ဦးဝီရသူ ရန်ကုန်လာရင် မျိုးချစ်တွေ ဝန်းရံမယ်

၂၀၁၈ အောက်တိုဘာလက တပ်မတော်ထောက်ခံဟောပြောပွဲတွင် ဦးဝီရသူကို ဟောပြောစဉ် ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ၂၀၁၈ အောက်တိုဘာလက တပ်မတော်ထောက်ခံဟောပြောပွဲတွင် ဦးဝီရသူကို ဟောပြောစဉ်

အမျိုးသားရေး ဆရာတော်လို့ အသိများတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူ ရန်ကုန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောခဲ့မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ လူမှုရေးကိစ္စတွေမှာ ပါဝင်မှုမရှိဖို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က မေလ ၃၀ရက်မှာ သြဝါဒပေးဖို့ ခေါ်ယူထားပါတယ်။

အဲဒီလို သြဝါဒခံယူဖို့ ဦးဝီရသူ ရန်ကုန်ကို လာရင် သူ့ကိုထောက်ခံတဲ့ အခြားပြည်နယ်နဲ့တိုင်းက မျိုးချစ် သံဃာတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေက ရန်ကုန်ကို လာရောက် ဝန်းရံကြမယ်လို့ မန္တလေးတိုင်း ရဟန်းပျိုများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးစန္ဒာသီရိက ဘီဘီစီကိုပြောပါတယ်။

ဦးဝီရသူက ရန်ကုန်ကို မေလ ၃၀ရက်နေ့ မတိုင်မီ လာရောက်ပြီး သံဃနာယကအဖွဲ့ရဲ့ သြဝါဒကို လာရောက်ခံယူဖို့ရှိတယ်လို့လည်း မန္တလေးမှာ ရှိနေတဲ့ ဦးစန္ဒာသီရိက ဘီဘီစီကို အတည်ပြုပါတယ်။

ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံရှေ့မှာ မေလ ၅ရက်နေ့က လုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲနဲ့ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲမှာ ဦးဝီရသူက လွှတ်တော်အတွင်းက စစ်သားတွေကို ဘုရားလို ကိုးကွယ်ကြလို့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဟောပြောမှုတွေ အပြီးမှာ ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၁၂၄ (က) နဲ့ မေလ ၂၈ရက်နေ့မှာ အမှုဖွင့်ထားပြီး ဝရမ်းထုတ်ပြန်ကာ ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ၂၀၁၈ အောက်တိုဘာလက တပ်မတော်ထောက်ခံဟောပြောပွဲတွင် ဦးဝီရသူကို ဟောပြောစဉ်

အဲဒီမတိုင်ခင် ဧပြီလ ၂၉ရက်နေ့ကလည်း တနင်္သာရီတိုင်း မြိတ်မြို့ကဟောပြောပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန် တိုက်ခိုက်ပြောကြားတာတွေ ရှိခဲ့ပါတယ်။

မြိတ်မြို့မှာ ဟောပြောခဲ့မှုနဲ့ ပတ်သက်ပြီးတော့လည်း ဦးဝီရသူကို အလားတူ ပုဒ်မ နဲ့ ပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက အမှုဖွင့်ထားတယ်လို့ ဦးစန္ဒာသီရိက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ဦးဝီရသူကို အမှုဖွင့်ထားတဲ့ ပုဒ်မက ငွေဒဏ်နဲ့တကွ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ တစ်ခုဖြစ်ပါ တယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ