ဦးဝီရသူ ဘယ်မှာလဲ

ဦးဝီရသူ ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆရာတော်ဦးဝီရသူ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ သီတင်းသုံးတဲ့ ဓမ္မသဟာယ ကျောင်းတိုက်ကို မြို့နယ် သံဃနာယက ဆရာတော်တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က မေလ ၂၉ ရက်နေ့ ညနေပိုင်းက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

ဝင်ရောက် ရှာဖွေရာမှာ ဦးဝီရသူကို မတွေ့ဘဲ တခြား ဆရာတော်တချို့နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တချို့ကိုသာ တွေ့ခဲ့ရတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

ဦးဝီရသူကို ဖမ်းဆီးနိုင်ဖို့် ဖမ်းဝရမ်းကို ခွင့်ပြု အတည်ပြုပေးဖို့ မဟာအောင်မြေမြို့နယ် သံဃနာယက ဒုတိယဥက္ကဌ ဆရာတော်ကို မေလ၂၉ရက် ညနေပိုင်းက မြို့နယ်ထွေအုပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်လျှောက်ထားခဲ့ပေမဲ့ ဦးဝီရသူကို မတွေ့သွားလို့ ဝရမ်းကို အတည် မပြုနိုင်ခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မီဒီယာတချို့ကို အင်တာဗျူးဖြေခဲ့တဲ့ ဦးဝီရသူဟာ ညနေပိုင်းမှာတော့ ဘယ်မီဒီယာကိုမှ ဖြေတာ မတွေ့ရတော့ပါဘူး။

ဒါအပြင် မစိုးရိမ်တိုက်သစ်က သံဃာတွေကိုလည်း မီဒီယာတွေကို မဖြေဖို့ ပြောထားတယ်လို့ မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။

ရန်ကုန်လာမှာလား

အမျိုးသားရေး ဆရာတော်လို့ အသိများတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူ ရန်ကုန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောခဲ့မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ လူမှုရေးကိစ္စတွေမှာ ပါဝင်မှုမရှိဖို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က မေလ ၃၀ရက်မှာ သြဝါဒပေးဖို့ ခေါ်ယူထားခဲ့ပါတယ်။

အဲဒီလို သြဝါဒခံယူဖို့ ဦးဝီရသူ ရန်ကုန်ကို လာရင် သူ့ကိုထောက်ခံတဲ့ အခြားပြည်နယ်နဲ့တိုင်းက မျိုးချစ် သံဃာတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေက ရန်ကုန်ကို လာရောက် ဝန်းရံကြမယ်လို့ မန္တလေးတိုင်း ရဟန်းပျိုများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးစန္ဒာသီရိက ဘီဘီစီကိုပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဦးဝီရသူ ကျောင်းထိုင်တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်

အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး တရားလိုပြု တိုင်တန်းထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ကို ဦးဝီရသူက ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဦးဝီရသူနဲ့ အနီးစပ်ဆုံး ရှိနေခဲ့တဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) က ဘီဘီစီကိုပြောပါတယ်။

မေလ ၂၉ ရက်နေ့မနက်ပိုင်းက ဆရာတော်နဲ့ အင်တာဗျုးတဲ့ သတင်းမီဒီယာတွေကိုတော့ ဦးဝီရသူက သူ ရန်ကုန်ကို ရောက်နေပြီလို့ ပြောခဲ့ပါတယ်။

သာသနာရေးက ဆိုင်းငံ့

ရန်ကုန်ကို သြဝါဒခံယူဖို့ ခေါ်ယူထားတာကို အခြေအနေအရ ဆိုင်းငံ့လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ မေလ ၂၉ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က မေလ၃၀ရက်မှာ ဆုံးမသြဝါဒပေးဖို့ ရန်ကုန်ကိုခေါ်ယူထားမှုကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုင်းငံ့လိုက်ပေမဲ့ မန္တလေးက ကားနဲ့ ထွက်လာနေပြီဖြစ်တဲ့ ဝန်းရံ သူတွေကတော့ ရန်ကုန်ကို ဆက်လာနေတယ် လို့ ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Religious Affairs Ministry Website
Image caption အခြေအနေအရ ဆိုင်းငံ့လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ မေလ ၂၉ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်

"ဆိုင်းငံ့တာက သူတို့အပိုင်း၊ ဝန်းရံတာက တို့ အပိုင်း" လို့ ဦးဝီရသူ ရဲ့သတင်းတွေကို စောင့်ကြည့်ပေးရတဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) ကပြောပါတယ်။

ဘာကြောင့်ဖမ်း

ဦးဝီရသူက မေလ ၅ ရက်နေ့က ရန်ကုန်မြို့လယ် ဟောပြောပွဲမှာ လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ဟောခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ မြန်မာ အွန်လိုင်းအင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြု တိုင်တန်းထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ကို ဦးဝီရသူက ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဦးဝီရသူနဲ့ အနီးစပ်ဆုံး ရှိနေခဲ့တဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) က ဘီဘီစီကိုပြောပါတယ်။

ဘယ်မှာရှိနေလဲ

"ဦးဝီရသူဟာ ကျန်းကျန်းမာမာ ရှိနေပါတယ်။ အခုချိန်ဆို စာဝါချပြီး ပဌာန်းရွတ်နေတဲ့ အချိန်ပါ။ သူလုပ်နေကျအတိုင်း ဆက်ရှိနေပါတယ်" လို့ လည်း ရန်ကုန်ကို ဝန်းရံဖို့ လိုက်လာနေပြီလို့ဆိုတဲ့ ဦးဝီရတေဇောက ပြောပါတယ်။

ဦးဝီရသူ ရန်ကုန် ရောက်နေတယ်လို့ ပြောတာကို မန္တလေးဒေသခံ သတင်းထောက် တချို့ကလည်း မယုံကြပါဘူး။

"ရှာတာက ဓမ္မသဟာယ ကျောင်းတိုက်ကိုပဲ ရှာတာလေ၊ ကျောင်းဝန်းထဲမှာ ကျောင်းတွေ အများကြီးရှိတာပဲ၊ အခြားနေရာမှာ ရှိနေတာလည်းဖြစ်နိုင်တာပဲ"လို့လည်း မှတ်ချက်ပေးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မေလ ၅ ရက် ရန်ကုန်မှာ ဟောပြောစဉ်

ဒါပေမဲ့ ဦးဝီရသူ ရန်ကုန်မှာရောက်နေတယ် ဆိုတာကိုလည်း အတည်မပြုနိုင်သလို မန္တလေးမှာရှိနေတယ်ဆိုတဲ့ အထောက်ထားလည်းမတွေ့ရပါဘူး။ မေလ ၃၀ ရက်နေ့မှာ သြဝါဒပေးဖို့ ရန်ကုန်ကိုခေါ်ယူထားမှုကလည်း ပျက်သွားသလို့ ဝန်းရံသူတွေက ရန်ကုန်ကို ဆက်ဆင်းလာနေကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကို ရောက်နေပြီလို့ အတိအလင်းပြောထားတာတောင် မန္တလေးက ကျောင်းတိုက်မှာသွားရှာတယ် ဆိုပြီး ဝရမ်း အတည် မဖြစ်ခဲ့တာကိုလည်း ထောက်ပြဝေဖန်မှုတွေရှိပါတယ်။

ဦးဝီရသူ ဘယ်မှာရှိနေတယ်ဆိုတာ မသိရပေမဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ကို ဦးဝီရသူကရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ဦးဝီရတေဇော ကပြောပါတယ်။ တရားစွဲဆိုထားတဲ့ အမှု ကရန်ကုန်မှာ စွဲထားတာဖြစ်လို့ ဦးဝီရသူဟာ အမှုရင်ဆိုင်မယ်ဆိုရင် ရန်ကုန်ကိုတော့ မလွဲမသွေရောက်လာရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ