ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအရေး စုံစမ်းရေးကော်မရှင် စစ်ဆေး အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Narinjara
Image caption ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအရေး စုံစမ်းရေးကော်မရှင် ဝင်စစ်ဆေး

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအရေး စုံစမ်းရေးကော်မရှင် ဝင်စစ်ဆေး

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင် ၃ ဦးပါ အဖွဲ့တစ်ဖွဲ့ဟာ ရွာသား ၂၇၅ ဦးကို ဖမ်းဆီးစစ်ဆေးနေစဉ် တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကို သွားပြီး စုံစမ်း မေးမြန်းခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ မေ ၂၉ ရက်နေ့ နံနက်က ကျောက်တန်းကျေးရွာကို ရောက်ရှိခဲ့ပြီး သေဆုံးသွားသူတွေရဲ့ မိသားစုတွေ ၊ ဒဏ်ရာရရှိခဲ့တဲ့ သူတွေကို ရသေ့တောင်မြို့ပေါ်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

ရွာသားတွေသာမက ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်အရာရှိတွေကိုလည်း စစ်ဆေး မေးမြန်းသွားမယ်လို့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဒီဇင်ဘာလက စပြီး ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ဖြစ်ပေါ်နေပြီး အခုစစ်ဆေးမှုကတော့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လာရောက်စစ်ဆေးတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/GETTY IMAGES
Image caption မြန်မာနိုင်ငံမှာ အစိုးရ စစ်တမ်းတွေအရ အစ္စလာမ်ဘာသာဝင်ဟာ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းကျော်ကျော် ရှိနေ

တောင်ဒဂုံဆူပူမှု ဦးဆောင်သူများ လာရောက်အဖမ်းခံခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဆူပူမှုဖြစ်အောင် လုပ်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ၅၀၅ (ခ) နဲ့တရားစွဲဆို ထားပြီး တရားရုံးကို လာရောက်ဖို့ ဆင့်ခေါ်ထားပေမဲ့ အခုချိန်အထိ လာရောက်ခြင်း မရှိဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။

မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ဟာ ရန်ကုန်မြို့နေအိမ်မှာ မရှိပဲ လက်ရှိငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ထဲမှာ ခိုလှုံနေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးယူထားတဲ့ ဘယ်အဖွဲ့အစည်းလဲ ဆိုတဲ့ မေးခွန်းကိုတော့ တိတိကျကျ မဖြေကြားခဲ့ပါဘူး။

မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ ဦးဆောင်တဲ့ လူအင်အား ၁၀၀ခန့်ဟာ မေလ ၁၅ ရက်နေ့က တောင်ဒဂုံမြို့နယ်အတွင်း ဘာသာရေး ဝတ်ပြုခွင့် ပေးထားတဲ့ အိမ်တွေကို ကြည့်ရှုခွင့်ပေးဖို့ ပြောဆိုလာတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာ မိုက်ကယ်ကျော်မြင့်နဲ့ အဖွဲ့ဟာ အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ရောက်လာပြီး ဘာသာရေး ဝတ်ပြုခွင့်ပေးထားတဲ့ အိမ်မှာ ဗလီပုံစံဖြစ်နေတဲ့အတွက် ချိတ်ပိတ်ပေးရန် တောင်းဆိုခဲ့တဲ့အတွက် ပဋိပက္ခဖြစ်ခဲ့ပါတယ်။

အဲဒီလို ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၅၀၅ (ခ)နဲ့ အရေးယူပေးဖို့ မေ ၁၅ ရက်နေ့က တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်ဆိုင်ရာ တရားရုံးကလည်း မေလ ၁၆ ရက်နေ့မှာ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေးဝန်ကြီးချုပ် အစိုးရသစ်ဖွဲ့စည်းရေး ညှိနှိုင်းမှု မအောင်မြင်

အစ္စရေးဝန်ကြီးချုပ် အစိုးရသစ်ဖွဲ့စည်းရေး ညှိနှိုင်းမှု မအောင်မြင်

အစ္စရေးနိုင်ငံမှာတော့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုဟာ အစိုးရသစ်ဖွဲ့စည်းရေး ညှိနှိုင်းမှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် လွှတ်တော်အမတ်တွေကလည်း လွှတ်တော်ကို ဖျက်သိမ်းပြီး အရေးပေါ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မဲပေးလိုက်ပါတယ်။

အဲဒီကြားဖြတ်ရွေးကောက်ပွဲကို စက်တင်ဘာလ ၁၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒီရွေးကောက်ပွဲဟာ အခုနှစ်အတွင်း အစ္စရေးနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပမှုဖြစ်လာမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲအထိ အမတ်နေရာမရခဲ့လို့ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေး တခြားမဲနိုင်ပါတီတွေနဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့တာပါ။

ဒါပေမယ့်လည်း အမျိုးသားရေးနဲ့ ဘာသာရေးပါတီတွေကြား သဘောထားကွဲလွဲမှုကို ဖယ်ပြီး လက်ယာစွန်း ညွန့်ပေါင်းပါတီဖွဲ့ဖို့ ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။

လွှတ်တော်မဲပေးအပြီး သတင်းထောက်တွေကို ပြောကြားမှာတော့ ဝန်ကြီးချုပ်က နောက်ရွေးကောက်ပွဲမှာ မဲနိုင်ဖို့ သူ့ကိုယ်သူ ယုံကြည်မှု ရှိတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရှုခင်းကြည့်သင်္ဘော တိမ်းမှောက် လူ ၇ ဦးသေဆုံး

ရှုခင်းကြည့်သင်္ဘော တိမ်းမှောက် လူ ၇ ဦးသေဆုံး

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့က ဒန်နျူမြစ်ထဲ တောင်ကိုရီးယား ခရီးသွားတွေ လိုက်လာတဲ့ ရှုခင်းကြည့် သင်္ဘော တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ၇ ဦးသေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဟန်ဂေရီနိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ လူပေါင်း ၃၃ ဦး လိုက်ပါသွားတာ ဖြစ်ပြီး အများစုဟာ တောင်ကိုးရီးယားနိုင်ငံသား တွေပါ။

သင်္ဘောဟာ တခြားသင်္ဘောနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ သင်္ဘောတိုက်မိချိန်မှာ မိုးသည်းသည်းမည်းမည်း ရွာထားလို့ မြစ်ရေဟာ တက်နေပြီး ရေစီးလည်းသန်နေတဲ့ အချိန်ပါ။

တောင်ကိုရီးယားနိုင်ငံသား ၁၉ ဦးပျောက်ဆုံးနေဆဲလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပြီး အစိုးရဟာ ဟန်ဂေရီကို အရာရှိအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြောထားပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ