မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးမှု ညွှန်မှူးအပါအဝင် လဝက ၃၂ ဦးကို အရေးယူ

မူလနေထိုင်ရာ စစ်တွေမြို့က ဒုက္ခသည်စခန်းကို ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက် ပြန်ပို့စဉ် ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မူလနေထိုင်ရာ စစ်တွေမြို့က ဒုက္ခသည်စခန်းကို ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်က ပြန်ပို့စဉ်

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မွတ်ဆလင် ဒုက္ခသည် ၁၀၀ ကျော် ပါလာတဲ့ စက်လှေ တစ်စီး ဖမ်းဆီးရမိမှုက ဒုက္ခသည်တွေ ထွက်ပြေးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လဝက အရာရှိနဲ့ ဝန်ထမ်း ၃၂ ယောက်ကို အရေးယူလိုက်တယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

အဲဒီ ထွက်ပြေးလာသူတွေဟာ စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေ အများစုဖြစ်ပြီး အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဝန်ထမ်းတွေကို အရေးယူလိုက်တာ ဖြစ်ပါတယ်။

မေလ ၃၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ အစိုးရရဲ့ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က ပြောခဲ့တာ ဖြစ်ပါတယ်။

"ဝန်ထမ်းတွေက ငွေပေးငွေယူ ကိစ္စလေးတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုပြီးမှ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ သွားပြီးစစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့မှ ဝန်ထမ်းပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်တွေလည်းပါပါတယ်။ ဒါတွေလည်း စစ်ဆေးပြီးတော့ အရေးယူထားတာ ရှိပါတယ်။ အရာရှိ ၂ ဦး ပါပါတယ်။ ညွှန်မှူးတစ်ယောက်ပါပါတယ်၊ ဒုညွှန်မှူးတစ်ယောက်ပါပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီလို အရေးယူရာမှာ ၃၂ ယောက်အနက် ၆ ယောက်ကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခဲ့ပြီးတော့ ကျန်တဲ့သူတွေကို ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့တယ်လို့ ပြောပါတယ်။

ဘယ်သူတွေကို ထုတ်ပယ်ပြီး ဘယ်သူတွေကို ဝန်ထမ်းစည်းမျဉ်းနဲ့ ဘယ်လို အရေးယူတယ်ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။

ဓာတ်ပုံ မူပိုင် AFP/Getty Images

ကျောက်တန်းမြို့နယ်မှာဖမ်းမိတဲ့ ဒုက္ခသည်တွေဟာ စစ်တွေမြို့မှာ ရှိတဲ့ သက်ကယ်ပြင်၊အုန်းတောကြီး မြောက် စတဲ့ ဒုက္ခသည်စခန်းက မွတ်ဆလင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

သူတို့တွေ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ထွက်ခွာနိုင်ဖို့လဝက အရာရှိတွေကို ငွေပေးခဲ့ရတယ်လို့ ထွက်ပြေးသူတွေက ပြောပြခဲ့တယ်ဆိုတဲ့အကြောင်း ဒုက္ခသည်စခန်းကအမည်မဖော်လို သူတစ်ဦးကလည်း ပြောပါတယ်။

အဲဒီလို ထွက်ပြေးနိုင်အောင် လဝကတွေကို တစ်ဦးကို ကျပ်တစ်သိန်းခွဲလောက် ပေးရပြီး ရဲတပ်ဖွဲ့ကိုလည်း ပေးရတယ်လို့ ပြောခဲ့တယ်လို့ သူက ပြောပြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

အဲဒီလို လှေစီးထွက်ခွာထွက် ပြေးတာနဲ့ပတ်သက်လို့စစ်တွေမြို့ သံချောင်းဒေသမှာ တာဝန်ကျတဲ့ ရဲအရာရှိတချို့ကို လည်း အရေးယူလိုက်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ အခုအချိန်ထိ လဝက အမှုထမ်း၊အရာထမ်း စုစုပေါင်း ၂၆၂ ဦးကို အရေးယူထားတယ်လို့ ဦးအေးလွင်က ပြောပါတယ်။