ရှေးနှစ်ပေါင်းများစွာက စော်ဘွားဝတ်စုံတွေ နှစ်ရှည်ကြာအောင်ထိန်းထားနိုင်ဖို့ မြန်မာမှာ ပထမဆုံး အောင်မြင်စွာလုပ်နိုင်ခဲ့

မန္တလေးနန်းတွင်းမှာ ပြသထားတဲ့ မြန်မာဘုရင်၊တော်ဝင်မိသားစုတွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ တချို့မှာ အတော်လေးပျက်စီးတာတွေရှိနေ ဓာတ်ပုံ မူပိုင် HULTON DEUTSCH
Image caption မန္တလေးနန်းတွင်းမှာ ပြသထားတဲ့ မြန်မာဘုရင်၊တော်ဝင်မိသားစုတွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ တချို့မှာ အတော်လေးပျက်စီးတာတွေရှိနေ

ရှေးနှစ်ပေါင်းများစွာက ရှမ်းစော်ဘွားတွေ ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ ၁၃၈ ထည်ကို နှစ်ရှည် ခံအောင်ထိန်းထိမ်းထားနိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ဒုတိယ ညွန်ကြားရေးမှူး ချုပ် ဒေါက်တာ ကိုကိုနိုင်က ဘီဘီစီကိုပြောပါတယ်။

'' ဒီဝတ်စုံတွေက အရင် ညောင်ရွှေပြတိုက်မှာ ထိန်းသိမ်းထားတာတွေပါ။ ပထမတော့ ဒါတွေကို နိုင်ငံခြား ကိုပို့မလို့ပဲ။ ဒါပေမယ့် စရိတ်က တအားကြီးလွန်းတော့ ဒီမှာပဲ စမ်းသပ်တာ အခု အောင်မြင်သွားပြီ။ ဒါကို ဌာနကနေ ရေရှည်တည်တံအောင် ထိန်းသိမ်းရေး လုပ်နိုင်ခဲ့ တာပေါ့။'' လို့ ဒေါက်တာကိုကိုနိုင်က ပြောပြပါတယ်။

ဒီလိုခေတ်အဆက်ဆက်ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေကနေတဆင့် ရှေးယဉ်ကျေးမှုအမွေအနှစ်နဲ့ ရိုးရာဓလေ့ တွေကို နှောင်းလူတွေလေ့လာနိုင်ကြမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို နှစ်ပေါင်းများစွာကြာမြင့်ပြီး အပျက်အစီးတွေရှိနေတဲ့ အဝတ်အထည်တွေကို ထိန်းသိမ်းတဲ့နည်းပညာကို မြန်မာနိုင်ငံမှာ မလုပ်နိုင်တာကြောင့် ပြည်ပနိုင်ငံကို ပို့ဆောင် ထိန်းသိမ်းရမယ် ဆိုပါကကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျမှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
Image caption ရှမ်းစော်ဘွားတွေရဲ့ ခေတ်အဆက်ဆက်ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ ၁၀၀ ကျော်ကို ပထမဆုံးထိန်းသိမ်းနိုင်ခဲ့

'' ပထမတော့ ပြင်သစ်ကို ပို့ဖို့ပဲ။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ တစ်သန်းလောက်ရှိတယ်။ အခု ကျွန်တော်တို့ ဒီမှာလုပ်လိုက်တာ ရေရှည်အတွက် လိုအပ်တဲ့ အဝတ်ထည့်ရမယ့် ဗီဒိုတွေ တခြား လိုအပ် တာတွေအပါမှ သိန်းနှစ်ထောင်လောက်ပဲကျတယ်။ ပြတိုက်က တာဝန်ရှိသူတွေသာ သေချာ အလင်း၊ စိုထိုင်းဆ အားလုံးဂရုစိုက်ပြီး လုပ်နိုင်မယ်ဆိုရင် အနည်းဆုံး နှစ် ၅၀ ကနေ အထက်ခံနိုင်ပါတယ်။'' လို့ အဝတ်တွေကို ပြန်လည်ထိန်းသိမ်းပြုပြင်တာကို ဦးဆောင်လုပ်ခဲ့တဲ့ ပြတိုက်ဦးစီးဌာနက လက်ထောက် ညွန်ကြားရေးမှူး ဦးကျော်ရှင်နောင်က ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ဒီလို ရှေးလက်ရာတန်ဖိုးမြင့်မားတဲ့ ဝတ်စုံတွေကို ပြုပြင် ထိန်းသိမ်းတာကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဦးကျော်ရှင်နောင်ဟာ ဒီလိုထိန်းသိမ်းနိုင်မယ့်နည်းတွေကို တရုတ်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့မှာ သွားရောက်သင်ကြားခဲ့သူဖြစ်ပြီး အခုထိန်းသိမ်းနိုင်ခဲ့တဲ့ ဝတ်စုံတွေကို ၁၅ လတာ အချိန်ယူ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

'' အခုလုပ်တာကတော့ ရှမ်းပြည်နယ်အစိုးရရဲ့ဘတ်ဂျက်နဲ့လုပ်တာပေါ့။ နောက်ပိုင်းမှာတော့ မန္တလေးက နန်းတွင်းမှာပြသထားတဲ့ မြန်မာဘုရင်တွေရဲ့ ဝတ်စုံတွေကိုလည်း ဘတ်ဂျက်အလိုက် ပြုပြင်ထိန်းသိမ်းသွား ဖို့တော့ရှိပါတယ်။'' လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ဒုတိယ ညွန်ကြားရေးမှူး ချုပ် ဒေါက်တာ ကိုကိုနိုင်ကပြောပါတယ်။

မန္တလေးမြို့ နန်းတော်တွင်းမှာ ပြသထားတဲ့ မြန်မာဘုရင်တွေ၊ တော်ဝင်မိသားစုတွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ တချို့မှာ အတော်လေးပျက်စီးတာတွေလည်းရှိနေပါတယ်။

' ' မြန်မာနိုင်ငံမှာရှိတဲ့ ဝတ်စုံအတော်များများက ပျက်စီးရတာ အထားအသိုမမှန်လို့။ အပူချိန် စိုထိုင်းဆ မမှန်တာ၊ တချို့ဆို အဝတ်ခေါက်သလိုခေါက်ပြီး ပလတ်စတစ်ထဲထည့်ထားတာ။ဒါတွေက ပိုပျက် စီး စေတယ်။ မန္တလေးမှာရှိတဲ့ တော်ဝင်မိသားစုတွေ ဝတ်ဆင်တဲ့ဝတ်စုံတွေက ပိုးထည် ၂မျိုးနဲ့သုံးထားတာ။ အဲဒါတွေကို ဘာတွေသုံးထားတယ်ဆိုတာကို သေချာစစ်ဆေးပြီးမှ ကုသတဲ့အပိုင်းကို လုပ်လို့ရမှာ'' လို့ ရှေးလက်ရာ အဝတ်အထည်တွေ အဓိက ပျက်စီးရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ လည်း ဦးကျော်ရှင်နောင်က ရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
Image caption ရာထူးအဆင့်အလိုက် ဝတ်ဆင်ခဲ့ရတဲ့ ဝတ်စုံတွေပါ ပြသထား

ပထမဆုံးအနေနဲ့ ပြုပြင်ထိန်းသိမ်းနိုင်ခဲ့တဲ့ ရှမ်းစော်ဘွား ဝတ်စုံ ၁၃၈ ထည်ထဲကမှ ရှမ်းစော်ဘွားတွေ ခေတ်အဆက်ဆက်ဝတ်ဆင်ခဲ့တဲ့ ရာထူးအဆင့်အလိုက်ဝတ်ဆင်ကြရတဲ့ ဝတ်စုံ အထည် ၃၀ ကို ရန်ကုန်အမျိုးသားပြတိုက်မှာ အများပြည်သူလေ့လာနိုင်ဖို့ ပြပွဲပြုလုပ်ပြီး စတင်ပြသပေးနေပါတယ်။

ပြပွဲကိုတော့ ဇွန် ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ပြပွဲအပြီးမှာတော့ ဒီဝတ်စုံတွေကို ရှမ်းပြည်နယ် ညောင်ရွှေပြတိုက်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ