အင်းဒင်ရွာ လူသတ်မှု - ထောင် ၁ နှစ် မပြည့်ခင်ကို တပ်မတော်သားတွေ စောလွတ်ခဲ့

အင်းဒင် ဓာတ်ပုံ မူပိုင် Reuters
Image caption ၁ဝ လောင်းပြိုင် သတ်ခံခဲ့ရတဲ့ အင်းဒင်အမှု

အင်းဒင်ရွာ အစုလိုက် လူသတ်မှုထဲ ပူးပေါင်းပါဝင် ခဲ့တဲ့ အတွက် ထောင် ၁ဝ နှစ် ချခံထားရတဲ့ တပ်မတော်သား ၇ ယောက်ကို အကျဉ်းထောင်ထဲ ထိန်းသိမ်းထားတာ ရှိ မနေဘူး ဆိုပြီး အကျဉ်းဦးစီး တာဝန်ရှိသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အကျဉ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေက အဲဒီလို ပြောပေမယ့် ကာကွယ်ရေး ဝန်ကြီး ဌာနကတော့ အဲဒီ ၇ ယောက်ကို ထောင်ကနေ လွှတ်ပေးခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အချက်အပေါ် အတည်ပြုဖို့ ငြင်းဆန်ပါတယ်။

ဒါ့ကြောင့် အဲဒီ ၇ ယောက်ဟာ ဘယ်သူက ပေးတဲ့ လွတ်ငြိမ်းခွင့်ရလို့ ဘယ်တုန်းက လွတ်သွားခဲ့ကြလည်း ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်း ဖြေဆိုတဲ့အထဲ အဲဒီ ၇ ယောက်ကို စစ်တရားရုံးက ပြစ်ဒဏ် ချခဲ့တာ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ စစ်ဘက် အယူခံ တရားရုံးမှာ အယူခံ တက်တာ ဖြစ်စေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာ တင်တာဖြစ်စေ အကျဉ်းသား တွေဘက်က ဆောင်ရွက် နိုင်တယ်လို့ စစ်ဘက် တရားစီရင်ရေး စနစ် အကြောင်း ရှင်းပြ ခဲ့ပါတယ်။

Image caption စစ်ဘက် အယူခံရုံး ရှိကြောင်း ပြောတဲ့ စစ်ဥပဒေရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်း

ဘယ်တုန်းကလွတ်တာလဲ

အဲဒီ ၇ ယောက် ဟာ ထောင်ကျတာ တစ်နှစ် မပြည့်ခင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက လွတ်မြောက်ခဲ့ပြီး ဖြစ်တယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးလာခဲ့ပါတယ်။

ဒါ့ကြောင့် (မေ ၂၇ ရက်၊ ၂ဝ၁၉) တနင်္လာနေ့ မှာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနတွေ ပူးတွဲပြီး လုပ်တဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်များ အကြောင်း ရှင်းပြတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်းဒင် အမှု တရားခံတွေ အဖြစ် ထောင်ချ ထားသူတွေ ရဲ့ အကြောင်း သတင်းထောက်တွေက မေးမြန်းလာတာ ဖြစ်ပါတယ်။

အဲဒီ ၇ ယောက် ထောင်ထဲ မရှိတော့တာ လအတန်ကြာပြီလို့ စစ်တွေထောင် တာဝန်ရှိသူ တစ်ယောက်က ပြောတယ်ဆိုပြီး ရိုက်တာက ဆိုပါတယ်။

ထောင် ၁ဝ နှစ် ပြစ်ဒဏ်ကို တပ်မတော်ဘက်ကပဲ ပြန်လည် လျှော့ပေါ့ ပေးခဲ့တာ ဖြစ်တယ်လို့ နေပြည်တော်က အရာရှိ တစ်ဦးက ပြောတယ် ဆိုပြီးတော့လည်း ရိုက်တာက ရေးသားပါတယ်။

အဲဒီလို တပ်မတော် သား ၇ ယောက် ပြန်လွတ်မြောက်ခဲ့ပြီး ဖြစ်တယ် ဆိုတာကို အစိုးရရော၊ တပ်မတော်ဘက်ကပါ တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ရိုက်တာက တယ်လီဖုန်းကနေ တဆင့် စကားပြောဆို ဆက်သွယ်နိုင်ခဲ့သူတွေထဲ ၇ ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ဇင်ပိုင်စိုး ဆိုသူလည်း ပါဝင်ပြီး အဲဒီသူက သူ ထောင်ထဲကနေ လွတ်မြောက် ခဲ့တယ် ဆိုတဲ့ အချက်ကို အတည်ပြုတာကလွဲပြီး အသေးစိတ် အချက်တွေ ပြောဆိုဖို့ကိုတော့ ငြင်းဆန်ခဲတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ကို ပါးစပ်ပိတ် နေခိုင်းထားတာတယ်" လို့ ဇင်ပိုင်စိုးရဲ့ စကားကို ရိုက်တာက ကိုးကား ရေးသားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်ရွာ လူသတ်မှုထဲပါတဲ့ အရပ်သားတွေကို ပြန်လွှတ်တာမျိုး မကြားရသေး။

အင်းဒင်ရွာ ၁ဝ လောင်းပြိုင် သတ်မှု

ရိုက်တာ သတင်းထောက်တွေ အဖမ်းခံလိုက်ရတဲ့ အတွက် သူတို့ ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အင်းဒင်ရွာ လူသတ်မှု အကြောင်းလည်း ကမ္ဘာ့သတင်း စာမျက်နှာတွေထက် နေရာယူ လွှမ်းမိုး ခဲ့ပါတယ်။

အစိုးရ နယ်ခြားစောင့် ရဲကင်းတွေ ချိန်ကိုက် အတိုက်အခိုက် ခံခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တန်ပြန်လုပ်ခဲ့တဲ့ နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ မွတ်ဆလင် အရပ်သားတွေကိုပါ ပစ်မှတ် ထားခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

မောင်တော မြို့နယ်ထဲက အင်းဒင်ရွာမှာ ၂ဝ၁၇ စက်တင်ဘာအတွင်း ၁ဝ လောင်းပြိုင် သတ်ခံခဲ့ရမှုဟာ အစိုးရတပ်ရဲ့ အင်အား အလွန်အကျွံ သုံးခဲ့တာတွေရဲ့ အထောက်အထားပဲ ဆိုပြီးတော့လည်း နိုင်ငံတကာ ဝေဖန်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီး ခဲ့သလို၊ တစ်ဘက်မှာလည်း အင်းဒင်ရွာ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို တပ်မတော်ဘက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းကို ဦးဆောင်စေပြီး စုံးစမ်းရေး အဖွဲ့ဖွဲ့ ခဲ့ပါတယ်။

အဲဒီ အဖွဲ့ရဲ့ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး လူသတ်မှုထဲ ပူးပေါင်း ပါဝင်ခဲ့မှုနဲ့ အရာရှိ ၄ ယောက်နဲ့ တခြားအဆင့် စစ်သည် ၃ ယောက်၊ ပေါင်း ၇ ယောက်ကို စစ်ခုံရုံးက ထောင် ၁ဝ နှစ် ချ ပြီး အရပ်ဘက် အကျဉ်းထောင်ကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်ထဲ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ရိုဟင်ဂျာ အရပ်သားတွေကိုပါ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မလုပ်ခဲ့ဘူး ဆိုပြီး တပ်မတော်ဘက်က အစဉ်တစိုက် ငြင်းပယ် နေခဲ့မှု ပထမဦးဆုံး အကြိမ် ကျိုးပျက် သွားခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့အရေးကမ္ဘာ့အရေး သတင်းလွတ်လပ်ခွင့် နဲ့ နိုင်ငံလျှို့ဝှက်ချက်

နိုဝင်ဘာ လွတ်မြောက်မှု

အဲဒီ အရာရှိ စစ်သည် ၇ ယောက်ကို တပ်က ထုတ်ပယ် ထောင်ချပြီး သူတို့ကို စစ်တွေ အကျဉ်းထောင်ထဲ ထိန်းသိမ်းခဲ့ပါတယ်။

ထောင်ထဲမှာ အဲဒီ ၇ ယောက်ကို လူသိများတယ်လို့ စစ်တွေထောင်ထဲ အဲဒီသူတွေနဲ့ တချိန်တည်း ရှိနေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

အဲဒီ အကျဉ်းသားဟောင်းတွေရဲ့ အဆိုအရ ထောင်ထဲမှာပေမယ့် အဲဒီ တပ်မတော်သားဟောင်းတွေ အနေနဲ့ အစားအသောက် မဆင်းရဲလှပဲ အများ မရနိုင်တဲ့ အခွင့်အရေးမျိုးတွေ ရခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ အပြင် သူတို့ကို တပ်မတော် အရာရှိတွေက လာတွေ့တာမျိုး ရှိခဲ့ပြီး၊ ၂ဝ၁၈ နိုဝင်ဘာလမှာတော့ စစ်ကားနဲ့ တခါတည်းခေါ်ထုတ် သွားခဲ့တယ်လို့ လည်း စစ်တွေထောင် အကျဉ်းသားဟောင်းတွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အယူခံ အဆင့်ဆင့် အငြင်း ခံခဲ့ရပြီး သမ္မတ လွတ်ငြိမ်းခွင့်နဲ့မှ ပြန်လွတ်ခဲ့တဲ့ သတင်းထောက်တွေ

အင်းဒင်ရွာ လူ အစုလိုက် သတ်မှုမှာ အရပ်သားထဲကဆို အင်းဒင်ရွာခံ ကျောင်းဆရာ ဦးတင်အေး လည်း ထောင် ၅ နှစ် ချခံ ထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကျောင်းဆရာတော့ အခုထိ ဘူးသီးတောင် အကျဉ်းထောင်ထဲ ရှိနေတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်ဝင်းက ရိုက်တာကို ဖြေဆိုပါတယ်။

အင်းဒင်ရွာမှာ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် အသတ်ဖြတ် ခံခဲ့ရမှုကို ဖော်ထုတ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ ထောင်ထဲမှာ ၁၆ လ ကျော် နေခဲ့ရပြီး၊ အယူခံ အဆင့်ဆင့်လည်း အငြင်းပယ် ခံခဲ့ရပါတယ်။ နောက်ဆုံး ပြီးခဲ့တဲ့ မေလဆန်းမှာ သမ္မတရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရိုက်တာသတင်းထောက် တွေလွတ်လာ