ရခိုင်ပြည်နယ်အခြေစိုက်စစ်တိုင်းတိုင်းမှူး ပြောင်းလဲ

တိုက်ပွဲ တွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အခြေစိုက်စစ်တိုင်းမှာ ပြောင်းလဲတာဖြစ်ပါတယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲ တွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အခြေစိုက်စစ်တိုင်းမှာ ပြောင်းလဲတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် စစ်တိုင်းဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူး အပြောင်းအလဲ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

"စစ်ဆင်ရေးလိုအပ်ချက်အရ ဟိုဖက်ဒီဖက် ချိန်းလိုက်တာပဲဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးတာဝန်ကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်က တာဝန်ယူမှာဖြစ်ပါတယ်။

Image caption အေအေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်ရပ်လက်မှတ် ထိုးဖို့ ကိစ္စ က တော့ ဆွေးနွေးမဲ့ နေရာမသတ်မှတ်နိုင် သေးပါဘူး

ဗိုလ်ချုပ်စိုးတင့်နိုင်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကမှ စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုံးက အနောက်ပိုင်းတိုင်းတိုင်းမှူး နေရာက ဗိုလ်ချုပ် မောင်မောင်စိုးကို ဖယ်ရှားပြီး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို အစားထိုး ခန့်ထားလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေထဲက စာသင်ကျောင်းပေါင်း ၅၀ ကျော်ဟာ ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ပြန်ဖွင့်နိုင်မယ့် အနေအထားမရှိသလို ကျောင်းသား၊ ကျောင်းသူ ၅ ထောင်လောက်ဟာလည်း စစ်ဘေးရှောင်စခန်းတွေထဲ ရောက်နေလို့ ပညာသင်ကြားရေးမှာ အခက်အခဲတွေ ဖြစ်နေကြရပါတယ်။

စစ်ဘေးရှောင်စခန်းတွေဟာ ရသေ့တောင်မြို့နယ်မှာ ၃၆ ခု၊ မြောက်ဦးမှာ ၃၁ ခု၊ ဘူးသီးတောင်မှာ ၁၂ ခု အပါအဝင် မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၀၅ ခု ရှိနေပါတယ်။

အေအေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်ရပ်လက်မှတ် ထိုးဖို့ ကိစ္စ ဖြစ်လာနိုင်လား ဆိုတာကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူ တိတိကျကျ မသိဘူးလို့ ဖြေဆိုသွားပါတယ်။