ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ခု ရေမရလို့ရပ်ဆိုင်းနေ

စစ်ကိုင်းတိုင်းကလေးမြို့အနီး က ရေခန်းနေတဲ့ရာဇဂြိုဟ် ဆည် ဓာတ်ပုံ မူပိုင် TAK
Image caption စစ်ကိုင်းတိုင်းကလေးမြို့အနီး က ရေခန်းနေတဲ့ရာဇဂြိုဟ် ဆည်

လက်ရှိ မြန်မာနိုင်ငံအတွင်း ထူးကဲပြင်းထန်တဲ့ ရာသီဥတုအခြေအနေနဲ့ လစဉ်ရေဝင်မှုနူန်းတွေ လုံးဝရပ်သွားတာကြောင့် ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ ခု ရပ်ဆိုင်းနေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မေလ ၂၇ ရက်နေ့က ပြည်သူလွှတ်တော်မှာ ထုတ်ပြောသွားပါတယ်။

အဲဒီ့ရပ်ဆိုင်းနေတဲ့ စီမံကိန်းတွေကတော့ ဇောင်းတူ၊ မုန်း၊ ဖြူးချောင်း၊ မြစ်သာ၊ ရာဇဂြိုဟ်၊ တာပိန် တို့ဖြစ်ပြီး လျှပ်စစ် ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ဘူးလို့လည်း လျှပ်စစ်နဲ့ စွမ်းအင် ဒုတိယဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံအတွင်း လျှပ်စစ်အားထုတ်လုပ်နိုင်တဲ့ ပမာဏဟာ မီဂါဝပ် ၄၀၀၀ ခန့်ရှိ ပြီး ရေအားလျှပ်စစ်က ၅၂ ရာခိုင်နူန်းခန့် ပါဝင်နေပါတယ်။

နှစ်စဉ် နွေရာသီမှာ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ ရေအားလျော့နည်းလို့ ထုတ်လုပ်မှုတွေ လျော့နည်းလေ့ရှိပြီး၊ အခြားစီမံကိန်းတွေဟာလည်း တစ်ရက် ကို ၂နာ ရီ ကနေ ၄ နာရီ ခန့် သာ ထုတ်လုပ်နိုင်မူရှိတယ် လို့လည်းလျှပ်စစ်နဲ့ ဒေါက်တာထွန်းနိုင်က ပြောသွားပါတယ် ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခြားစီမံ ကိန်းတွေဟာလည်း တစ်ရက် ကို ၂နာ ရီ က နေ၄ နာရီ ခန့် သာထုတ်လုပ်နိုင်မူရှိတယ်

မြန်မာနိုင်ငံမှာ ၁ဝ မီဂါဝပ် အထက် ထုတ်နိုင်တဲ့ ရေအားလျှပ်စစ်ထုတ် စက်ရုံကြီး ၂၇ ရုံ၊ ၁ဝ မီဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ စစ်တမ်းတွေက ဆိုပါတယ်။

ADB ရဲ့ ဆန်းစစ်ချက်အရ အဲဒီရေအားလျှပ်စစ် စက်ရုံတွေ စုစုပေါင်းကနေ မီဂါဝပ် ၃ ထောင် စွန်းစွန်း ထုတ်တယ်လို့ ဆိုပါတယ်။

ဓာတ်ငွေ့သုံး စက်ရုံပေါင်း ၂ဝ ကနေ မီဂါဝပ် ၁၈ဝဝ ကျော် ရပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ တစ်ခုတည်းသော ကျောက်မီးသွေးသုံး စက်ရုံကနေ ၁၂ဝ မီဂါဝပ် ရပါတယ်။ ဒီတော့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ စုစုပေါင်းဟာ ၃၃ဝဝ လောက် ရှိပြီး ၂ဝ၁၉ လိုအပ်ချက် ပြည့်မီဖို့ဆို အနည်းဆုံး ၁၅ % တိုးထုတ်ဖို့ လိုတယ်ဆိုပြီး တွက်ဆ ထားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဆိုရင် ရေအားလျှပ်စစ် စက်ရုံတွေကို အကြီးစား ပြင်ဆင်ဖို့ လိုတယ်ဆိုပြီး မေလ ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

မှီခိုနေရတဲ့ ရေအားလျှပ်စစ် စက်ရုံတွေထဲမှာ မပြင်ဆင်ပဲ အနှစ် ၃ဝကျော် ထိအောင် မောင်းထားတဲ့ စက်မျိုးတွေ ရှိနေတဲ့ အတွက် စက်ချို့ယွင်းပြီး လျှပ်စစ်ထုတ်နိုင်စွမ်းလည်း ကျဆင်း ခဲ့တာလို့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဌာနဘက်က လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။

ပြင်ဆင်စရိတ်ရဖို့ ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ AFD ဆီကနေ ယူရို ၃၅ သန်းခွဲကျော် ချေးယူခွင့် ပေးပါဆိုပြီးတော့လည်း ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က မေလ ၁ ရက်နေ့က လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Yin Min Hlaing FB
Image caption ကလေး ဂန့်ဂေါ် ဟားခါး မြို့တွေကို မီးပေးနေတဲ့ မြစ်သာရေအားလျှပ်စစ်စီမံကိန်း

လျှပ်စစ်ထုတ်လုပ်မှု ပမာဏရဲ့ ထက်ဝက်လောက်ကို ရန်ကုန်တိုင်းက သုံးစွဲတာဖြစ်ပြီး၊ မန္တလေးက ၁၈% နီးပါး သုံးစွဲတယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကတော့ တခြားနေရာတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းပါးနေတာ တွေ့ရပါတယ်။

လျှပ်စစ်မီးတွေ သုံးနေတဲ့ နေရာဒေသတွေမှာတော့ တစ်နှစ်ထက်တစ်နှစ် ဓာတ်အားပမာဏ လိုအပ်ချက်တွေ တိုးမြင့်လာနေတာကြောင့်၊ မီးပြတ်တယ်ဆိုတဲ့ ပြဿနာဟာ အဲဒီ ပမာဏကို ပြည့်မီအောင် မဖြည့်ဆည်း နိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ကတော့ လက်ရှိ လျှပ်စစ်ထုတ်လုပ်ခြင်း ကို ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး နဲ့ အခြားရင်းမြစ်တွေကို မျှတစွာ ပါဝင် ထုတ်လုပ်မှသာ သက်သာပြီး အရည်သွေးကောင်းတဲ့ လျှပ်စစ် ရနိုင်မယ်လို့ ပြည်သူလွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

အခု ရပ်ဆိုင်းထားရတဲ့ ဇောင်းတူ၊ ဖြူးချောင်းတို့ က ပဲခူးတိုင်းထဲက ဖြစ်ပြီး ရာဇဂြိုဟ်ကတော့ စစ်ကိုင်းတိုင်းထဲ ကဖြစ်ပါတယ်။ မြစ်သာ၊ မုန်းချောင်း ကတော့ မကွေးတိုင်းထဲက ဖြစ်ပြီး တာပိန်ကတော့ ကချင်ပြည်နယ် ထဲက ဖြစ်ပါတယ်။