စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း Amnesty ရဲ့ စွပ်စွဲချက်ကို တပ်မတော်ပယ်ချ

AI အစီရင်ခံစာ ဓာတ်ပုံ မူပိုင် EPA
Image caption ROE အတိုင်းပဲ ဆောင်ရွက်တယ်

တပ်မတော် အနေနဲ့ အကြမ်းဖက် နှိမ်နှင်ရေး စစ်ဆင်ရေးတွေမှာ အင်အား ဘယ် အတိုင်းအတာထိပဲ သုံးရမယ်၊ ဘယ်လို ကိစ္စမျိုးတွေပဲ လုပ်ရမယ် ဆိုတဲ့ ကန့်သတ်ထားမှု မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် ကြုံတွေ့ရတဲ့ အခြေအနေကို ဆန်းစစ်ပြီးမှ လိုအပ်တဲ့ အင်အားသုံးတာမျိုး Rules of engagement (ROE) အတိုင်းပဲ ဆောင်ရွက်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်ထဲ တပ်မတော်ရဲ့ အပြုအမူတွေ အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က စွပ်စွဲ ဝေဖန်ထားတဲ့ နောက်ဆုံး အစီရင်ခံစာ ထွက်လာတဲ့နောက် တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုတာ ဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင် အေအေအဖွဲ့နဲ့ကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အတွင်း အစိုးရ စစ်သားတွေဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေခဲ့ကြောင်း အထောက်အထားတွေ ရရှိထားတယ်လို့ AI ရဲ့ အစီရင်ခံစာထဲ စွပ်စွဲထားပါတယ်။

"ဘယ်သူမှ အကာအကွယ် မပေးဘူး" - AI အစီရင်ခံစာ

ရခိုင်ပြည်နယ်ထဲ တိုက်ပွဲဒဏ် ခံနေရတဲ့ နေရာတွေမှာ ပြုလုပ်ခဲ့တဲ့ မေးမြန်းစုံစမ်းမှု ၈၁ ကြိမ် အပေါ်မှာ မူတည်ပြီး "ဘယ်သူမှ အကာအကွယ် မပေးဘူး" ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်တယ်လို့ AI က ပြောပါတယ်။

သူတို့ စုံစမ်းမှုတွေ လုပ်ခဲ့တဲ့ ကျေးရွာတွေဟာ ရခိုင်၊ မြို၊ ရိုဟင်ဂျာနဲ့ ခမီ ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အေအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ လပေါင်းများစွာ ရှိနေပြီ

အခု ၂ဝ၁၉ ခုနှစ် အတွင်းမှာကို အစိုးရ စစ်သားတွေဟာ အရပ်သားတွေကိုပါ မရှောင် တိုက်ခိုက်ခဲ့ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ၊ နှိပ်စက်တာမျိုးတွေ ကျူးလွန်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာထဲ ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပြုမူခဲ့တုန်းကလိုပဲ တပ်မတော် အနေနဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အခု စစ်ဆင်ရေးတွေမှာလည်း ထိန်းချုပ်မှု မရှိ၊ သိသိနဲ့ ကျူးလွန် နေကြတယ်လို့ အရှေ့နဲ့ အာရှတောင် အာရှ ဒေသပိုင်းဆိုင်ရာ AI အဖွဲ့ရဲ့ အကြီးအကဲ နီကိုးလပ်စ် ဘက်ဝဲလင်းက ပြောပါတယ်။

အရပ်သား ၁၄ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၉ ယောက် ရှိခဲ့တဲ့ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထား နိုင်တယ်လို့ AI က ဆိုပါတယ်။

အဲဒီ ကျူးလွန်မှုတွေ အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်က တပ်ရင်း တပ်ဖွဲ့တွေ အပါအဝင်၊ တိုးမြှင့် ချထားတဲ့ ခြေမြန်တပ်မ ၂၂ နဲ့ ၅၅ တို့မှာ တာဝန်ရှိတယ်လို့ AI က စွပ်စွဲပါတယ်။

ရခိုင်ပြည်နယ်ထဲ တပ်တွေတိုးမြှင့် နေရာချထားမှု

သောင်းကျန်းသူ နှိမ်နှင်းမှု စစ်ဆင်ရေး အတွက် လိုအပ်တဲ့ အင်အား အသုံးပြုဖို့ ရခိုင်ပြည်နယ်ထဲ တပ်တွေ နေရာချရတာ ဖြစ်ပြီး အဲဒီ အင်အားတွေကို တခြား ရည်ရွယ်ချက်နဲ့ အသုံးပြုတာမျိုး မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်တွေ အလဲအလှယ်လုပ်ရင်း တပ်မတချို့ ရခိုင်ပြည်နယ်ထဲ ရောက်နေတယ် ဆိုတဲ့ အချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပေမယ့် စစ်ဆင်ရေး သတင်းနဲ့ ပတ်သက်ရင် ဘယ်တပ်မတွေ သုံးထားပါတယ်ဆိုတာမျိုး တပ်မတော်က ထုတ်ပြန်လေ့ မရှိဘူးလို့လည်း ဘီဘီစီကို ပြောပါတယ်။

စစ်ဆင်ရေး ဆောင်ရွက်တဲ့ အခါမှာတော့ စစ်ဘက်နဲ့ ဆိုင်တဲ့ ပစ်မှတ်လား၊ စစ်ဘက်နဲ့ မဆိုင်တဲ့ အရာလား ဆိုတာ ခွဲခြားရမယ် ဆိုတဲ့ ROE အတိုင်း လုပ်ဆောင်နေတယ် ဆိုပြီး အရပ်သားတွေကိုပါ မရှောင် ပစ်မှတ်ထားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပယ်ချပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စစ်တွေကို ပြေးလာရတဲ့ စစ်ဘေးရှောင် သားအမိ

အရပ်သားတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်

အေအေ အဖွဲ့နဲ့ မပတ်သက်ဖို့၊ အေအေအဖွဲ့ ရွာတွေထဲ ဝင်ထွက်သွားလာရင် အစိုးရလုံခြုံရေး တပ်ဖွဲ့တွေကို သတင်းပို့ဖို့ ကျေးရွာအနှံ့ ရပ်မိရပ်ဖတွေ၊ ရွာလူကြီးတွေကို ဘုန်းတော်ကြီး ကျောင်းတွေမှာ တရားဝင် ခေါ်ယူ အသိပေးတာမျိုး တပ်မတော်ဘက်က ပြုလုပ်ထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ကျေးရွာတွေ မထိခိုက်အောင် တပ်မတော်က ဆောင်ရွက်ပေမယ့် တကယ်လို့ အစိုးရ တပ်ဖွဲ့တွေကို အေအေက ရွာတွေထဲကနေ ပစ်ခတ်လာခဲ့ရင် မဖြစ်မနေ တုံ့ပြန် ပစ်ခတ်ရတဲ့ အခါ ရွာခံတွေပဲ နစ်နာနိုင်တဲ့ အကြောင်း ရှင်းပြထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါဟာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ဖြေဆိုတာ ဖြစ်ပါတယ်။

လက်တွေ့မြေပြင်မှာလည်း တစ်ဘက်အဖွဲ့အစည်းဟာ ရွာသား အသွင်ယူ တိုက်ခိုက်တာမျိုး၊ တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲပြီး ရွာထဲ ဝင်ပြေးတာမျိုး၊ ရွာထဲကနေ ပစ်ခတ်တာမျိုးတွေ ပြုလုပ်တဲ့ အတွက် အဲဒီလို ပစ်ခတ် တိုက်ခိုက်လာတဲ့ နေရာတွေကို မလွဲမသွေ ပြန်လည် ပစ်ခတ်ရမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ဒဏ်ရာရတဲ့ ကလေးကို ဆေးရုံကို ခေါ်ဆောင်လာစဉ်

ရပ်ရွာထဲ လက်နက်ကြီးကျည်တွေ ကျရောက်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ရသေ့တောင်မြို့နယ် သမီးလှ ကျေးရွာဖြစ်ရပ်ကို AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ပြောဆို ထားပါတယ်။ လက်နက်ကြီးကျည်ဟာ အစိုးရတပ်က ပစ်တဲ့ကျည်ဆိုတာ သေချာသလောက် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ မော်တာကျည်ကြောင့် ၇ နှစ်အရွယ် ယောက်ျားလေး ကလေးငယ်တစ်ယောက် အပြင်းအထန် ဒဏ်ရာရပြီး နောက်ပိုင်း သေဆုံး ခဲ့တာမှာ အစိုးရ စစ်သားတွေက ကလေးငယ်ကို ဆေးရုံပို့ခွင့် နာရီပေါင်းများစွာ ပိတ်ထားခဲ့လို့ ဖြစ်တယ် ဆိုပြီး စွပ်စွဲ ထားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ လုံးဝ မှားယွင်းတဲ့ ပြောဆိုချက်ပဲ ဆိုပြီး AI ရဲ့ စွပ်စွဲမှု အပေါ် ပယ်ချပါတယ်။ အေအေတပ်ဖွဲ့ဝင်လို့ သံသယ ရှိရသူကိုတောင် ဒဏ်ရာနဲ့ တွေ့ရင် တပ်မတော် ဘက်က စတင်လုပ်တာက ဆေးကုသပေးတာပဲလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AI ရဲ့ အစီရင်ခံစာထဲမှာတော့ အေအေအဖွဲ့ကြောင့်လည်း အရပ်သား ထိခိုက် နစ်နာရမှု တချို့ ရှိနေတယ်လို့ ဆိုပါတယ်။ အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်တာ အပါအဝင် အနိုင်ကျင့်မှု တချို့ကို အေအေအဖွဲ့ကလည်း ကျူးလွန်တယ် ဆိုတဲ့ AI အဖွဲ့ရဲ့ စွပ်စွဲမှု အပေါ် အေအေ ပြောခွင့်ရသူက "အဲဒီလို ကိစ္စမျိုးတွေ မရှိဘူးလို့ အခိုင်အမာ ပြောနိုင်တယ်" ဆိုပြီး AFP သတင်းဌာနကို တုံ့ပြန် ဖြေဆိုထားတာ တွေ့ရပါတယ်။