ဆိပ်ကမ်းမြို့နယ် လွှတ်တော်အမတ်နေရာကို ကြံ့ခိုင်ရေးဆီက NLD ပြန်ရ

ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို တိုင်တန်းခဲ့တာပါ။ ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို တိုင်တန်းခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကို မဲဆွယ်ကာလအတွင်း ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ရဲ့ တိုင်တန်းချက်ကို ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဒီကနေ့(မေ ၃၀)မှာ အနိုင်ပေးလိုက်ပါတယ်။

၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ( ၂ )က အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို NLD ပါတီ ကိုယ်စားလှယ်လောင်းက တိုင်တန်းတာကို ခုံရုံးက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအသာနဲ့ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအမတ် ဦးနေမျိုးအောင်နေရာမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ဆိပ်ကမ်းမြို့နယ်ကိုယ်စားပြုလွှတ်တော်အမတ် တစ်ဦးဖြစ်လာ တော့မှာပါ။

" ငွေစာရင်းကိစ္စတွေ၊ ဘာသာရေးကို အကြောင်းပြုပြီးမဲဆွယ်တယ် ဆိုတာတွေ စစ်ဆေးတွေ့ရှိချက်တွေအရ ဒီကနေ့ မနက် ၁၀ နာရီက အမိန့်ချလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်သက်သေတွေကို စစ်ဆေးပြီးမှ စိစစ် တွေ့ရှိ ချက်အတိုင်း အမိန့်ချခဲ့တာပါ။ NLD ရယ်ဘာရယ်ကြောင့်မဟုတ်ပါဘူး၊ စိစစ်ချက်တွေအရ အမိန့်ချတာပါ" လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ အမိန့်ချမှတ်လိုက်တဲ့ အပေါ် ကာယကံရှင်ဘက်က အယူခံတက်မယ်ဆိုရင်တော့ ရနိုင်ကြောင်းနဲ့ အယူခံတက်ပါက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အားလုံးနဲ့ ခုံရုံးပြန်ထိုင်ပြီး စိစစ်သွားမှာဖြစ်တယ်လို့လည်း ဦးမြင့်နိုင် ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခုံရုံးဆုံးဖြတ်ချက်ကို အယူခံတက်လို့ရတယ်လို့ ခုံရုံးပြောခွင်ရသူပြော

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်အပေါ် စောဒက တက်စရာ မရှိပေမယ့်လည်း ဒီကနေ့ ရလဒ်ကို လွန်ခဲ့တဲ့ ၅လကတည်းက တိုင်တန်းသူဘက်က မဲဆန္ဒရှင်ပြည်သူတွေကို ကြိုတင် ပြောခဲ့တာတွေ ရှိခဲ့တယ်လို့ ကာယကံရှင် ဦးနေမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

" ကျွန်တော် နောက် ၅ လကြာရင်ပြုတ်မယ်လို့ ကျွန်တော့်မဲဆန္ဒနယ်က ပြည်သူတွေကို သူတို့ဘက်က ကြိုပြောခဲ့လို့ မဲဆန္ဒရှင်တွေအနေနဲ့သို့လောသို့လော ဖြစ်ခဲ့တာတွေရှိတယ်။ဒါကတော့ အင်မတန် အံ့သြစရာ ကောင်းလှ တယ်လို့ပဲ ပြောချင်တယ်။ ငွေချေးတယ်ဆိုတဲ့ကိစ္စကလည်း ဒါနဲ့သာ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင် ပါတီတိုင်း ငွေချေးတဲ့ကုမ္ပဏီပဲ ထောင်နေကြတော့မှာပေါ့" လို့ ဦးနေမျိုးအောင်ကပြောပါတယ်။

ဒါ့အပြင် ဘာသာရေး အကြောင်းပြ မဲဆွယ်တယ်ဆိုတာဟာ မဟုတ်ကြောင်း၊ အဆိုပါမဲဆန္ဒနယ်ဟာ သူငယ်စဉ်ကတည်းကနေထိုင်ရာ ရပ်ကွက်ဖြစ်ကြောင်းနဲ့ ဘာသာရေးကိစ္စတွေကို နှစ်ပေါင်း ၃၀နီးပါး လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒါကို အကြောင်းပြပြီး မဲမဆွယ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ်အမတ်နေရာကနေ ဖယ်ရှားပေးရတော့မှာဖြစ်ပေမယ့် ဆိပ်ကမ်းမဲဆန္ဒနယ်က ပြည်သူတွေက သူ့ကို ဒီကနေ့ (မေ ၃၀)မှာ နေပြည်တော်က ပြန်အလာကို ကြိုဆိုကြဖို့ စီစဉ်နေကြကြောင်းလည်း ဦးနေမျိုးအောင်ကပြောပါတယ်။

" ကျွန်တော့်ပြည်သူတွေရဲ့ မေတ္တာကို ကျွန်တော်လက်လွှတ်လို့မရသေးဘူး။ ကျွန်တော့်ပြည်သူတွေက ကျွန်တော့်ကိုချစ်တုန်းပါ" လို့ သူကပြောပါတယ်။