လက်နက်ကြီးပစ်ခတ်သံကြောင့် ပလက်ဝမြို့နယ်ထဲကရွာသား ၅၀၀ကျော် စစ်ဘေးရှောင်တိမ်း

ထွက်ပြေးလာတဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ ဓာတ်ပုံ မူပိုင် Kyaw Aung
Image caption ထွက်ပြေးလာတဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နဲ့ ၇မိုင်ကျော် ဝေးတဲ့ ပလက်ဝမြို့နယ်ထဲက ရွာခြောက်ရွာက ရွာသား ၅၀၀ ကျော်ဟာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

ရွာအနီးအနားမှာ လက်နက်ကြီးပစ်ခတ်သံ သေနတ်သံတွေကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာရတာဖြစ်တယ်လို့ ထွက်ပြေးလာတဲ့ မကံဒီက ဘီဘီစီကို ပြောပါတယ်။

မကံဒီက " တကယ်တန်းတော့ လက်တွေ့မမြင်ဘူး၊ သေနတ်သံကြားတယ်။ ကြောက်လို့ ကမန်းကတန်း ထွက်ပြေးတာပေါ့ ။ ဘာပစ္စည်းမှ မယူနိုင်ဘူး အဝတ်သုံးလေးစုံနဲ့ ထွက်ပြေးခဲ့ရတာလို့ " ဆိုပါတယ်။

လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားရတဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေက အခုလို ထွက်ပြေးလာပေမယ့် အမျိုးသားတချို့တော့ ရွာကို မီးရှို့မခံရအောင် စောင့်ကြည့်ဖို့ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးလာသူတွေကတော့ သဲမချောင်းထဲရွာ၊ ချောင်းဝရွာ၊ ပိန္နဲတပင်ရွာ၊ကျောက်ပျဉ်ထောင့်ရွာ၊ လောင်းတင်ရွာနဲ့ ကြွေသောင်ရွာတို့က ဖြစ်ပြီး အခုချိန်ထိ စာရင်းအရ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၁ စုနဲ့ လူဦးရေ စုစုပေါင်း ၅၀၀ ကျော်ဖြစ်တယ်လို့ ပလက်ဝမြို့ လူမှုကူညီရေး အဖွဲ့က ကိုကျော်အောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် kyaw aung
Image caption စက်လှေများနဲ့ ထွက်ပြေးလာတဲ့ ပလက်ဝစစ်ဘေးရှောင်များ

စစ်ဘေးရှောင်လာသူတွေကို မြို့ပေါ်က ကယ်ဆယ်ရေးအဖွဲ့နဲ့ ဘာသာရေးအဖွဲ့ ၊ အစိုးရအဖွဲ့တွေစုပေါင်းပြီး အကူအညီပေးနေကာ ဒုက္ခသည်တွေကို အင်္ဂလီကန်မူကြိုကျောင်း၊ ကြံ့ခိုင်ရေးရုံးနဲ့ ခူမီးယဉ်ကျေးမှုပြတိုက်က ခန်းမဆောင်တွေမှာ နေရာချထားတယ်လို့ ပလက်၀ နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ နယ်အဖွဲ့ အတွင်းရေးမှူး ဆရာတော် စတီဗဲန်က ဆိုပါတယ်။

ရေအဆင်ပြေတဲ့ နေရာတွေကို အဓိကထား ချထားပေးတာဖြစ်ပြီး တချို့ကိုတော့ ဆွေမျိုးတွေအိမ်မှာ နေထိုင်မယ်ဆိုရင် စီစဉ်ပေးထားကြပါတယ်။

တချို့ကို ဆွေမျိုးတွေအိမ်မှာ တည်းခိုဖို့စီစဉ်ပေးထားသလို တစ်ရက်ကို လူတစ်ယောက် ဆန်တစ်ဘူးနှုန်းနဲ့ ဟင်းဝယ်စားဖို့ တစ်အိမ်ထောင်ကို ငွေတစ်ထောင်နှုန်း အကူအညီပေးထားတယ်လို့ ကိုကျော်အောင်က ပြောပါတယ်။

လက်ရှိအခြေအနေအရ ထွက်ပြေးလာသူတွေ ရှိနေပြီး နောက်ထပ် နေရာချထားပေးဖို့ လုပ်ဆောင်နေတယ်လို့ ပလက်၀ ဒေသခံ ကူညီကယ်ဆယ်ရေး သမားတွေက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ