ကျပ်သိန်းပေါင်း ၉၇၀၀ ကျော် မကွေးတိုင်း ပေါက် ရေနံမြေ ငွေကြေးအရှုပ်တော်ပုံ

မကွေးတိုင်းထဲမှာ အခုလို တူး ဖော်ကြ ဓာတ်ပုံ မူပိုင် Getty Images
Image caption မကွေးတိုင်းထဲမှာ အခုလို တူးဖော်ကြ

သိန်းပေါင်း ၉၇၀၀ ကျော် မကွေးတိုင်း ပေါက်ရေနံမြေ အရှုပ်တော်ပုံ နဲ့ပတ်သက်ပြီး ဇွန်လ ၇ ရက်နေ့က ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သရက္ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်တဲ့ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) နဲ့ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်တို့ကိုပါ အမှုဖွင့်ထားပြီး သူတို့နှစ်ဦးကတော့ တိမ်းရှောင်နေတယ်လို့ ဦးရဲထွန်းဝင်းက ပြောပါတယ် ။

ပေါက်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးကို ဆက်သွယ် မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

"ပမာဏက များမှာဗျ၊ အဂတိ ကော်မရှင်ကတော့ ကနဦး သူတို့တွေ့တာ တခုတည်း တင်ထားတာ၊ တိုင်တာကိုက ၂၀၁၇ ဒီဇင်ဘာထဲက တိုင်တာ သရက္ကန်ရွာ တစ်ခုတည်း စာရင်းအရ ဆိုရင်တော့ သိန်းပေါင်း ကျပ် ၉၇၀၀ ကျော်တယ်" လို့လည်း ဦးရဲထွန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထွက်လာတဲ့ရေနံကို ရေနံချက်ဖို့ သယ်ရင် လမ်းမှာဖြတ်တဲ့ရွာတွေကို တစ်ပေပါ ကျပ်ငါးထောင်ရပါတယ်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လက်ပံတို ရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာ ရေနံလက်ယက်တွင်းက ရေနံတူးဖော်နေသူတွေဟာ ပေါက်မြို့နယ် ကနေ မုံရွာမြို့ ကျောက်ကာ ရေနံချက်ဖိုတွေဆီကို သယ်ယူရာမှာ ရေနံသယ်ကားတွေဆီကနေ ၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက ငွေကောက်ခံနေတာ ဖြစ်ပြီး အဲဒီရေနံကားတွေကနေ ကောက်ယူရတဲ့ ဝင်ငွေဟာ သရက်က္ကန် ရွှာတခုတည်းတင် တစ်ရက်ကို အနည်းဆုံး သိန်း၅၀ ဝင်ငွေ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရေနံတူးဖော်ပြီး ရေနံတွေကို ပေပါနဲ့ သယ်ဆောင်နေတဲ့ သူတွေကနေ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ဆိုပြီး ငွေကြေး ကောက်ခံခဲ့တာဟာ သရက္ကန်ရွာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ လယ်အို၊ လက်ပံတို စတဲ့ ကျေးရွာတွေလည်း ပါပါတယ်။

ဒီရွာတွေက ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်ပြီး ရေနံထုတ်လုပ် တူးဖော်ခွင့်ပြုတာ ၊ ပေါက်မြို့နယ်က နေ မုံရွာမြို့နယ်ကို သယ်ယူခွင့် မျှောစာမပါဘဲ တရားမဝင် ရေနံတူးဖော သယ်ဆောင်နေသူတွေဆီက ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုပြီး ငွေကြေးကောက်ခံ ခဲ့တာအတွက် ကော်မရှင်ကို တိုင်ကြတာပါ။

ဓာတ်ပုံ မူပိုင် ပေါက်မြို့နယ် သတင်းစုံ
Image caption ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေ ငွေတွေကောက်တာ အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ "တိုင်ကြားစာအရ စစ်ဆေးခဲ့ရာမှာ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းက ငွေကျပ် ၈၈ သိန်းကျော်ကို လည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) က ၁၇ သိန်းကျော်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးက တာဝန်ထမ်းဆောင်စဉ် ငွေကျပ် သိန်း ၇၇၀ ကျော်၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်(ယခု မှုခင်း ရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်) က ငွေကျပ် လေးသိန်းခွဲကို လည်းကောင်း အကြိမ်ကြိမ် ခွဲယူခဲ့တာ တွေ့ရပြီး လုပ်ပိုင်ခွင့်အာဏာ ရှိသူက ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ တံစိုး လက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မ ရဲစခန်းမှာ ဇွန်လ ၇ ရက်နေ့က တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိတယ်"လို့ ဖော်ပြ ထားပါတယ်။

"ရေနံသယ်တဲ့ကားတွေက ၆ ဘီး ၈ ဘီး ၁၂ ဘီး အပြင် တွဲကားတွေနဲ့ပါ သယ်ကြတာ၊ သူတို့ဆီကနေ ပေပါတစ်လုံးကို ကျေးရွာဖွံ့ဖြိုးရေး ဆိုပြီး ကျပ် ၅၀၀၀ ကောက်တယ် အခုလည်းကောက်နေတုန်းပဲ" လို့ ဒေသခံတစ်ဦးကပြောပါတယ် ။

"ဒီကားတွေက အဲဒီလို ငွေပေးရတာ ကလည်း သူတို့တူးနေတာတွေဟာ လက်ရှိ ဥပဒေနဲ့မညီလို့ ပေးကြတာ ဖြစ်ပါတယ်၊ စာရင်းတွေကို ပြန်ကြည့်တော့ တစ်ရက် ဝင်ငွေက အနည်းဆုံး သိန်း ၅၀ ကနေ သိန်း ၃၀၀ အထိ ဝင်ငွေရှိတယ်"လို့ ဦးရဲထွန်းဝင်း က ပြောပါတယ်။

ဒီငွေ သိန်း ၉၇၀၀ လုံးကို ဆက်စစ်ရင်းနဲ့ အကုန်လုံးနီးပါးပေါ်လာလိမ့်မယ် ထင်ပါတယ် လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် မကွေးရေနံမြေ
Image caption မကွေးရေနံမြေ က ငွေကောက်တာ ရွာတစ်ရွာကို တစ်ရက် ဝင်ငွေက အနည်းဆုံး သိန်း ၅၀ ကနေ သိန်း ၃၀၀ အထိ ဝင်ငွေရှိ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ဒေသန္တရ ဝန်ကြီးဟောင်း တချို့ကို သူတို့လက်ထက် ဖြစ်ပေါ် ခဲ့တဲ့ ငွေရေးကြေးရေး အရှုပ်အရှင်းတွေနဲ့ ပတ်သက်လို့ စသုံးလုံး ထောက်လှမ်းရေး အဖွဲ့က ၂၀၁၇ နှစ်အတွင်းတုန်းက တစ်လ ကျော် စစ်ဆေးခဲ့ပါတယ်။

အဲဒီကိစ္စမှာတော့ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ခံ ထားတဲ့ ကျပ်သန်းပေါင်း ၃ ထောင်နီးပါး စာရင်းပျောက်နေတာ ဖြစ်ပါတယ်။

သရက္ကန်၊ လက်ပံတို၊ လယ်အို တို့က တိုင်ထားတာရှိပေမဲ့ ကျန်ရွာတွေမှာကတော့ ကျေးရွာ ဘက်က ကျေနပ်လို့ တိုင်ကြားတာ မရှိတာလို့လည်း ဒေသခံတွေက ပြောပါတယ် ။

တရားမဝင် လုပ်ငန်းတွေ ရှိလာတဲ့အတွက် ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေမှာ အခုလို လာဘ်ပေးလာဘ်ယူမှုတွေ ရှိလာတာလို့လည်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

လက်ရှိ ဥပဒေမှာ ရေနံ လက်ယက်တွင်းတွေကို မြေအောက် အနက် ပေတစ်ထောင်အောက်သာ ခွင့်ပြုတာ ဖြစ်ပြီးတော့ အခု လက်ပံတို ရေနံမြေမှာတော့ အနည်းဆုံး ပေနှစ်ထောင်မှာ တူးနေကြတာလို့လည်းဒေသခံတွေ ဆီကနေ သိရပါတယ်။

မကွေးတိုင်းအတွင်း ရေနံ လက်ယက်တွင်း ရှိတဲ့နေရာတိုင်းလိုလို ဒီပြဿနာတွေ ရှိနေပါတယ်။ အခုလို ဖြစ်ရတာဟာ လက်ရှိ ဥပဒေရဲ့ အားနည်းချက် တွေကြောင့် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ် ။

လက်ရှိ ဥပဒေကို ပြင်မလား၊ ဥပဒေစိုးမိုးအောင် လုပ်မလား ဆိုတာကလည်း နက်နဲတဲ့ ကိစ္စ ဖြစ်နေပါတယ် ။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပြီး ဖမ်းထားတဲ့ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သရက္ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကိုတော့ ပေါက်မြို့နယ် အချုပ်စခန်းမှာ ဇွန်လ ၇ ရက်နေ့က ဖမ်းထားပြီး ဇွန်လ ၈ ရက်နေ့မှာ မကွေးကို လွှဲလိုက်တယ်လို့ သိရကြောင်း ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲဝင်းကပြောပါတယ်။