ဦးဝီရသူကို ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေဆဲ အပါအဝင် သိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU / AFP / Getty
Image caption ဦးဝီရသူဟာ အမျိုးသားရေး လှုပ်ရှားသူ အဖြစ် ထင်ရှားပြီး စစ်အစိုးရခေတ်တုန်းကလည်း ဘာသာရေး အဓိကရုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး နှစ်ရှည် ထောင်ကျခဲ့ဖူး

၁) ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူ ကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေဆဲ

ဖမ်းဆီးဖို့ ဝရမ်း ထုတ်ခံထားရတဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်က အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဝီရသူ ကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေဆဲလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးက မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

ဆရာတော် ဦးဝီရသူဟာ မေလ ၃၀ ရက်နေ့ က ရန်ကုန်တိုင်း တိုင်းသံဃမဟာနာယကရုံးရဲ့ မူလ ဖိတ်ကြားချက် အတိုင်း နေ့လယ် ၂ နာရီမှာ လာရောက် သြဝါဒ ခံယူဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် လာရောက်ခဲ့ခြင်း မရှိပါဘူး။

မေလ ၃၀ ရက်နေ့ ညပိုင်းမှာတော့ ရုရှား အွန်လိုင်း လူမှုကွန်ရက် ဖြစ်တဲ့ VK အကောင့် တစ်ခု ကနေ တဆင့် ဦးဝီရသူ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုဟာ မြန်မာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီ ဗီဒီယို အကြောင်းကို ရဲတပ်ဖွဲ့က သိရှိထားကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောပေမယ့် ဦးဝီရသူကို ရှာဖွေရေးကတော့ ထူးခြားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

တရားရုံးက ထုတ်ပြန်တဲ့ ဖမ်းဝရမ်း အရ ဦးဝီရသူ သီတင်းသုံးတဲ့ မန္တလေးက ဓမ္မသဟာယ ကျောင်းတိုက်ကို ရဲတပ်ဖွဲ့ဘက်က မြို့နယ် သံဃနာယက ဆရာတော်တွေနဲ့ အတူ သွားရောက် အတည်ပြုပြီး မေလ ၂၉ ရက်နေ့ ညပိုင်းက ရှာဖွေခဲ့တယ်လို့ ရဲမှူးကြီးက ဆိုပါတယ်။ ဒါဟာ ဝရမ်းသဘောတရားအရ သီတင်းသုံးတဲ့ နေရာကို အတည်ပြု တာ ဖြစ်ပြီး အဲဒီမှာ ဦးဝီရသူ ရှိမနေတဲ့ အတွက် ရဲလုပ်ထုံးလုပ်နည်း အညီ ရှာဖွေမှုတွေကို ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဦးဝီရသူ အတွက် အမျိုးသားရေးလှုပ်ရှားသူ သံဃာနဲ့ လူ ရာချီ ရွှေတိဂုံမှာ ဆုတောင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှု ဟောပြောပွဲတွေက ပြောဆိုချက်တွေ အတွက် ဆရာတော် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အရ ဖမ်းဝရမ်း ထုတ်ထားတာပါ။

မေလ ၃၀ ရက်နေ့ မှာ ဆရာတော် ဦးဝီရသူကို ထောက်ခံ ဝန်းရံကြသူတွေက ရန်ကုန် ရွှေတိဂုံစေတီတော်နဲ့ မန္တလေး အိမ်တော်ရာ ဘုရား တို့မှာ စုဝေး ဆုတောင်း တာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် DAMIR SAGOLJ / AFP / Getty Images
Image caption မြန်မာနိုင်ငံက ချေးယူထားတဲ့ ပြည်ပ ချေးငွေတွေထဲမှာ တရုတ်နိုင်ငံ ဘဏ်တွေက ချေးယူထားတဲ့ ချေးငွေ တွေဟာ အတိုးအများဆုံး ဖြစ်

၂) တရုတ်မြန်မာစီးပွားရေး စင်္ကြန် လမ်း စီမံကိန်းမှာပါဝင်တဲ့လုပ်ငန်း တချို့ကို စတင်လုပ်ဆောင်ဖို့ သဘောတူညီမှု ရခဲ့

ပြီးခဲ့တဲ့ ဧပြီလတုန်းက သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်း တချို့ ကို စတင်လုပ်ဆောင်ဖို့ သဘောတူညီမူတွေ ရခဲ့ပြီး သဘောတူညီမှုရဖို့အတွက်မြန်မာဘက်က တောင်းဆိုခဲ့တဲ့ အဓိက အချက် ၃ ချက်ကိုလည်း တရုတ်နိုင်ငံက လိုက်လျောခဲ့တယ်လို့စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းက ပြောပါတယ်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းပါ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ လိုအပ်တဲ့ ငွေကြေးကို တရုတ်ပြည်ရဲ့ ဘဏ် သို့မဟုတ် စီးပွားရေး လုပ်ငန်း တစ်ခုတည်းနဲ့ ဆက်သွယ် လုပ်ကိုင်ဆောင်ရွက်ရမယ့် အစား နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း(IFC) လို အခြား အဖွဲ့အစည်းတွေဆီက ငွေကြေး ရင်းနှီးမြှပ်နှံမှု ရယူ နိုင်ခွင့် ရှိရမယ်လို့ မြန်မာဘက်က တောင်းဆိုချက်ကို တရုတ်ဘက်ကလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ဆီကပဲ ငွေကြေး ရယူရရင် အတိုးပို ပေးရတာ၊ မြန်မြန် ပြန်ဆပ်ရတာတွေ ရှိနိုင်လို့ ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အကျိုး ပို ရှိသလို နှစ်နိုင်ငံလုံးကို အကျိုး ကျေးဇူး ဖြစ်ထွန်းစေတယ်လို့စီပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိန်မင်းက သုံးသပ်ပါတယ်။

နိုင်ငံတကာ ငွေကြေး အဖွဲ့တွေရဲ့ ချေးငွေအများစုဟာ ဖွံဖြိုးရေးလုပ်ငန်းအတွက် ချေးတာတွေဖြစ်တဲ့အတွက် အတိုးနှုန်း သက်သာသလို ပြန်ဆပ်ရတဲ့ ကာလက လည်း အချိန်ကြာမြင့်လေ့ရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံက ချေးယူထားတဲ့ ပြည်ပ ချေးငွေတွေထဲမှာ တရုတ်နိုင်ငံ ဘဏ်တွေက ချေးယူထားတဲ့ ချေးငွေ တွေဟာ အတိုးအများဆုံး ဖြစ်နေပါတယ်။

အခုလို တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အတွက် တရုတ်နိုင်ငံဘဏ်တွေက ငွေမချေးဘဲ တခြား နိုင်ငံတကာ ငွေကြေးအဖွဲ့ အစည်းတွေက ချေးငွေယူဖို့ကို တရုတ်ဘက်က သဘောတူခဲ့တာ အပြင် တရုတ်-မြန်မာ စင်္ကြန်လမ်းမှာ လုပ်မယ့်စီမံကိန်းတွေကို တရုတ်က ကုမ္ပဏီတွေနဲ့လုပ်ကိုင်မယ့် အစား လွတ်လွတ်လပ်လပ် အိုပင်းတင်ဒါ ခေါ်ယူပြီး နိုင်ငံတကာကပါ ပူးပေါင်းဆောင်ရွက်ခွင့်ပေးရမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အဆိုပြုချက်ကိုလည်း တရုတ်နိုင်ငံက လက်ခံခဲ့ပါတယ်။

ဒါအပြင် စီမံကိန်းထဲမှာပါတဲ့ ဦးစားပေးလုပ်ငန်းတွေကို မြန်မာဘက်က ရွေးချယ်ပေးပြီး တရုတ်နိုင်ငံရဲ့ သဘောတူညီချက်နဲ့လုပ်ဆောင်မယ်ဆိုတဲ့ အဆိုပြုချက်ကိုလည်း တရုတ်ဘက်က သဘော တူခဲ့ တယ်လို့လည်း ဦးထွန်းထွန်နိုင်ကပြောပါတယ်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းမှာ လုပ်ကိုင်မယ့် လုပ်ငန်းများစွာရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာတော့ တရုတ်ဘက်က လုပ်ငန်း ၄၀ နီးပါးအဆိုပြုခဲ့ကာ လုပ်ငန်း ၉ ခုကိုသာ စတင်လုပ်ဆောင်ဖို့သဘောတူခဲ့ပါတယ်။

အဲဒီထဲမှာတော့ မူဆယ်-မန္တလေး ရထားလမ်းစီမံကန်း၊ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ ကံပိုက်တီး၊ မူဆယ်နဲ့ချင်းရွေဟော်မှာ လုပ်မယ့် စက်မှုဇုံစီမံကိန်းနဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ပါဝင်တယ်လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

၃) ရသေ့တောင်မှာ တိုက်ပွဲကြောင့် လူ ၁,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ အတူ ရွာအနီးကပါ သေနတ်သံတွေ ကြားရတဲ့ အတွက် ကျေးရွာ ၃ ရွာက လူပေါင်း ၁,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာဆိုရင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ရွာသားတစ်ဦးတို့ကို အစိုးရ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က ဈီးခေါင်း၊ ဘူးသီးတောင်မြို့နယ်က ကျောက်ပြင်ဆိပ်နဲ့ သိုင်းတပုတ်ကျေးရွာတွေရဲ့ ရွာအနီးအနား အထိ မေလ ၂၉ ရက်နေ့ကတည်းက အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေက ဖြစ်ပွားခဲ့တာပါ။ မေလ ၃၀ ရက်နေ့မှာလည်း လက်နက်ကြီးပေါက်ကွဲသံတွေ၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားရတဲ့ အတွက် အဲဒီ ရွာ ၃ ရွာက အရပ်သားတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ပိုမို လုံခြုံတဲ့ ရက္ခုံတိုင်ကုန်းတန်း ကျေးရွာကို ထွက်ပြေးခဲ့ကြရတယ်လို့ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဘူးသီးတောင်မြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာကနေ ရသေ့တောင်မြို့နယ် ဈီးခေါင်းချောင်းကို လှေနဲ့ ဖြတ်ကူးတဲ့ အစိုးရတပ် စစ်ကြောင်း တစ်ခုကို အေအေ တပ်ဖွဲ့တွေက ပစ်ခတ်ရာကနေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၃၀ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။

ရသေ့တောင်မြို့ ပေါ် အခြေစိုက် တပ်ရင်းတွေနဲ့ ကျောက်တော် ကန်စောက် အမြောက်တပ်ရင်းက ပုဏ္ဍားကျွန်းမြို့နယ် သြရမတောင်တန်းတွေဘက်ကို အမြောက်တွေ နဲ့ မေလ ၃၀ ရက် နေ့ တစ်နေ့လုံး ပစ်ခတ်တာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

ရခိုင်ပြည်နယ်က အစိုးရတပ်နဲ့ အေအေ တို့ ကြားတိုက်ပွဲတွေဟာ ၂၀၁၈ နှစ်ကုန်းပိုင်းကတည်း စတင် ပြင်းထန်နေခဲ့တာပါ။

အခုရက်ပိုင်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အတွင်း အခြား ဖြစ်စဉ် တစ်ခုမှာတော့ ကျောက်တော်မြို့နယ်ရှိ မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နဲ့ ရွာသား တစ်ဦးဖြစ်သူ ဦကျန်းသိန်းအောင်တို့ကို အစိုးရ စစ်တပ်ကနေ ခေါ်ဆောင်သွားရာမှာ လက်ရှိ အချိန်အထိ ပြန်မရောက်သေးတဲ့ အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သမီးဖြစ်သူ မအေးလှရီက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ တပ်မတော်ဘက်က တပ်အင်အားတွေကို အလုံးအရင်း ဖြည့်တင်းနေသလို အေအေ တပ်ဖွဲ့ဝင်တွေရှိနိုင်မယ့် တောင်တန်းတွေဘက်ကို ကို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်တာတွေ ရှိနေတဲ့ အတွက် ရခိုင် တိုက်ပွဲတွေက ရှေ့မှာ ပိုမို ပြင်းထန်လာနိုင်တဲ့ အနေအထား ရှိနေတယ်လို့ ဘီဘီစီရဲ့ ရခိုင်သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရားမဝင် ရွှေ့ပြောင်းသူများ အရေးက သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိထဲက တစ်ခု ဖြစ်

၄) အမေရိကန်က မက္ကစီကိုရဲ့ ကုန်ပစ္စည်းအားလုံး အပေါ် သွင်းကုန်ခွန် စည်းကြပ်ဖို့ ရှိ

မက္ကစီကိုရဲ့ သွင်းကုန်ပစ္စည်း အားလုံး အပေါ် သွင်းကုန်ခွန် စည်းကြပ်ကောက်ခံမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ ဒါဟာ အမေရိကန်ထဲကို တရားမဝင် ရွှေ့ပြောင်း သူလာသူတွေ အရေး အပေါ် မက္ကစီကို အနေနဲ့ ဖိဖိစီးစီး ထိန်းချုပ်စေဖို့ ဖိအားပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်စ ပြီး မက္ကစီကို ကုန်ပစ္စည်းတွေကို အခွန် ၅ ရာခိုင်နှုန်း ကောက်ခံ သွားမှာ ဖြစ်ပြီး အလယ်ပိုင်း အမေရိက ဒေသက တရားမဝင်ရွှေ့ပြောင်းသူတွေ အမေရိကန်ကို ဝင်ရောက်နေတာတွေ မရပ်မချင်း အခွန်နှုန်းကို တဖြည်းဖြည်း တိုးမြှင့် သွားမယ်လို့ သမ္မတ ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာကနေတဆင့် ကြေညာလိုက်တာပါ။

အမေရိကန်က အခုလို သွင်းကုန်ခွန် ကောက်ခံမယ့် ဆောင်ရွက်ချက်ဟာ ဆိုးရွားတဲ့ ဘေးဒုက္ခ ဖြစ်လာစေမယ်လို့ မက္ကစီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မစ္စတာ ထရမ့်ရဲ့ တွစ်တာ ကြေညာချက်ဟာ အိမ်ဖြူတော် သမ္မတရုံးက ကွန်ဂရက် လွှတ်တော်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ အမေရိကန်နဲ့ မက္ကစီကို၊ ကနေဒါ ကုန်သွေးရေး သဘောတူညီမှု အပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်မလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွပ်စွဲချက် မြောက်မြားစွာ ရင်ဆိုင်နေရပေမယ့် အာရ်ကယ်လီကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထား

၅) အဆိုတော် အာရ်ကယ်လီ လိင်ပိုင်းဆိုင်ရာ ပြစ်မှု ၁၁ ခု ထပ်မံ အမှုဖွင့်ခံရ

လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေနဲ့ တရားစွဲဆို ခံနေရတဲ့ အမေရိကန် R&B အဆိုကျော် အာရ်ကယ်လီကို နောက်ထပ် လိင်စော်ကားမှု ၁၁ ခုနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တရားရုံးမှတ်တမ်းတွေ အရ အသက် ၁၃ နှစ်ကနေ အသက် ၁၆ နှစ်ကြား ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အနိုင်ကျင့်မှု တွေနဲ့ ဆက်စပ်ပြီး တရားစွဲဆိုခံရတာလို့ ဆိုပါတယ်။ ဒီထဲက တချို့ အမှုတွေဟာ ပြစ်မှုထင်ရှားခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၃၀ အထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

အာရ် ကယ်လီ ဟာ ၂၀၁၉ အစောပိုင်းတုန်းကလည်း ဆိုးရွားပြီး ရာဇဝတ်မှု မြောက်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ၁၀ ခုနဲ့ တရားစွဲဆို ခံထားရပါတယ်။ အဆိုတော်က အဲဒီအမှုတွေ အားလုံးမှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုထားပြီး လက်ရှိမှာ အာမခံနဲ့ အပြင်မှာ နေခွင့်ရနေပါတယ်။

အခုနောက်ဆုံး ထပ်မံ တရားစွဲဆိုခံလိုက်ရတဲ့ အမှုတွေဟာ အရင် ရှိပြီးသား အမှု အပေါ် ထပ်မံ စွဲဆိုချက်တွေသာ ဖြစ်ပြီး အခြား အသစ် ပြောင်းလဲမှု မရှိဘူးလို့ အာရ်ကယ်လီရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာပို့စ်ကနေ ပြန်လည် တုံ့ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ