တက္ကသိုလ်ဝင်တန်း အောင်ချက် မနှစ်ကထက်အနည်းငယ်လျော့

ရမှတ်ပေါင်း ၅၅၅ မှတ်နဲ့ တစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရှင် မောင်ကျော်လင်းသန်း ဓာတ်ပုံ မူပိုင် ShweInnTharKhinMgWin
Image caption ရမှတ်ပေါင်း ၅၅၅ မှတ်နဲ့ တစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရှင် မောင်ကျော်လင်းသန်း

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ရှစ်သိန်းငါးသောင်း ကျော်ရှိတဲ့ အနက် နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်နှစ်အောင်ချက်အောက် တစ်, ရာခိုင်နှုန်းကျော်ကျော်လျော့နည်းခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်ကနေသိရပါတယ်။

' ' ပြီးခဲ့တဲ့နှစ်ထက် အောင်ချက် ၁ဒသမ ၃၈ ရာနှုန်းကျခဲ့သလို ဂုဏ်ထူးရသူအရေအတွက်ကလည်း ၈နှစ်အတွင်းမှာ တတိယအနည်းဆုံးဖြစ်ခဲ့ပါတယ် ။ တိုင်းနဲ့ပြည်နယ်အလိုက် နည်းနည်းချင်းစီကျခဲ့လို့ အခုလို အောင်ချက်ရာခိုင်နှုန်းကျသွားတာဖြစ်တယ်''လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာမြတ်စိုးအောင်ကပြောပါတယ်။

တစ်နိုင်ငံလုံးအောင်မြင်သူ နှစ်သိန်းခြောက်သောင်းကျော်ရှိတဲ့အနက် မွန်ပြည်နယ်က အောင်ချက်ရာနှုန်း ၃၇ ဒဿမ ၅၄ ရာခိုင်နှုန်းနဲ့ အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးက ၃၆ဒဿမ ၁၃ရာနှုန်းနဲ့ ဒုတိယဖြစ်ခဲ့ပါတယ်။

အောင်ချက်ရာခိုင်နှုန်းနဲ့အတူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲနဲ့ ဝိပ္ပံဘာသာ တွဲ တွေမှာ အမှတ်အများဆုံးရရှိခဲ့သူတွေစာရင်းလည်း တစ်ပြိုင်တည်းထွက်ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ShweInnTharKhinMgWin
Image caption ဇွန် ၈ရက်နေ့ မနက်အစောပိုင်းက အောင်စာရင်းကြည့်ရှုနေသူများ

တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးဖြစ်သလို သိပ္ပံဘာသာတွဲနဲ့ တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမဆု ကိုတော့ ရန်ကုန်တိုင်းဒေသကြီး အ.ထ.က ၄ အလုံကနေတက်ရောက်ဖြေဆိုခဲ့တဲ့ မောင်ကျော်လင်းသန်းက အမှတ်ပေါင်း ၅၅၅ မှတ်နဲ့ နေရရှိခဲ့ပါတယ်။

' ' ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်အနေနဲ့ကတော့ ဆရာဝန်ကြီးဖြစ်ချင်တယ်။ ကလေးအထူးကု တစ်ယောက် ဖြစ်ချင်တယ်။ ငယ်ငယ်ကတည်းက နေမကောင်းလို့ သွားပြရတိုင်း ကျွန်တော်ကို ကုပေးတဲ့ ဆရာဝန်ကြီးတွေက လုံးဝစမတ်ကျတယ်။ အရမ်းအားကျခဲ့ရတယ်။ဒါကြောင့်လည်း ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ချင် တယ်။''လို့ တစ်နိုင်ငံလုံးအမှတ်အများဆုံးလည်းဖြစ် သိပ္ပံဘာသာတွဲ ပထမဆုရှင်လည်းဖြစ်တဲ့ မောင်ကျော်လင်း သန်းကသူ့ရည်မှန်းချက်ကို ဘီဘီစီကိုပြောပါတယ်။

Image caption ဝိဇ္ဇာဘာသာတွဲမှာ ရမှတ်ပေါင်း ၄၉၃မှတ်နဲ့ တစ်နိုင်ငံလုံး ပထမဆုရှင် မသဇင်ဝင်း

ဝိဇ္ဇာဘာသာတွဲမှာ ရမှတ်ပေါင်း ၄၉၃မှတ်နဲ့ တစ်နိုင်ငံလုံး ပထမဆုကိုတော့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ အထက၊ ကောက်တဲ့ရိုး၊ ကျုံပျော်မြို့နယ်က မသဇင်ဝင်းက ရရှိခဲ့တာဖြစ်ပါတယ်။

အမှတ်အများဆုံးဆုရှင်ဖြစ်ပေမယ့်လည်း မသဇင်ဝင်းဟာ ပြင်ပကျုရှင်မယူခဲ့ဘဲ မသိတဲ့စာတွေကို ကျောင်းက ဆရာမတွေကိုမေးကာ၊ တစ်နေ့စာ တစ်နေ့ပြီးအောင်ဖတ်လို့ အောင်မြင်ခဲ့တာဖြစ်တယ်လို့ သူမရဲ့မိဘတွေက ဘီဘီစီကိုပြောပါတယ်။

ကလေးတွေကို စာပြန်သင်ပေးချင်လို့ ဆရာမဖြစ်ချင်ပြီး ပညာရေး တက္ကသိုလ် ဆရာအတတ်သင် တက်ကာ ဘီအီးဒီ ဘွဲ့ယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ မသဇင်ဝင်းကသူမရဲ့ ရည်မှန်းချက်ကို ပြောပြပါတယ်။

တစ်နိုင်ငံလုံးအောင်မြင်သူ နှစ်သိန်းခြောက်သောင်းကျော်ထဲမှာ အကျဉ်းထောင်တွေထဲကနေ ဖြေဆို အောင်မြင်သူတွေလည်းရှိခဲ့ပါတယ်။

ဒီထဲကမှ အကျဉ်းထောင်အသီးသီးကနေ ဂုဏ်ထူးနဲ့အောင်မြင်သူ ၄၁ဦး ရှိခဲ့ပြီး ၃ဘာသာဂုဏ်ထူးရသူ ၄ဦးလည်းရှိခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ