ရန်ကုန်တိုင်းအတွင်းမှာ TTC ကျောင်းကလွဲလို့ ကျောင်းအားလုံး ပုံမှန်ကျောင်းတက်ချိန်အတိုင်းသာ ကျောင်းတက်ရမယ်

စာသင်ချိန်ကာလကိုသာ မတ်လအထိ တက်ရောက်ရတော့မှာဖြစ် ဓာတ်ပုံ မူပိုင် SOE THAN WIN/AFP/GETTY
Image caption ဒီနှစ်ပညာသင်နှစ်ကစပြီးစာသင်ချိန်ကာလကိုသာ မတ်လအထိ တက်ရောက်ရတော့မှာဖြစ်

ဒီနှစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ( TTC) ကျောင်းကလွဲလို့ ကျန်တဲ့ကျောင်းအားလုံးဟာ ယခင် ကျောင်းတက်ချိန်အတိုင်းပဲ အပြောင်းအလဲမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံးဒုတိယ ညွန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေက ပြောပါတယ်။

Grade 6 နဲ့ Grade 3 မှာ သင်ရိုးအသစ်တွေပြောင်းလဲထားတဲ့အတွက် စာသင်ကြားချိန် တိုးမြှင့် သွားဖွယ် ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း မူလစာသင်ကြားချိန်ထက် ထပ်တိုးသွားဖို့မရှိဘူးလို့ သိရပါတယ်။

' 'ပုံမှန် ၂ချိန်ကျောင်းဖွင့်တဲ့ကျောင်းကလည်း ၂ချိန် (မနက် ၆နာရီကနေ ၁၂ နာရီထိ တစ်ချိန်နဲ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၅နာရီထိ) ပဲ။ တစ်ချိန် ကျောင်း (မနက် ၉နာရီကနေ ၃နာရီထိ) တွေကလည်း အရင်အတိုင်းပဲ။ တစ်ခုပဲ အရင်တစ်ချိန်ပဲဖွင့်တဲ့ကျောင်းတွေက ကျောင်းဆောင်တွေတိုးတယ်ဆိုရင်တော့ ၂ချိန်ဖွင့်ရင်ဖွင့်မယ်။ အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ကျောင်းတွေရဲ့ ကျောင်းတက်ချိန်တွေကို တော့ မပြောင်းပါဘူး။'' လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယ ညွန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေက ပြောပါ တယ်။

အဆင့်မြှင့်ပညာဦးစီးဌာနလက်အောက်မှာရှိတဲ့ TTC ကျောင်းကိုတော့ ကျောင်းတက်ချိန် ၃ချိန်ခွဲထားပြီး သတ္တမတန်းကနေ ဒဿမတန်းအထိ နံနက် ၈နာရီ ကနေ နေ့လယ် ၂ နာရီ၊ တတိယတန်းကနေ ဆဋ္ဌမ တန်းအထိ နံနက်၉နာရီ ကနေညနေ ၃နာရီ နဲ့ KG ကနေ Grade 2 အထိ နံနက် ၉နာရီကနေ ညနေ ၂ နာရီခွဲထိ တက်ရောက်ရမှာဖြစ်ပါတယ်။

'' TTC ကကျတော့ ကျောင်းတက်ချိန်ပဲ ၃ချိန်ခွဲထားတာ။ အဓိကက ကျောင်းတက်ကျောင်းဆင်းချိန်မှာ လာကြိုတဲ့ကားတွေနဲ့ ပိတ်လွန်းလို့ ကျောင်းဆင်းချိန်တွေကို ခွဲထားလိုက်တာ။ စာသင်ကြားရမဲ့ သတ်မှတ် အချိန်ကတော့ မပြောင်းပါဘူး။ စာသင်ကြားချိန် ပြည့်အောင်သင်မှာပါ။'' လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

စာသင်ကြားချိန်တွေမပြောင်းလဲသော်လည်း စာသင်ချိန်ကာလကိုတော့ ဇွန်လကနေ မတ်လကုန်အထိ တက်ရောက်ရတော့မှာဖြစ်ပါတယ်။

' ' အရင်ကတည်းကလည်း မတ်လအထိ သင်ရမယ်လို့ ရှိပြီးသားပါ။ ဆယ်တန်းစာမေးပွဲတွေအတွက် ကျန်တဲ့ ကလေးတွေကို ဖေဖော်ဝါရီလောက်မှာကတည်းက စစ်လိုက်လို့ မတ်လမှာ ကျောင်းပိတ် သွား တဲ့သဘောပဲ။ အခုတော့ သင်ရိုးသစ်တွေအတိုင်း တဖြည်းဖြည်းချင်း သူ့သင်ရိုးကို ကုန်အောင် မတ်လအထိ တက်ရတော့မှာဖြစ်ပါတယ်။'' လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေကပြောပါတယ်။

ဒီနှစ်ပညာသင်နှစ်မှာ ရန်ကုန်တိုင်းအတွင်းက TTC ၊ ဒဂုံ ၁ အပါအဝင် နာမည်ကြီးကျောင်းအချို့မှာ သူ့သတ်မှတ် ဧရိယာအတွင်းကကျောင်းသားတွေကိုသာလက်ခံသင်ကြားပေးသွားဖို့နဲ့ နယ်ကျော် ကျောင်းမအပ်ရ ဆိုတဲ့မူကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုက်ခိုက်မှုတွေကြားထဲက ပညာရေး ဝန်ထမ်းတွေရဲ့ အခြေအနေ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ