ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြစ်ဒဏ်သက်သာခွင့်နဲ့ အင်းဒင်လူသတ်မှုက တပ်မတော်သားတွေလွတ်ခဲ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေနဲ့ဆိုင်တဲ့ ပြစ်မှုတွေအတွက် တပ်မတော်တရားရုံးက တရားစီရင်ခွင့် ရှိ ဓာတ်ပုံ မူပိုင် LYNN BO BO/AFP/Getty Images
Image caption ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေနဲ့ဆိုင်တဲ့ ပြစ်မှုတွေအတွက် တပ်မတော်တရားရုံးက တရားစီရင်ခွင့် ရှိ

၂၀၁၇ ခုနှစ် တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာက မွတ်စလင် ၁၀ ဦး အစုလိုက် သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အတွက် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ၁၀ ဦးကို တပ်မတော် တရားစီရင်ရေးအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်နဲ့ ပြန်လွှတ်ပေးလိုက်တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက တရားဝင် ပြောဆိုလိုက်ပါတယ်။

မေလ ၃၁ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ အစိုးရ တတိယ တစ်နှစ်တာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အဲဒီလို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ နေပြည်တော်က ပြည်ထဲရေး၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တုန်းက တပ်မတော်သား ၇ ဦးကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာ မရှိဘူးလို့ အကျဉ်းဦးစီးဌာနဘက်က ပြောခဲ့ပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကတော့ ဒါကို အတိအကျ အတည်ပြု မပေးခဲ့ပါဘူး။

အဲဒီ ၇ ယောက် ဟာ ထောင်ကျတာ တစ်နှစ် မပြည့်ခင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကတည်းက လွတ်မြောက်ခဲ့ပြီး ဖြစ်တယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အစောပိုင်းတုန်းက ရေးသားခဲ့ပါတယ်။

မေလ ၃၁ ရက် နိုင်ငံတော် အတိုင်ပင်ခံရုံး ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်အရာရှိ ၄ ဦးနဲ့စစ်သည် ၃ ဦးတို့ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာမိန့်နဲ့ လွတ်မြောက်ခဲ့တာ မဟုတ်ဘဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြစ်ဒဏ် သက်သာခွင့် ပေးလိုက်တဲ့အတွက် လွတ်မြောက်သွားကြတာလို့ အစိုးရဘက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်ရွာ လူသတ်မှုကို နိုင်ငံတကာကလည်း ဝေဖန်ထောက်ပြခဲ့ကြ

ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တပ်မတော်သားတွေက ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (စစ်တွေ) ကတဆင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီမှာ သနားခံစာ တင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးချုပ် က စစ်ဥပဒေ ချုပ်ရုံးကို ဥပဒေ ကြောင်း အရ မေးမြန်းပြီးနောက် စစ်ဥပဒေချုပ် ရုံးရဲ့ ပြန်လည် တင်ပြချက် အရ ထောင်ဒဏ် ၁၀ နှစ် ကနေ ၁ နှစ် ကို လျှော့ချလိုက်တယ် ဆိုပြီး တပ်မတော်ကနေ သိရတယ်လို့ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။

တပ်မတော်သား ၇ ယောက်ကို စစ်တရားရုံးက ပြစ်ဒဏ် ချခဲ့တာ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ စစ်ဘက် အယူခံ တရားရုံးမှာ အယူခံ တက်တာ ဖြစ်စေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာ တင်တာဖြစ်စေ အကျဉ်းသား တွေဘက်က ဆောင်ရွက် နိုင်တယ်လို့ စစ်ဘက် တရားစီရင်ရေး စနစ် အကြောင်း ကို ပြီးခဲ့တဲ့ မေ ၂၇ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်းက ဖြေဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption ၂၀၁၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ အင်းဒင်ရွာ ၁၀ လောင်းပြိုင် လူသတ်မှုကို နောက်ပိုင်းမှာ အာဏာပိုင်တွေ လာရောက် စစ်ဆေးခဲ့

အင်းဒင် လူသတ်မှု ဖြစ်စဉ်မှာ တပ်မတော်သား ၇ ဦးအပြင် ရဲတပ်သားတစ်ဦးလည်း ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို ကျောင်းဆရာ တစ်ဦးကိုလည်း ထောင်ဒဏ် ၅ နှစ် ကျခံဖို့အမိန့်ချခဲ့ပါတယ်။

အဲဒီနှစ်ဦးထဲမှာ ထောင် ၃ နှစ် ချခံခဲ့ရသူ ရဲ တပ်သား ဇွဲမောင်မောင်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆ (ခ) နဲ့ အရ အရေးယူခံခဲ့ရတာ ဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲဆိုခြင်း မခံခဲ့ရပါဘူး။ ရဲတပ်သား ဇွဲမောင်မောင်ကလည်း လျှော့ပေါ့ ပြစ်ဒဏ် ပြင်ဆင်ပေးဖို့ အယူခံ တင်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ်နဲ့ ၇ လ ကျခံပြီးချိန်မှာ ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့လို့ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့က လွတ်မြောက်သွားခဲ့ကြောင်း ဦးဇော်ဌေးက မေ ၃၁ သတင်းစာ ရှင်းလင်းပွဲမှာ တပါတည်း ဖြေဆိုသွားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေနဲ့ဆိုင်တဲ့ ပြစ်မှုတွေအတွက် တပ်မတော်တရားရုံးက တရားစီရင်ခွင့် ရှိသလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆိုင်တဲ့အမှုတွေမှာလည်း ရဲတရားရုံးက တရားစီရင်ခွင့် ရှိပါတယ်။

အင်းဒင်ကျေးရွာလူသတ်မှု ဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးလွတ်မြောက် သွားပေမယ့် လူသတ်မှုမှာ ပါဝင်ခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံခဲ့ရသူ ကျောင်းဆရာ ဦးအေးထွန်းကတော့ ထောင်ထဲမှာ ဆက်ရှိနေပါတယ်။

အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ထောင် ၇နှစ်ချခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ကတော့ ထောင်ထဲမှာ ရက်ပေါင်း ၅၀၀ ကျော် နေခဲ့ရပြီး ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာအမှု - ဖခင်နဲ့ သမီးငယ် လွတ်လွတ်လပ်လပ် ဆုံစည်းခွင့်ရသောအခါ

ဒီသတင်းနဲ့ပတ်သက်သမျှ