ PPCM ကျွန်တော်တို့လည်း သတိထားမိပါတယ်။ အားလုံးပါဝင်ရေးဆိုတာ အရင်ကတည်းက ကျွန်တော်တို့ရဲ့ရပ်တည်ချက်ပဲလေ။ အစကတည်းက ကျွန်တော်တို့တောင်း ဆိုတာ အားလုံးပါဝင်နိုင်ရေးပဲလေ။ ကျွန်တော့်အမြင်ကတော့ ကောင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ ရှေ့ဆက်ပြီးတော့ ပူးပေါင်းရမယ့်လုပ်ငန်းစဉ်တွေ ဘယ်လိုရှိမလဲဆိုတာကိုတော့ ဗဟို ဌာနချုပ်ရဲ့သဘောထားပေါ်မူတည်တယ်လို့ ဦးညီရန်း က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြား စုဖွဲ့မှုအသစ်တစ်ခုဖွဲ့ဖို့ KNU အဆိုပြု

PPST အဖွဲ့တွေ အားလုံးသဘောတူညီမှုရဖို့ လိုသေး

လက်ရှိ PPST ဖွဲ့စည်းပုံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကခေါင်းဆောင်သာပါဝင် ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအနေအထားအရ လိုအပ်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ ပိုမိုအဆင် ပြေချောမွေ့ဖို့ အခုလိုစုဖွဲ့မှုအသစ်ဖွဲ့စည်းဖို့ အကြံပြု တာဖြစ်တယ်လို့ KNU ဆိုပါတယ်။

ဒါပေမဲ့ အရင်က KNU နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေပါဝင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC လိုစုဖွဲ့မှုမျိုးရှိခဲ့ပေမဲ့ အဖွဲ့ဝင်အဖြစ်နုတ်ထွက် သွားတဲ့ အဖြစ်အပျက်တွေရှိခဲ့တော့ KNU အဆိုပြုတဲ့ စုဖွဲ့မှုပုံစံသစ်က လက်တွေ့မှာထိရောက်မှု ဘယ်လောက်ရှိမလဲဆိုတာကိုတော့ မွေးခွန်းထုတ်စရာလည်း ဖြစ်နေတယ်လို့ တစ်ချို့က သုံးသပ်ကြပါတယ်။

အလုပ်မဖြစ်ဘူးဆိုရင်တော့ ရပ်တန့်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် တစ်မျိုးတစ်ဖုံ စဉ်းစားနေတာတော့ ကောင်းပါတယ်။ တစ်ဆို့နေတဲ့နေရာမှာပဲ ရပ်မနေဖို့တော့ လိုတာပေါ့။ နည်းလမ်းသစ်တွေရှာတာကောင်းပါတယ်။ PPST ရဲ့ဆောင်ရွက်ချက်တွေ ဘယ်လောက်ထိ တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာ အားလုံးအသိပဲလို့ ဦးညီရန်း က ဆိုပါတယ်။

KNU အဆိုပြုထားတဲ့ စုဖွဲ့မှုအသစ်မှာ UWSA အနေနဲ့ဘယ်လို ပူးပေါင်းပါဝင်မလဲဆိုတာကိုတော့ UWSA ရဲ့ ဗဟိုဌာနချုပ်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်နေတယ်လို့ ဦးညီရန်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ရဲ့ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး နေ့ အခမ်းအနား