ရိုက်တာသတင်းထောက်များ ပူလစ်ဇာဆု လက်ခံရယူ အပါအဝင် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာသတင်းထောက်များ ပူလစ်ဇာဆု လက်ခံယူ

ရိုက်တာသတင်းထောက်များ ပူလစ်ဇာဆု လက်ခံယူ

မကြာသေးခင်က အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မေ ၂၈ ရက်နေ့ အင်္ဂါနေ့ ညနေက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပူလစ်ဇာဆုကို လက်ခံ ရယူခဲ့ပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ ကိုလံဘီယာတက္ကသိုလ်မှာ ဆုချီးမြှင့်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ သူတို့လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း တိုက်တွန်းခဲ့ကြတဲ့ ကမ္ဘာ့ အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

နှစ်စဉ်သတင်းသမားတွေဟာ သူတို့ရဲ့ သတင်းလုပ်ငန်းတွေမှာ စွန့်လွှတ်စွန့်စား သတင်းရယူရင်း သူတို့ဘဝတွေကို စွန့်လွှတ်စတေးခဲ့ရတာတွေအတွက် ဂုဏ်ယူ အသိအမှတ်ပြုတယ်လို့ ဆုရသူတွေက ဆိုပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ရခိုင်ပြည်နယ် အင်းဒင်က လူ ၁၀ ဦး အသတ်ခံရတဲ့ သတင်းကို စုံစမ်းဖော်ထုတ် ရေးသားတာကြောင့် ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းရေးသားခြင်း ( International Reporting ) ခေါင်းစဉ်အောက်ကနေ ပူလစ်ဇာဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခုရရှိခဲ့တဲ့ ပူလစ်ဇာဆု နိုင်ငံတကာသတင်းရေးသားခြင်း ခေါင်းစဉ်အောက်မှာ ကိုဝလုံးတို့နဲ့အတူ အခြား ရိုက်တာက သတင်းထောက်တွေရေးသားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာအရေး သတင်းဆောင်းပါး ၁၀ပုဒ် ပါရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာအမှု ရက်ပေါင်း ၅၀၀ ကျော် အထင်ကရ ဖြစ်ရပ်များ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ကျမ်းကျိန်ဆိုပွဲ သမ္မတ ဦးဝင်းမြင့်တက်မယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဟာ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နရန်ဒရာမိုဒီ ၏ ဖိတ်ကြားချက်ကြောင့် အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် အနိုင်ရခဲ့ပြီးနောက် အခုတကြိမ် ကတော့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ နိုင်ငံရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် မိုဒီဦးဆောင်တဲ့ အာဏာရ ဘီဂျေပီ ပါတီဟာ ထပ်မံအနိုင်ရခဲ့တာကြောင့် နောက်ထပ် ငါးနှစ်သက်တမ်း အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

ဘီဂျေပီ ပါတီ နဲ့ သူ့မဟာမိတ်တွေဟာ လွှတ်တော်ကိုယ်စားလှယ် ၅၄၃ နေရာမှာ ၃၀၀ ကျော် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကလည်း တိုင်းပြည်ကို ခိုင်မာ တောင့်တင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံဖြစ်အောင် တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန္ဒိယ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီ အပြတ်အသတ်အနိုင်ရ

ဦးဝီရသူကို ရန်ကုန်တိုင်း သံဃနာယက အဖွဲ့က သြဝါဒပေးမယ်

အမျိုးသားရေးဆရာတော်လို့ လူသိများတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူကို ရန်ကုန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောခဲ့မှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လူမှုရေး ကိစ္စတွေမှာ ပါဝင်မှု မရှိဖို့ ရန်ကုန်တိုင်း သံဃနာယက အဖွဲ့က မေလ ၃၀ ရက်နေ့မှာ သြဝါဒပေးဖို့ ခေါ်ယူထားပါတယ်။

အဲဒီလို သြဝါဒခံယူဖို့ ဦးဝီရသူ ရန်ကုန်ကို လာရင် သူ့ကိုထောက်ခံတဲ့ အခြားပြည်နယ်နဲ့တိုင်းက မျိုးချစ် သံဃာတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေက ရန်ကုန်ကို လာရောက် ဝန်းရံကြမယ်လို့ မန္တလေးတိုင်း ရဟန်းပျိုများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးစန္ဒာသီရိက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံရှေ့မှာ မေလ ၅ရက်နေ့က လုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲနဲ့ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲမှာ ဦးဝီရသူက လွှတ်တော်အတွင်းက စစ်သားတွေကို ဘုရားလို ကိုးကွယ်ကြလို့ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဟောပြောမှုတွေ အပြီးမှာ ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၁၂၄ (က) နဲ့ မေလ ၂၈ရက်နေ့မှာ အမှုဖွင့်ထားပြီး ဝရမ်းထုတ်ပြန်ကာ ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

အခြေခံမူလတန်းအဆင့်တက်ရောက်သူ နည်းပါးလာ

မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ အခြေခံ ပညာ မူလတန်းအဆင့်မှာ တက်ရောကနေတဲ့ ကျောင်းသွားတွေဟာ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်ကစလို့ လျော့နည်းလာပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာဆို သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၆-၁၇ ပညာရေးနှစ်မှာတော့ မူလတန်းအဆင့်ကျောင်းတက်ရောက်သူဟာ ၅သန်း ကျော်ရှိခဲ့ရာကနေ ၂၀၁၇- ၁၈ ပညာသင်နှစ်မှာတော့ ၅ သန်းအောက်ရောက်ရှိလာခဲ့ပြီး ၂၀၁၈-၁၉ ပညာသင်နှစ်မှာတော့ ၅သန်း ခန့်သာရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ပြည့်တဲ့ လူတိုင်း မသင်မနေရ မူလတန်း ပညာရေးစနစ်ကို ကျင့်သုံးနေပါတယ်။ ဒီလို ကျင့်သုံးနေတဲ့ ကြားက အခုလို မူလတန်းအဆင့် ပညာရေးမှာ တက်ရောက်သူ လျော့နည်းလာတာဖြစ်ပါတယ်။

အစိုးရ မူလတန်းကျောင်းတွေမှာ သင်ကြားမှုနဲ့ ကျောင်းတွေရဲ့ ကျန်းမာရေး အခြေအနေအရ မိဘတော်တော်များများဟာ အစိုးရကျောင်းတွေမှာ မထားတော့ပဲ ပုဂ္ဂလိက ကျောင်းတွေမှာ ပြောင်းလဲထားလာကြပါတယ်။

အဲလိုပြောင်းလဲထားလာတဲ့အတွက်လည်း အစိုးရကျောင်းတွေမှာ ပညာသင်ကြားသူ နည်းလာတာလို့ လေ့လာသူ အချို့ကလည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျွန်ဆင်ကုမ္ပဏီ ဒေါ်လာသန်းထောင်ချီတန် တရားစွဲဆိုမှုကို ရင်ဆိုင်နေရ

ဂျွန်ဆင်ကုမ္ပဏီ ဒေါ်လာသန်းထောင်ချီတန် တရားစွဲဆိုမှုကို ရင်ဆိုင်နေရ

အမေရိကန်ပြည်ထောင်စုမှာတော့ ကမ္ဘာ့ အကြီးဆုံးဆေးဝါးထုတ် ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Jonson and Johson ကုမ္ပဏီဟာ အိုကလာဟိုးမား ပြည်နယ်က ပြုလုပ်တဲ့ ဒေါ်လာ သန်းထောင်ချီတန် တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။

ပြည်နယ် ဥပဒေအရာရှိတွေကတော့ ကုမ္ပဏီဟာ အမေရိကန်မှာဖြစ်ပွားနေတဲ့ ဘိန်းပါတဲ့ ဆေးဝါးတွေ သုံးစွဲမှု အလွန်အမင်းမြင့်တက်လာနေတဲ့ အကြပ်အတည်းကို အကိုက်အခဲပျောက်ဆေးတွေနဲ့ ဈေးကွက်ဖော်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပါတယ်။

ကုမ္ပဏီဘက်ကတော့ ဆေးဝါးတွေကို တာဝန်သိသိနဲ့ ဖြန့်ချိနေတာဖြစ်ပြီး အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားဘူးလို့ ပြောပါတယ်။

ဒေသန္တရနဲ့ ပြည်နယ်အဆင့် အစိုးရက Johnson and Johnson အပါအဝင် ဆေးကုမ္ပဏီတွေအပေါ် အမှုပေါင်း ၂၀၀၀ နဲ့ ပထမဆုံး တရားစွဲဆိုလိုက်ထားတာပါ။

ပျှမ်းမျှအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်နေ့တိုင်း ဘိန်းပါတဲ့ဆေး အသုံးလွန်ပြီး သေဆုံးသူ ၁၃၀ ဦးအထိ ရှိနေတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းကဆိုရင် ဆေးလွန်ပြီးသေဆုံးသူ ၇၀၂၀၀ အထိ ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းနီးပါးပါ ဆရာဝန်ပေးတဲ့အကိုက်အခဲပျောက်ဆေးသုံးလို့ ဒါမှမဟုတ် တရားမဝင် မူးယစ်ဆေးပါတဲ့ အခိုက်အခဲ ပျောက်ဆေးသုံးလို့ သေဆုံးတာတွေ ပါဝင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ