တပ်သိမ်းမြေတွေ ပြန်တောင်းပေမယ့် သင့်မြတ်ရေးလမ်းကနေ မသွေဖီဘူးလို့ မကွေးဝန်ကြီးချုပ်ပြော

ဒေါက်တာအောင်မိုးညို ဓာတ်ပုံ မူပိုင် MOI
Image caption တပ်မတော်နဲ့ကြား သင့်မြတ်ရေးကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ လုပ်ဆောင်နေတယ်

စစ်တပ်ရှိရာ ပတ်ဝန်းကျင်မှာ မဟုတ်ပဲ တခြားနေရာက မြေကို တပ်ပိုင်မြေ အဖြစ် သိမ်းထားတယ်ဆိုရင် ပြန်ရအောင် တောင်းမယ် ဆိုပြီး မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

တပ်သိမ်းမြေ ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး မကွေးဝန်ကြီးချုပ်က အစိုးရရဲ့ မူဝါဒကို ထပ်လောင်း ရပ်တည် ပြောဆိုတာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူ မြို့နယ် ထဲက တပ်သိမ်းမြေ နေရာတစ်ခုနဲ့ ပတ်သက်ပြီး မကွေး ဝန်ကြီးချုပ် ပြောဆိုခဲ့တာတွေဟာ နိုင်ငံတော်ရဲ့ ရင်ကြားစေ့ရေး မူဝါဒနဲ့ ကွဲလွဲနေတယ် ဆိုပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ဝေဖန်ခဲ့တဲ့ အပေါ် ဒေါက်တာ အောင်မိုးညို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလို မူဝါဒ ကိုင်စွဲတာနဲ့ တချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အင်အားစု ဖြစ်တဲ့ တပ်မတော်နဲ့ကြား သင့်မြတ်ရေးကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ လုပ်ဆောင်နေတယ်လို့ ဒေါက်တာ အောင်မိုးညိုက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးမူ

သူ့ရဲ့ ရပ်တည်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ "အမျိုးသား ရင်ကြားစေ့ရေး"နဲ့ ထပ်တူ ဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုက ဆိုပါတယ်။

"အစ်မ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အတိုင်းပဲ၊ သူ့ခမျာ တပ်ဘက်ကနေ လိုက်ပြီး အကာအကွယ်ပေးလို့ ဘယ်လောက်တောင်မှ အပြစ်ပြော ခံနေရလည်း ဆိုတာ သိတဲ့ အတိုင်းပဲ၊ ဟုတ်တယ်မလား။" ဆိုပြီး ဒေါက်တာ အောင်မိုးညိုက ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့မှုတွေကြောင့် တပ်မတော် တာဝန်ရှိသူတွေ အပေါ် အရေးယူမယ် ဆိုပြီး နိုင်ငံတကာရဲ့ ပြစ်တင် ပြောဆိုမှု၊ ဖိအားပေးမှုတွေ ကြီးကြီးမားမား ရှိနေချိန် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီအရေး နှုတ်ဆိတ်နေတယ် ဆိုပြီး တပါတည်း အဝေဖန် ခံနေရတဲ့ အနေအထားကို ဒေါက်တာ အောင်မိုးညို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Magway Regional Government
Image caption အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မကွေး ခရီးစဉ်

ဒါပေမယ့် မြေသိမ်းယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီး နစ်နာသူ တောင်သူတွေ၊ မူလပိုင်ရှင်တွေ လက်ထဲ ပြန်ရောက်အောင် လုပ်ဆောင်ရေးဟာ နိုင်ငံတော် အစိုးရရဲ့ မူဝါဒပဲ ဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုက ဆိုပါတယ်။

ဒါ့ကြောင့် ဗဟိုအဆင့် အစိုးရရဲ့ မူဝါဒ အတိုင်း ဒေသန္တရ အစိုးရ အဖွဲ့ကို ဦးဆောင်နေတဲ့ သူ့ အနေနဲ့လည်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါက်တာအောင်မိုးညိုက ဆိုပါတယ်။

တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် စစ်တပ်နဲ့ တဆက်တစပ်တည်း မရှိပဲ၊ တပ်ကတနေရာ သိမ်းထားတဲ့ မြေက တနေရာ ဖြစ်နေရင် ရအောင်ပြန်တောင်းမယ်လို့ ဒေါက်တာအောင်မိုးညိုက ပြောတာ ဖြစ်ပါတယ်။

ဒေါက်တာ အောင်မိုးညိုကို တပ်က ဘာ့ကြောင့် ဝေဖန်ခဲ့လဲ

သိမ်းဆည်းမြေတွေမှာ စိုက်တာပျိုးတာတွေ အပေါ် တပ်အနေနဲ့ မှီခိုစရာမလိုပဲ အိမ်သာသုံး စက္ကူကအစ တပ်ကို လိုအပ်တာတွေ ပေးထားပြီး ဖြစ်တယ်လို့ ဒေါက်တာ အောင်မိုးညိုက မေလ ၁၄ ရက်၊ ၂ဝ၁၉ တုန်းက လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ခဲ့တာဟာ ကာကွယ်ရေး ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေကို မကျေမနပ် ဖြစ်သွားစေပါတယ်။

မကွေး ဝန်ကြီးချုပ်ရဲ့ ပြောဆိုပုံဟာ တပ်နဲ့ ပြည်သူအကြား ရန်တိုက်တာပဲလို့ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက မေ ၂၇ သတင်းစာ ရှင်းလင်းပွဲမှာ တုံ့ပြန် ဝေဖန်ပါတယ်။

၂ဝ၁၃-၁၄ က စပြီး သိမ်းဆည်းမြေတွေကို တတ်နိုင်သလောက် တပ်က စွန့်လွှတ် နေခဲ့တာမှာ ဧက နှစ်သိန်းခုနှစ်သောင်းကျော် ရှိနေပြီလို့ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption တပ်က ပြန်အပ်နေတာ ဧက နှစ်သိန်းခုနှစ်သောင်းကျော် ရှိပြီ

တပ်ပိုင် အဖြစ် ဆက်လက် သိမ်းဆည်းထားတဲ့ မြေတွေဆိုရင်လည်း သီးစားချတာတွေ၊ အကျိုးတူလုပ်တာတွေ မလုပ်တဲ့ မူဝါဒ၊ လုံခြုံရေးနဲ့ လေ့ကျင့်ရေး အတွက် လိုအပ်တဲ့ အနည်းဆုံး ပမာဏကိုပဲ ရယူတဲ့ မူဝါဒ၊ တပ်မြေနဲ့ တဆက်တည်း မရှိတဲ့ နေရာတွေ ဆိုရင်လည်း တပ်က တိုက်ရိုက် အသုံးပြုတဲ့ မူဝါဒ စတာတွေ ချမှတ်ထားတယ်လို့လည်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ရှင်းလင်းခဲ့ပါတယ်။

ဒါ့ကြောင့် တပ်မြေနဲ့ တဆက်တည်း မရှိတဲ့ မြေ ဆိုရင် ပြန်ရအောင်ယူမယ် ဆိုတဲ့ မကွေး ဝန်ကြီးချုပ်ရဲ့ စကားနဲ့ တဆက်တည်း မရှိလည်း တပ်မြေ အဖြစ် ဆက်လက် သိမ်းထားရလည်း ဆိုတဲ့ အကြောင်းပြချက် ရှိနေတယ် ဆိုတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား ကွဲလွဲနေတာကို တွေ့ရပါတယ်။

အရှေ့တောင်အာရှမှာ အကျယ်ဆုံး စံချိန်တင် စက်ပစ်ကွင်း

အခုလို မကွေးတိုင်း အစိုးရ ဝန်ကြီးချုပ်နဲ့ တပ်မတော်ကြား သဘောထားချင်း ကွဲလွဲ နေတဲ့ တပ်သိမ်းမြေဟာ ၁၉၉ဝ ပြည့်ကျော် နှစ် ကတည်းက လက်နက်ကြီး ပစ်ခတ် စမ်းသပ်တာတွေ လုပ်ဖို့ တပ်က မကွေး အနောက်ဘက်ကမ်း ပွင့်ဖြူနယ်ထဲ သိမ်းထားတဲ့ မြေနေရာ ဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ်ထဲ ဖြတ်သန်းသွားတဲ့ ပုသိမ်-မုံရွာလမ်းနဲ့ မင်းဘူး-အမ်း လမ်းဆုံမှာ ရှိပါတယ်။

မင်းဘူး အခြေစိုက်တပ်က ပွင့်ဖြူမှာ တပ်ပိုင်မြေ ထားရှိတာကို စွန့်လွှတ်ဖို့ ဒေါက်တာ အောင်မိုးညိုက တောင်းဆို နေခဲ့တာ ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြီးခဲ့တဲ့ ၂ဝ၁၇ ဩဂုတ်လ အစည်းအဝေးမှာ ကတည်းက ငြင်းပယ် ထားခဲ့ပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ်ရော ကာကွယ်ရေး ဝန်ကြီးပါ ရှိနေခဲ့တဲ့ အဲဒီ အစည်းအဝေးဟာ ပြည်ထဲရေး ဝန်ကြီးဌာနမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဖြစ်ပါတယ်။

တပ်ပိုင်မြေ အဖြစ် စွန့်လွှတ်ဖို့ မကွေးတိုင်းဝန်ကြီးချုပ်က တိုက်တွန်းတဲ့ အဲဒီ နေရာဟာ လက်နက်ကြီး စမ်းသပ်ပစ်ခတ်ဖို့ အရှေ့တောင် အာရှမှာ အကျယ်ဆုံး စံချိန်တင် စက်ပစ်ကွင်း ဖြစ်ပြီး၊ အရပ်သားတွေ မထိခိုက်စေဖို့ လုံလောက်တဲ့ ပမာဏမျိုး အထိ သိမ်းထားတာလို့ ကာကွယ်ရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

စမ်းသပ်လေ့ကျင့်တာတွေ မလုပ်တဲ့ အချိန်မှာလည်း တပ် ရိက္ခာ ဖူလုံရေး အတွက် အဲဒီ နေရာမှာ လယ်လုပ်နေတယ်လို့လည်း ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Global Witness
Image caption ပြန်စွန့်မြေ တောင်သူလက်ထဲ ရောက်ဖို့လည်း ကြန့်ကြာ

တပ်က စိုက်ပျိုးမြေ ဘာလို့ လိုတာလဲ

ရဲတပ်ဖွဲ့အနေနဲ့ အဖွဲ့ဝင် တစ်ဦး ရိက္ခာအဖြစ် သုံးငွေ တစ်ထောင့်ရှစ်ရာကျပ် အထိ နိုင်ငံတော် ဘတ်ဂျက် ကနေ ရနေချိန်မှာ ၊ စစ်တပ်အနေနဲ့ ရိက္ခာ အစိုအခြောက် အတွက် တစ်ရက်ကို တစ်ထောင့်သုံးရာ ကနေ ပိုမတောင်းပဲ လောက်ငအောင် ဖန်တီး နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးက ဆိုခဲ့ပါတယ်။

တကယ်လို့ ၁၈ဝဝ နှုန်း တပ်မတော်ကပါ ပိုတောင်းလာရင် နိုင်ငံတော် ဘတ်ဂျက် ကျပ် ခုနှစ်ဆယ့်နှစ် ဘီလီယံပို လာနိုင်ပြီး၊ ငွေကြေးဖောင်းပွတဲ့ ပြဿနာမျိုး နောက်ဆက်တွဲ ဖြစ်လာနိုင်တယ်လို့လည်း ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောခဲ့ပါတယ်။

တပ်က ကိုယ့်ရိက္ခာကိုယ် စိုက်ပျိုးထုတ်လုပ်ပြီး ပိုလျှံတာကို အပြင်မှာ ရောင်းချတဲ့ အခါကုန်စျေးနှုန်းကို အထိုက်အလျှောက် ထိန်းပေးနိုင်တဲ့ သဘော ကာကွယ်ရေး ဝန်ကြီးက ဆိုခဲ့ပါတယ်။

အဲဒီလို အကျိုးသင့် အကြောင်းသင့် ရှင်းပြထားမှုတွေ အပေါ် မကွေး ဝန်ကြီးချုပ်က လျစ်လျူရှု မျက်ကွယ်ပြုပြီး အခု ဆက်လက်ပြီးတော့လည်း တစ်ဘက်သတ် အပြစ်ပြောနေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဝေဖန်နေတာ ဖြစ်ပါတယ်။

Image caption စစ်တပ်ကို စည်းရုံးတဲ့ ရင်ကြားစေ့ရေးလမ်း

အမျိုးသား ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး ဆိုတာ ဘာလဲ

မကွေး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကရော၊ တပ်မတော်ဘက်ကပါ အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ဝေါဟာရတွေ သုံးနှုံးပြီး အဲဒီ မူအတိုင်း သွားနေကြတယ်လို့ အသီးသီး ပြောကြပါတယ်။

အဲဒီလို သွားနေတဲ့ လမ်းကြောင်းကို ကြည့်ရင် နိုင်ငံရေးထဲ စစ်ဘက်လွှမ်းမိုးမှုကို လျှော့ချနိုင်ဖို့ တပ်မတော်ကို စည်းရုံးသိမ်းသွင်း နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းကို ထူထောင်သူတစ်ဦး ဖြစ်တဲ့ ကိုမြတ်သူက သုံးသပ်ပါတယ်။

စစ်အစိုးရ အဆက်ဆက်လက်ထက် နစ်နာခဲ့သူတွေ အတွက် တရားမျှတမှု ဖော်ဆောင်တာမျိုး၊ ဝန်ချတောင်းပန်တာမျိုးလို လုပ်ငန်းစဉ်တွေ ရှိမနေတဲ့ အကြောင်း ကိုမြတ်သူက ထောက်ပြပါတယ်။

တပ်ပိုင်မြေ ပြန်စွန့်တယ်ဆိုတာမျိုး တပ်မတော်ဘက်က လုပ်ဆောင်လာတာဟာ လူမှု အသိုင်းအဝိုင်းကြား social justice လို့ ခေါ်တဲ့ စီးပွားရေး အပါအဝင် တန်းတူညီမျှမှုတွေ ရှိအောင် ပြုပြင်လာတဲ့ ပုံစံတစ်ရပ် ဖြစ်ပေမယ့် စီးပွားရေး မမျှတမှုကို ဖြေရှင်းနိုင်ဖို့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

တပ်ပိုင်မြေ သိမ်းယူတဲ့ ပြဿနာသာမက ဦးပိုင်လို လုပ်ငန်းမျိုး ထူထောင်ပြီး စစ်တပ်က ဓနဥစ္စာပိုင်ဆိုင်မှု ထိန်းချုပ်ထားတဲ့အရေး ဖြေရှင်းရမှာတွေလို လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေသေးတယ်လို့လည်း ကိုမြတ်သူက ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ အနာဂတ် ဖက်ဒရယ် အရေးတို့နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ဘုံ သဘောတူမှုတွေ ရလာဖို့ ငြိမ်းချမ်းရေး ညီလာခံမျိုး ယန္တရား ဖော်ဆောင်ထားပေမယ့်လည်း တိုးတက်မှု နှေးကွေးနေတယ်လို့လည်း ကိုမြတ်သူက ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ စစ်တပ်နဲ့ကြား ညှိနှိုင်း အဖြေရှာရေး လမ်းကြောင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးလို ကိစ္စမျိုးတွေမှာပါတပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလာအောင် လုပ်ဆောင်နိုင်ရင်တော့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ဟာ အတိုင်းအတာတစ်ခု အထိ အောင်မြင်တယ်လို့ ဆိုနိုင်မယ်လို့ ကိုမြတ်သူက သုံးသပ်ပါတယ်။