တရုတ်ကို မူဆယ် နယ်စပ် ကတဆင့် ဆန်တရားဝင် ရောင်းမယ့် စာချုပ်ချုပ်

မြန်မာကုန်သည်တွေအတွက် အဆင်ပြေအောင် အခုတစ်ကြိမ်မှာ ငွေကြေးနဲ့ ရောင်းချနိုင်ဖို့ ချုပ်ဆိုခဲ့ ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြန်မာကုန်သည်တွေအတွက် အဆင်ပြေအောင် အခုတစ်ကြိမ်မှာ ငွေကြေးနဲ့ ရောင်းချနိုင်ဖို့ ချုပ်ဆိုခဲ့

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို မူဆယ်နယ်စပ်ကတဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ နှစ်ဘက် ကိုယ်စားပြု ကုမ္ပဏီတွေအကြား မေ ၃၁ရက်နေ့မှာ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။

အဲဒီစာချုပ်အရ ဆန်တန်ချိန်တစ်သောင်းတင်ပို့နိုင်မှာ ဖြစ်ပါတယ်။

အခု သဘောတူစာချုပ်ကို ယူနန်ပြည်နယ် အစိုးရကိုယ်စားပြု စွေချိုက်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကိုယ်စားပြု ရှမ်းမြောက် အများပိုင် ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက နှစ်နိုင်ငံအကြား ကုန်ပေးကုန်ယူစနစ် (ဘာတာစနစ်) ကိုအကောင်အထည် ဖော်ဖို့ ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်ညှိနှိုင်းရာက အခုလိုရောင်းချနိုင်ဖို့သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာတာစနစ်နဲ့ဆိုရင် မြန်မာကုန်သည်တွေအတွက် အဆင်မပြေနိုင်တာကြောင့် အခုတစ်ကြိမ်မှာ ငွေကြေးနဲ့ ရောင်းချနိုင်ဖို့ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ မူဆယ် နယ်စပ်ဆန်ကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာကုန်သည်တွေအတွက် အဆင်ပြေအောင် အခုတစ်ကြိမ်မှာ ငွေကြေးနဲ့ ရောင်းချနိုင်ဖို့ ချုပ်ဆိုခဲ့

အခုချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်အရ ဆန်တန်ချိန်တစ်သောင်းကို ရက်ပေါင်း ၃၀ အတွင်း မူဆယ် နယ်စပ်က တဆင့် တရုတ်နိုင်ငံ ကူမင်းမြို့ကို တင်ပို့ရောင်းချရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးမျိုးသူရအေးက ဘီဘီစီကို ပြောပါတယ်။

မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်တွေကို ဘာတာစနစ်နဲ့ ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေနဲ့ လည်း စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦးတစ်ဦးဖြစ်တဲ့ ဦးမျိုးသူရအေးက ဘီဘီစီ ကိုပြောပါတယ်။

မြန်မာနယ်စပ်ကတဆင့် တရုတ်ကို ဆန်တင်ပို့ရောင်းချတာတွေရှိပေမယ့်လည်း မြန်မာဘက်ကသာ တရားဝင်ပြီး တရုတ်နိုင်ငံဘက်က တရားမဝင်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုချုပ်ဆိုခဲ့တဲ့ စာချုပ်အရ မြန်မာ-တရုတ် ဆန်ကုန်သွယ်ရေးကုန်ပစ္စည်းဖလှယ်ခြင်းခေါင်းစဉ်နဲ့ နယ်စပ် ကုန်သွယ်ရေးကနေ ပထမဆုံး တရားဝင်တင်ပို့နိုင်တော့မှာလည်းဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ