ရခိုင်ပြည်နယ်တိုက်ပွဲ - အေအေနယ်မြေလိုချင်ရင် လိုင်ဇာမှာဆို ဖြစ်ကောင်းဖြစ်နိုင်မယ် လို့ တပ်မတော်ပြော

အေအေ ဓာတ်ပုံ မူပိုင် AA Informationn
Image caption အေအေကို ကချင် ကေအိုင်အေ လိုင်ဇာမှာ စဖွဲ့ခဲ့

ရခိုင်ပြည်နယ်ထဲ ရခိုင်လက်နက်ကိုင် အေအေရဲ့ ထိန်းချုပ်နယ်မြေ အဖြစ် သတ်မှတ် ပိုင်းခြားပေးဖို့ မဖြစ်နိုင်ဘူး ဆိုပြီး တပ်မတော် ပြောခွင့်ရသူက တပ်မတော်ရဲ့ ရပ်တည်မှုကို ထပ်လောင်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ကို အဖြူရောင်နယ်မြေ အဖြစ် အစဉ်အဆက် သတ်မှတ်ခဲ့တာ ဖြစ်ပြီး၊ အေအေတွေ ဝင်ရောက်လာမှ တိုက်ပွဲ ဖြစ်လာခဲ့တာ ဖြစ်တဲ့ အတွက် အေအေထိန်းချုပ်မြေ အဖြစ် ပိုင်းခြား သတ်မှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ အေအေလက်နက်ကိုင်တို့ အကြား နှစ်ဘက် သဘောတူ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ဖို့ အလားအလာ အကြောင်း သတင်းထောက်တွေက မေးမြန်းတဲ့ အခါ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ထည့်သွင်း ပြောဆို သွားတာ ဖြစ်ပါတယ်။

အေအေလက်နက်ကိုင်တွေဟာ ( ကချင်လက်နက်ကိုင် ကေအိုင်ရဲ့ ဌာနချုပ် ဖြစ်တဲ့ ကချင်ပြည်နယ်) လိုင်ဇာမှာ အစပြုခဲ့တာ ဖြစ်တဲ့ အတွက် လိုင်ဇာမှာ ဆိုရင်တော့ အေအေရဲ့ ထိန်းချုပ်မြေ ဆိုပြီး သတ်မှတ်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်မယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

အေအေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်ရပ်လက်မှတ် ထိုးဖို့ ကိစ္စ ဖြစ်လာနိုင်လား ဆိုတာကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူ တိတိကျကျ မသိဘူးလို့ ဖြေဆိုသွားပါတယ်။

Image caption ရခိုင်ဟာ အဖြူရောင်မြေ ဖြစ်တယ်။

အပစ်ရပ် လက်မှတ်ထိုးဖို့ ဘယ်လောက်နီးစပ်လဲ

အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ အေအေ အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေကြား ဧပြီလကုန်တုန်းက မူဆယ်မှာ တွေ့ဆုံခဲ့ကြပြီး အခု မေလထဲ နောက်တစ်ကြိမ် ထပ်တွေ့ကြမယ့် အစီအစဉ်ကတော့ ကြန့်ကြာ နေပါတယ်။

ကြန့်ကြာနေတဲ့ အဓိက အကြောင်းက ဘယ်နေရာ ဘယ်မြို့မှာ တွေ့ကြမလဲ ဆိုတာကို ညှိမရ ဖြစ်နေကြတာလို့ နားလည်ရပါတယ်။

အေအေ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်တာမျိုး ရှိနေရင် မှဲ့တစ်ပေါက် မစွန်းစေရဘူး ဆိုပြီး တပ်မတော် ခေါင်းဆောင်တွေက အာမခံတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

ဧပြီ ၃ဝ ရက်၊ မူဆယ် ဆွေးနွေးပွဲကို ကြည့်ရင်တော့ တစ်ဖွဲ့ချင်းစီနဲ့ အစိုးရကြား ထိုးမယ့် အပစ်ရပ် စာချုပ် မူကြမ်းတွေ ရှိနေပြီလို့ နားလည်ရပါတယ်။

ဒါပေမယ့်၊ အဲဒီ စာချုပ်ပါ အချက်အလက်တွေကို နှစ်ဘက် ကိုယ်စီ သုံးသပ်ကြမှာ ဖြစ်သလို အစိုးရနဲ့ အစိုးရတပ်ဘက်က ဆုံးဖြတ်နိုင်ခွင့် ရှိသူတွေ ကိုယ်တိုင် နောက်တစ်ကြိမ် အစည်းအဝေး တက်ရောက်လာနိုင်တယ်လို့ မြောက်ပိုင်း အဖွဲ့တွေထဲက သတင်းရင်းမြစ်တွေက ပြောပါတယ်။

Image caption ရခိုင်ပြည်နယ်ထဲ အခြေချမယ်လို့ ကြွေးကြော်ထားတဲ့ အေအေ

လူအများစု အာရုံစိုက်ကြတာကတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ လပေါင်းများစွာ ကြာလာပြီ ဖြစ်တဲ့ အတွက် Bilateral Ceasefire Agreement လို့ ခေါ်တဲ့ နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေး စာချုပ်ကို အေအေ အဖွဲ့နဲ့ရော အစိုးရက လက်မှတ်ထိုးမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေကို ကြည့်ရင်တော့ နောက်တစ်ကြိမ် အစည်းအဝေး ဘယ်မှာ ကျင်းပမှာလဲ ဆိုတဲ့ သဘောတူမှုကို ရမလာသေးသလို၊ ဧပြီ ၃ဝ ရက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ကျန် ၃ ဖွဲ့ဖြစ်တဲ့ ကချင် KIA၊ တအာင်းပလောင် TNLA နဲ့ ကိုးကန့် MNDAA အဖွဲ့တွေ NCA ထဲ ဝင်နိုင်အောင် လမ်းဖွင့် ပေးတဲ့ အနေနဲ့ အပစ်ရပ် ကာလ ၂ လ တိုးမြှင့်ပေးလိုက်တယ်လို့ ဆိုထားပါတယ်။ အေအေ အကြောင်းကိုတော့ ထည့် မပြောသလို၊ အပစ်ရပ် စစ်တိုင်းတွေထဲမှာလည်း ရခိုင်ပြည်နယ် မပါဝင်ပဲ ရှိနေဆဲ ဖြစ်ပါတယ်။

အေအေရဲ့ ရပ်တည်ချက်

Bilateral ထိုး ဖြစ်မလား ဆိုတာ ပြောဖို့ စောသေးတယ်လို့ အေအေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒီ အပစ်ရပ်စာချုပ်ကို အစိုးရကိုယ်စားလှယ်တွေနဲ့ ဘယ်နည်းဘယ်ပုံ ဆွေးနွေးကြမလဲ ဆိုတာကို မြောက်ပိုင်း အဖွဲ့တွေကြား တိုင်ပင်နေကြတာမျိုး ရှိတယ်လို့တော့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AA Info
Image caption အပစ်ရပ် လက်မှတ်ထိုးဖြစ်မလား ပြောဖို့ စောသေးတယ်။

လက်ရှိ Bilateral မထိုး ထားပေမယ့် အစိုးရ ထိုးစစ် ရှိမနေတဲ့ နယ်မြေတွေမှာ တိုက်ပွဲ မဖြစ်တာကြောင့် ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ အေးဆေး သွားဖို့ဆိုတာ အစိုးရတပ်ပေါ်မှာပဲ မူတည်တယ်ဆိုပြီး တော့လည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောပါတယ်။

အေအေ အဖွဲ့က ထပ်ပြန်တလဲလဲ ပြောထားတဲ့ ရက္ခိတလမ်းစဉ် ဆိုတဲ့ အေအေ မူဝါဒကို ကြည့်ရင် ရခိုင်ပြည်နယ်ထဲ အေအေ တပ် အခြေချနိုင်ရေးကို အဓိက အခြေခံထားပါတယ်။ တပ်မတော်ကလည်း ရခိုင်ပြည်နယ်ထဲ ဘယ်လို လက်နက်ကိုင် အဖွဲ့မျိုးကိုမှ အခြေချခွင့် မပြုနိုင်ဘူး ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားပါတယ်။

ဒီလို တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ကွဲလွဲနေတဲ့ မူဝါဒ ကိုယ်စီ ရှိကြတဲ့ အစိုးရတပ်နဲ့ အေအေကြား တကယ် အပစ်ရပ် စာချုပ်တစ်စောင် ရှိလာမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ တပ်နေရာချမှု နယ်မြေ သတ်မှတ်ပိုင်းခြားတာမျိုး အပစ်ရပ် စာချုပ်တွေထဲ ထည့်သွင်းလေ့ မရှိတာကို ရှိလက်စ တနိုင်ငံလုံး အဆင့်၊ ပြည်နယ် အဆင့် စာချုပ်တွေက ပြသနေပါတယ်။

ဒီလို တပ်နေရာချမှုနဲ့ ပတ်သက်ပြီး အတိတကျ သဘောတူမှု မရှိတဲ့ အတွက် လက်မှတ်ထိုး အဖွဲ့တွေနဲ့ အစိုးရတပ်ကြားမှာကို ထိတွေ့ ပစ်ခတ်မှုတွေ၊ တိုက်ပွဲငယ်တွေ ပေါ်ပေါက်လေ့ ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော၊ စစ်ရေး သုံးသပ်သူတွေကပါ ပြောဆိုလေ့ ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ရခိုင်ပြည်နယ် လက်ရှိ အခြေအနေ

ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်လက်ရှိနေသလို လုံခြုံရေး အာဏာပိုင်တွေရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေ၊ အရပ်သား သေဆုံးမှု ပျောက်ဆုံးမှုတွေ ဆက်ပြီး ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကျောက်တော်မြို့နယ် မင်းသားတောင်ရွာက ဦးကျော်လှိုင် ၄၃ နှစ် ဆိုရင် စစ်တပ်က ဖမ်းဆီးတာ ခံခဲ့ရပြီး၊ ရဲစခန်းကို စစ်တပ်ကနေ လွှဲပေးတဲ့ အချိန်မှာ ဒဏ်ရာတွေနဲ့ သတိလစ် နေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မေလ ၂၅ ရက်မှာ ကျောက်တော် ဆေးရုံကို ရောက်လာပြီး နောက်တစ်ရက် နေ့လယ်ပိုင်းမှာ ဦးကျော်လှိုင် သေဆုံးသွားပါတယ်။

ကျောက်တော်မြို့နယ်ထဲက နောက်သီးခြား ဖြစ်ရပ် တစ်ခုမှာလည်း စပါးဆိပ်ရွာက အသက် ၇၅ နှစ် အရွယ် ဦးစံချေလှ ပျောက်ဆုံး နေတယ်လို့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာနား မေလ ၂၂ ရက်နေ့က အေအေနဲ့ အစိုးရတပ် တိုက်ပွဲ ဖြစ်ကြတုန်းကလည်း မသင်္ကာဖွယ် ရွာသား နှစ်ယောက်ကို ဖမ်းမိထားတယ်လို့ အနောက်ပိုင်းတိုင်း ပြောခွင့်ရသူက ဘီဘီစီကို အတည်ပြုထားပါတယ်။ အဲဒီနှစ်ယောက်ဟာ မသန်းစွမ်းသူတွေ ဖြစ်ကြပြီး အခုချိန်ထိအောင် သူတို့နဲ့ အဆက်အသွယ်မရသေး၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော