မဟန ဆရာတော်ကို မဲရှုံးရင် အမျိုးဘာသာလုပ်ငန်းတွေ စွန့်လွှတ်မယ်လို့ ဦးဝီရသူဆို

ဓမ္မစက်ကို အမြဲတမ်း လိုက်နာခဲ့တယ်လို့ဆို ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဓမ္မစက်ကို အမြဲတမ်း လိုက်နာခဲ့တယ်လို့ဆို

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇဝတ်အထွေထွေမှုတို့နဲ့ အမှုဖွင့်ခံထားရပေမယ့် သံဃနာယကရဲ့ သြဝါဒပေးဖို့ ခေါ်မယ့်ရက်ကို စောင့်နေတယ်လို့ဆိုတဲ့ ဆရာတော် ဦးဝီရသူက မဟန ဒုတိယ ဥက္ကဋ္ဌ ဆရာတော်နဲ့ သူ့အကြား မဲပုံးထောင် မဲခွဲစေပြီး ရှုံးရင် အမျိုး၊ဘာသာ၊သာသနာ လုပ်ငန်းတွေကို ထာဝရ စွန့်လွှတ်မယ်လို့ အွန်လိုင်းကတဆင့် ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂဓမ္မသို့ လျှောက်ထားချက်ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုဖိုင်ကို ရုရှား လူမှုကွန်ရက် VK ကနေ ဇွန်လ ၉ ရက်မှာ လွှင့်တင် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ၁၅ မိနစ်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ မဟန ဒုဥက္ကဋ္ဌ ဆရာတော်က ဦးဝီရသူနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဂျာနယ်တွေမှာ မကြာခဏ ပြောဖူးတယ်၊ ဦးဝီရသူကို မစိုးရိမ်တိုက်က ထွက်ခွာစေလိုတဲ့ သဘောနဲ့ ပြောတာဟာလည်း မေတ္တာမဲ့ရာရောက်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ven-Vicittar Bhivamsa's VK Video
Image caption ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေကရော အပြည့်အဝ ထောက်ခံတယ်လို့ ဦးဝီရသူဆို

ဦးဝီရသူရယ်လို့ စတင် ဖြစ်ပေါ်လာကတည်းက သံဃာထုရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပြီး အခုထိ သံဃာထုရဲ့ ထောက်ခံမှု အပြည့်အဝ ရနေတုန်းပဲ၊ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးတွေကရော အပြည့်အဝ ထောက်ခံတယ်၊ ထိပ်တိုက်ရင်မဆိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး အရောင်အသွေးပါတဲ့ ပုဂ္ဂိုလ်တွေ တချို့လောက်ကပဲ မထောက်ခံတာပါလို့လည်း ဦးဝီရသူက ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့် ဦးဝီရသူက စာသင်တိုက်တွေမှာ မဲပုံးထောင်လိုက်ပါလို့ မဟန ဒုဥက္ကဋ္ဌ ဆရာတော်ကို ပြောလိုက်ပါတယ်။

"အရှင်ဘုရား ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုရင်လေ၊ အရှင်ဘုရားက လက်ရှိရာထူးရထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ အရှင်ဘုရားနဲ့ တပည့်တော်နဲ့ မဲပုံးထောင်ကြည့်ရအောင်။ အရှင်ဘုရားရှုံးရင် အရှင်ဘုရား မီဒီယာကနေတဆင့် အတိအလင်း ပြန်လည်တောင်းပန်ရမယ်။ ပြီးရင် အရှင်ဘုရား မဟန ဒုတိယ ဥက္ကဋ္ဌ ရာထူးကနေနုတ်ထွက်၊ အဖွဲ့ဝင်က နုတ်ထွက်ရမယ်။ တပည့်တော်ရှုံးရင် ဝီရသူ ရှုံးရင် ဝီရသူ အမျိုးဘာသာ သာသနာရေး လုပ်ငန်းတွေကို ထာဝရ စွန့်လွှတ်လိုက်မယ်။ အရှင်ဘုရား စိန်ခေါ်ရဲလား" လို့ ဗီဒီယို ထဲမှာ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Ven-Vicittar Bhivamsa's VK video
Image caption ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးအဖြစ် သတ်မှတ်မထားဘူးလို့ ဦးဝီရသူ ပြောထား

အဲဒါ အပြင် ဦးဝီရသူက အခု သူ့ရဲ့ကျောင်းမှာ မရှိဘူးလို့လည်း ထည့်သွင်း ပြောကြားထားပါသေးတယ်။

လက်ရှိမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မအပြင် ရာဇဝတ်အထွေထွေမှုနဲ့ ဖမ်းဆီးဖို့ပါ အမှုဖွင့်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးအဖြစ် သတ်မှတ်မထားဘူးလို့ ရုရှား လူမှုကွန်ရက် VK ကနေတဆင့် ဇွန်လ ၅ ရက်ကပြောထားပါတယ်။

ဆရာတော်တွေက ဓမ္မစက်နဲ့ ဆုံးမဖို့ ပင့်ဖိတ်တဲ့ရက်ကို ရွှေ့ဆိုင်းလိုက်လို့ ထပ်မံပင့်ဖိတ်မယ့် အချိန်ကို စောင့်နေတာသာ ဖြစ်ပြီး အဖမ်းခံဖို့ အဝတ်အစား၊ ရိက္ခာ၊ အသုံးအဆောင်တွေ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း အဲဒီနေ့မှာပဲ ဦးဝီရသူက ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့အတိုင်း ၁၁ ရက်နေ့အထိ မဖမ်းဆီးနိုင်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ