သီလဝါမှာထုတ်မယ့်တိုယိုတာ ရန်ကုန်လိုင်စင်ရဖို့ရှိပြီး မြန်မာကားစျေးကွက်ကို ပြောင်းလဲမှုတွေ ရှိလာနိုင်

တိုယိုတာကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ မော်တော်ကားစက်ရုံတွေကို တည်ဆောက်ထား ဓာတ်ပုံ မူပိုင် John van Hasselt/Corbis / Getty Images
Image caption တိုယိုတာကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ မော်တော်ကားစက်ရုံတွေကို တည်ဆောက်ထား

ဂျပန်နိုင်ငံ အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ တိုယိုတာ ကုမ္ပဏီက သီလဝါ အထူးစီးပွားရေးဇုန်မှာ စက်ရုံထောင်ပြီး မော်တော်ကားတွေထုတ်လုပ်ဖို့ လာရောက်စုံစမ်းထားပြီး မကြာခင် လာရောက် ရင်းနှီးမြုပ်နှံဖွယ်ရှိတယ်လို့ သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ဘီဘီစီကိုပြောပါတယ်။

တိုယိုတာကားဟာ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်မယ်ဆို ရင် အစိုးရ ရဲ့ မူဝါဒအရ ရန်ကုန်လိုင်စင်ရဖို့ရှိပြီးလက်ရှိ မြန်မာနိုင်ငံမှာ မော်တော်ကားစျေးကွက်ကို ပြောင်းလဲမှုတွေ ရှိနိုင်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

တိုယိုတာကုမ္ပဏီက မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံဖို့ကို ဒီ(မေ)လ အတွင်း မှာတရားဝင်ထုတ်ပြန်သွားဖို့ရှိနေပြီး စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေကို ဒီနှစ်အတွင်း မှာလုပ်သွားဖို့ရှိ တယ်လို့ မေ ၂၆ ရက်နေ့က ဂျပန်သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

' ' ဒီမှာတော့ လာလုပ်ဖို့ လာရောက်ဆွေးနွေးတာ စုံစမ်းတာရှိတယ်။ မြေနေရာတွေဘာတွေလာကြည့် သွားတယ်။ သူတို့ ဒါရိုက်တာ အဖွဲ့ဝင် အစည်းအဝေး(BOD ) မှာဆုံးဖြတ်ပြီးရင် လာပါ့မယ်လို့ပြောသွား တယ်''လို့ တိုယိုတာကုမ္ပဏီ လာရောက်မြုပ်နှံမယ့်အခြေအနေအပေါ်သီလဝါအထူး စီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တွဲဘက် အတွင်း ရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မော်တော်ကားထုတ်လုပ်တဲ့နေရာမှာ နာမည်ကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Ford ၊NISSAN ၊ Suzuki ၊ Kia ၊ Hyundai စတဲ့ ကုမ္ပဏီတွေလည်း လာရောက်ရင်းနှီးမြုပ်နှံထားပြီး ပြည်တွင်း ဈေးကွက်အတွက် ကားတွေထုတ်လုပ် ရောင်းချ လျှက်ရှိပါတယ်။

"တိုယိုတာ က ဘာကားထုတ် မလဲမသိသေးဘူး သူ့ကားတော် တော်များများ က စျေးကွက်ပေါက်ပြီးသားရန်ကုန်လိုင်စင်နဲ့ဆိုရင် အခုစျေးကွက်ကို ပြောင်းနိုင်တယ် "လို့လည်း ရန်ကုန် အခြေစိုက်ကားဝယ် ရောင်းတစ်ဦး ကပြောပါတယ်။

ပြည်ပကလာရောက်ထုတ်လုပ်နေတဲ့ ကားတွေအနက် ကားသစ်ဈေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ကို ဆူဇူကီး ကုမ္ပဏီက ရယူထားတာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး ရောင်းချရေးအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကဘီဘီစီကိုပြောပါတယ်။

'' တိုယိုတာလာမယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်းကောင်းပါတယ်။သတင်းတွေအရတော့သူတို့ထုတ်မှာကလည်း pickup ကားတွေပဲလို့ဆိုတော့ လက်ရှိမှာလည်း pickup ကဖို့ဒ်တစ်မျိုးတည်းရှိသေးတာ။ တိုယိုတာကတော့ နဂိုတည်းက မြန်မာတွေက ကြိုက်ပြီး သား ဆိုတော့ ရွေးချယ်စရာနောက် တစ်ခုတိုး တာပေါ့။ ရန်ကုန်လိုင်စင်က ပြည်တွင်းထုတ်ကားတွေပဲပေးတော့ သူတို့က ဈေးကွက်ရတယ်။'' လို့ တိုယိုတာကုမ္ပဏီမြန်မာနိုင်ငံ လာမယ့်အခြေအနေအပေါ် ဒေါက်တာစိုးထွန်းကသုံးသပ်ပြောဆိုပါတယ်။

တိုယိုတာ ကားကုမ္ပဏီဟာ သီလဝါအထူးစီးပွားရေးဇုန်မှာလာရောက်ရင်းနှီးမြုပ်နှံဖြစ်ခဲ့မယ်ဆိုရင် သီလဝါ ဇုန်မှာ လာရောက်မြုပ်နှံတဲ့ ဂျပန်ကားကုမ္ပဏီတွေအနက် ဆူဇူကီး ပြီးရင် ဒုတိယမြောက်ကုမ္ပဏီ တစ်ခုဖြစ် လာတော့မှာပါ။

ဂျပန် - မြန်မာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ လာရောက် ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီတွေထဲ ဂျပန်ကုမ္ပဏီတွေက အများဆုံးဖြစ်ပါတယ်။

မကြာခင်ကလည်း ဂျပန်နိုင်ငံက ဒုတိယအကြီးဆုံးသမဏိစက်ရုံတစ်ခုဖြစ်တဲ့ JFE ကုမ္ပဏီက သီလဝါဇုန် မှာလာရောက်ရင်းနှှီးမြုပ်နှံပြီးတည်ဆောက်ရေးလုပ်ငန်းတွေစတင်နေပြီလည်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ