အစ္စရေး လက်နက်ပြပွဲရောက် မြန်မာ တပ်မတော် အရာရှိတွေ

အစ္စရေး ဓာတ်ပုံ မူပိုင် HAARETZ
Image caption အစ္စရေးတပ်မတော်က ဖိတ်တာလား၊ ပွဲစီစဉ်သူတွေက ဖိတ်လို့လား

အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှာ ပြုလုပ်တဲ့ လက်နက်ပြပွဲကို မြန်မာ အစိုးရ စစ်တပ်က အရာရှိတွေ တက်ရောက်လာတာ တွေ့ရပါတယ်။

အစ္စရေး သတင်းစာ ဟာအားရက်ဇ်က ဖော်ပြတဲ့ သတင်း ဓာတ်ပုံတွေအရ ဗိုလ်မှူးကြီး ရာထူး အဆင့် ရှိသူ တစ်ယောက် အပါအဝင် တပ်မတော် အရာရှိ အနည်းဆုံး ၃ ယောက် တဲလ်အဗီး လက်နက်ပြပွဲမှာ ရှိနေခဲ့ပါတယ်။

ISDEF 2019 လို့ ခေါ်တဲ့ အဲဒီ လက်နက်ပြပွဲမှာ အစ္စရေးရဲ့ ကာကွယ်ရေး၊ အမိမြေလုံခြုံရေးနဲ့ ဆိုင်ဘာလုံခြုံရေး ဆိုင်ရာ နည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် နိုင်ငံတကာကလည်း လာရောက် ပြသတာ ဖြစ်ပါတယ်။

ဘယ်ရာထူး အဆင့်ရှိတဲ့ ဘယ်သူတွေကို အစ္စရေး လက်နက်ပြပွဲကို စေလွှတ်ထားတယ်လို့ တပ်မတော်က မထုတ်ပြန်ပေမယ့်၊ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတွင်းရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တကယ်လို့ အစ္စရေးဘက်က ဖိတ်တယ်ဆိုရင် မြန်မာ့ တပ်မတော် အရာရှိတွေ အဲဒီမှာ ရောက်နေတာ ဖြစ်နိုင်ပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HARRETZ
Image caption ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး ရာထူးအဆင့် တစ်ဦးစီ ရောက်လာတာ တွေ့ရ။

ISDEF ၂ဝ၁၉

စစ်တပ်၊ ရဲတပ်ဖွဲ့၊ အထူးတပ်ဖွဲ့နဲ့ ဆိုင်ဘာလုံခြုံရေး အဖွဲ့တွေ အတွက် လိုအပ်တဲ့ နည်းပညာနဲ့ လက်နက် အသစ်အဆန်းတွေကို ပြသတဲ့ နိုင်ငံတကာ လက်နက်ပြပွဲ ISDEF ပွဲတွေကို ၂ဝဝ၇ ခုနှစ် ကတည်းက ကျင်းပလာတာ ဖြစ်ပါတယ်။

ဒီ နှစ် ၂ဝ၁၉ မှာတော့ အစ္စရေး နိုင်ငံ၊ မြေထဲပင်လယ် ကမ်းရိုးတန်းမြို့ တဲလ်အဗီးမှာ ဇွန် ၄ ရက်နေ ၆ ရက်အထိ ၃ ရက်တာ ကျင်းပတာ ဖြစ်ပါတယ်။

ISDEF ရဲ့ ၁ဝ ကြိမ်မြောက် ပွဲ ဖြစ်ပြီး အစ္စရေးမှာ လုပ်ဖူးသမျှ လက်နက်ပြပွဲတွေထဲ အကြီးဆုံး ဖြစ်ပါတယ်။

ဒီပွဲမှာ ကုမ္ပဏီပေါင်း ၃ဝဝ ဝန်းကျင်က သူတို့ရဲ့ ထုတ်ကုန်တွေကို လာရောက် ပြသထားပြီး၊ ကမ္ဘာအနှံ့က စိတ်ဝင်စားသူ တစ်သောင်းခွဲ ဝန်းကျင် လာကြည့်ကြမယ်လို့ ပွဲစီစဉ်သူတွေ မျှော်လင့်ထားပါတယ်။

မြန်မာ တပ်အရာရှိတွေ တက်ရောက်မှုရဲ့ ဂယက်

အဲဒီ တဲလ်အဗီး လက်နက်ပြပွဲကို မြန်မာ့ တပ်မတော်ရဲ့ အရာရှိတွေ ရောက်လာတဲ့ အတွက် အစ္စရေး အစိုးရကို လူ့ အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အစ္စရေး ပြည်တွင်း သတင်းစာ တချို့က ဝေဖန်ကြပါတယ်။

မြန်မာ့တပ်မတော်ကို ပွဲလာတက်ဖို့ အစ္စရေး စစ်တပ်က ဖိတ်ကြားခဲ့လား၊ ISDEF ပွဲစီစဉ်သူတွေကပဲ ဖိတ်ကြားခဲ့လား ဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

ဝေဖန်သူတွေကတော့ မြန်မာစစ်တပ်ကို အစ္စရေး အစိုးရက လက်နက်ရောင်းတာ မရပ်သေးဘူး ဆိုပြီး အခုပွဲကို ထောက်ပြပြီး ပြောဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် HAARETZ
Image caption အစ္စရေး လက်နက်ပြပွဲမှာ တွေ့ရတဲ့ မြန်မာ တပ်မတော်က ဗိုလ်မှူးကြီး

မြန်မာ စစ်တပ်ကို လက်နက် မရောင်းဖို့ အစ္စရေး နိုင်ငံ တရားရုံးချုပ်က ၂ဝ၁၇ မှာ ကတည်းက အမိန့်ချထားပြီး ဖြစ်တယ်လို့ ဟာအားရက်ဇ် သတင်းစာက ရေးပါတယ်။

ရခိုင်မြောက်ပိုင်း အဖြစ်အပျက်တွေမှာ ရိုဟင်ဂျာ အရပ်သားတွေကိုပါ အစိုးရတပ်က ပစ်မှတ်ထားခဲ့တယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ဝေဖန်သံတွေနဲ့ အတူ မြန်မာကို လက်နက် မရောင်းဖို့ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက ဆက်လက် ကန့်သတ် ထားပါတယ်။

အစ္စရေး နိုင်ငံထဲမှာလည်း အလားတူပဲ မြန်မာကို လက်နက် မရောင်းဖို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ပြပွဲမှာ လာရောက် ခင်းကျင်း ပြသနေတဲ့ ကုမ္ပဏီ တချို့ကတော့ မြန်မာအပေါ် အဲဒီလို ကန့်သတ်ထားတာကို သူတို့ မသိဘူးဆိုပြီး ဟာအားရက်ဇ် သတင်းစာကို ပြောသူတွေ ရှိပါတယ်။

ကုမ္ပဏီတချို့ ပြောတာကတော့ သူတို့ဘက်က ပြသရုံပြသတာ ဖြစ်ပြီး၊ တကယ်တမ်း ဝယ်ယူခွင့် ရှိမရှိ ဆိုတာ သက်ဆိုင်ရာ နိုင်ငံတွေက အသိဆုံး ဖြစ်မှာပဲလို့ ဆိုသူတွေလည်း ရှိပါတယ်။

တဲလ်အဗီးပွဲမှာ ရှိနေခဲ့တဲ့ တပ်မတော် အရာရှိတွေကိုလည်း လက်နက် ဝယ်ယူဖို့ အစီအစဉ် ရှိလား ဆိုပြီး ဟာအားရက်ဇ် သတင်းစာက မေးခဲ့ပေမယ့် အဲဒီ အရာရှိတွေက ဖြေဆိုဖို့ ငြင်းဆန် ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ အရာရှိတွေဟာ အိန္ဒိယ အစိုးရက လာရောက် ခင်းကျင်း ပြသထားတဲ့ နေရာမှာ စိတ်ဝင်တစား ကြည့်ရှု နေကြတာ တွေ့ရတယ်လို့ ပြပွဲမှာ ရှိနေခဲ့သူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် israeldefense
Image caption အစ္စရေး ရေတပ်ကို လေ့လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ၂ဝ၁၅။
ဓာတ်ပုံ မူပိုင် Myanmar Navy
Image caption မြန်မာ့ရေပြင်ထက် တွေ့ရတဲ့ အစ္စရေးလုပ် Super Dvora MK 3
ဓာတ်ပုံ မူပိုင် cincds.gov.mm
Image caption အဏ္ဏဝါဒိုင်း ရေတပ် လေ့ကျင့်ခန်းထဲမှာလည်း အစ္စရေးလုပ် စစ်ရေယာဉ်တွေ ပါဝင်

မြန်မာ-အစ္စရေး စစ်ဘက် ဆက်ဆံရေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂ဝ၁၅ စက်တင်ဘာ လဆန်းပိုင်းမှာ အစ္စရေးကို သွားရောက်ခဲ့ဖူးပါတယ်။

အဲဒီ ခရီးစဉ် အတွင်းမှာပဲ အစ္စရေးလုပ် Super Dvora MK 3 လို့ ခေါ်တဲ့ မြန်နှုန်းမြင့် ကင်းလှည့် စစ်ရေယာဉ်တွေ ဝယ်ယူတဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ အစ္စရေး သတင်းဌာနတချို့က ရေးခဲ့ပါတယ်။

အခုနှစ် မတ်လထဲမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ရေရဲ့ "စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု အဏ္ဏဝါဒိုင်း ၂ဝ၁၉" လေ့ကျင့်ခန်းမှာ ပါဝင်တဲ့ သိမ်းငှက် အမြန်သွား တိုက်ခိုက်ရေးယာဉ် နှစ်စီးလည်း အစ္စရေးလုပ်လို့ ယူဆရတယ် ဆိုပြီး သေနင်္ဂ ဗဟာဗျုဟာ လေ့လာရေး အဖွဲ့ကို ထူထောင်သူ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် worldmilitaryintel
Image caption အူဇီပုံပြောင်း BA 94

တခါ၊ တပ်မတော်မှာ အသုံးပြုတဲ့ BA 94 သေနတ်ကလည်း အစ္စရေးလုပ် အူဇီ သေနတ်ကို ပုံစံယူ ထုတ်ထားတာ ဖြစ်ပါတယ်။ အစ္စရေးဆီက နည်းပညာကို တိုက်ရိုက်ရယူ ခဲ့တာလား၊ ဒါမှမဟုတ် ပုံစံတူလိုက်ပြီး မြန်မာ့တပ်မတော်က ကိုယ့်ဘာသာ ထုတ်လုပ်ခဲ့တာလား ဆိုတာကတော့ ကွဲကွဲပြားပြား မသိရပါဘူး။

အစ္စရေးကို စစ်ပညာတော်သင် စေလွှတ်တာမျိုး၊ ပြည်တွင်းကို အစ္စရေး စစ်ဘက်ဆိုင်ရာ ပညာရှင်တွေ ခေါ်ပြီး သင်ယူတာမျိုးတွေ ရှိမနေဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစ္စရေး ထောက်လှမ်းရေး မော့ဆက်အဖွဲ့ဟာ နာမည်ကြီး ဖြစ်တဲ့ အတွက် မြန်မာထဲကလည်း အစ္စရေးကို သွားပြီး ထောက်လှမ်းရေး ပညာ သင်ယူခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ဖူးပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သူ့ အနေနဲ့ မတွေ့မကြုံဖူးတဲ့ အတွက် အတည်ပြုဖို့ရာ ခက်တယ်လို့ ပြောပြီး၊ အခုခေတ်မှာတော့ အဲဒီလို ထောက်လှမ်းရေး ပညာသင်ယူဖို့ အစ္စရေးကို စေလွှတ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒီမိုကရေစီနိုင်ငံတည်ဆောက်နေချိန်မှာ မြန်မာ့တပ်မတော် အနေနဲ့ ဘယ်လို အပြောင်းအလဲတွေ လုပ်သင့်သ

ရန်သူနိုင်ငံတွေ ပတ်ချာဝိုင်းထားတဲ့ အနေအထားကနေ တိုင်းပြည်လုံခြုံရေးနဲ့ကာကွယ်ရေးကို လုပ်ဆောင်နေတဲ့ အစ္စရေး တပ်မတော်ရဲ့ စိတ်ဓာတ်မျိုးကို အတုယူသင့်တယ် ဆိုတဲ့ သဘောထား အမြင်မျိုး တပ်မတော်ထဲ ရှိတယ်လို့ စစ်ရေး သုတေသီ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

စစ်လက်နက် ပစ္စည်း၊ နည်းပညာတွေနဲ့ ပတ်သက်လို့တော့ အမေရိကန်နဲ့ အစ္စရေး နီးစပ်တဲ့ အတွက် မြန်မာကို အမေရိကန်က စစ်လက်နက် မရောင်းရ ပိတ်ထားချိန်မှာ အစ္စရေးဆီကလည်း ရဖို့ မလွယ်ဘူးလို့ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ