ဦးဝီရသူ ကို အာဏာစက် ပြီးမှ ဓမ္မစက်နဲ့ အရေးယူမယ် လို့ သာသနာရေးပြော

ဓမ္မစက်နဲ့ အရေးယူဖို့ သာ ဦးဝီရသူ အရေးဆု တောင်းသူတွေ ပြော
Image caption ဓမ္မစက်နဲ့ အရေးယူဖို့ သာ ဦးဝီရသူ အရေးဆု တောင်းသူတွေ ပြော

ဦးဝီရသူအပေါ် အစိုးရ ရဲ့ အာဏာစက်နဲ့ အရေးယူမှုပြီးမှ တိုင်းသံဃာ့နာယက ရဲ့ ဓမ္မစက်နဲ့ အရေးယူဖို့ ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန က အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက က ဘီဘီစီ ကိုပြောပါတယ် ။

ဆရာတော် ဦးဝီရသူ ကို မေလ ၃၀ ရက်နေ့က ဓမ္မစက်နဲ့ အရေးယူဖို့စီစဉ်ခဲ့ပေမဲ့ တိုင်းသံဃာ့ နာယက ကို သူကထောင်ဖမ်းတယ် လို့ စွပ်စွဲတာကြောင့် ဒီအစီစဉ်ကို ခေတ္တဆိုင်းငံ့ ခဲ့ ရတာဖြစ်တယ် လို့လည်း အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ် ။

"ဒီဟာကရှင်းပါတယ် အစိုးရဘက် က အရေးယူတာ က လုပ်ငန်းစဉ်တစ်ခု၊ တိုင်းသံဃာ့ နာယက ဆုံးမတာ ကလုပ်ငန်းစဉ် တစ် ခုပေါ့၊ ဘယ်ဟာပြီးမှ ဘယ်ဟာလုပ် ရမယ်ဆိုတာ မရှိပါဘူးလို့ ဘယ်သူကပဲရှေ့ က သွားသွား ဆောင်ရွက် လို့ရပါတယ် "လို့သူကပြောပါတယ် ။

တိုင်းသံဃာ့ နာယက အနေနဲ့တော့ အစိုးရဖက် ကဆောင်ရွက်ချက်ကို ပဲ စောင့်မှာ ဖြစ်တယ်လို့ လည်း ဦးဇာနည်ဝင်းကပြောပါတယ် ။

ဓမ္မစက်ကအရင် အာဏာစက်ကနောက်

ဓာတ်ပုံ မူပိုင် VEN-VICITTAR BHIVAMSA'S VK VIDEO
Image caption ဦးဝီရသူ အာဘော်

အစိုးရကို အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဝီရသူက သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဓမ္မစက်နဲ့ သြဝါဒ အဆုံးအမ ခံယူပြီးမှသာ အစိုးရရဲ့ အာဏာစက်နဲ့ အရေးယူမှု ကို ခံယူမယ်လို့ ရုရှား လူမှုကွန်ရက် VK စာမျက်နှာ တစ်ခု ကနေ မေလ ၃၁ ရက်နေ့ ညပိုင်းက ပြောဆိုထားပါတယ် ။

ဦးဝီရသူက "ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူး။ ဓမ္မစက်ရဲ့ အမိန့်ကို စောင့်မျှော်နေတဲ့ ဘုရားသားတော်တစ်ပါးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်" လို့ Ven-Vicittar Bhivamsa အကောင့်မှာ ဗီဒီယိုဖိုင် လွှင့်တင် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်

ဦးဝီရသူ အရေး ဆုတောင်းပွဲ တွေ ကိုဇွန် လ ၁၀ ရက်နေ့ က ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုတောင်းသူ တွေကလည်း ဓမ္မစက်နဲ့ အရေးယူဖို့ သာ ပြောပါတယ်။

ဆုတောင်းပွဲကို ဦးဆောင်တဲ့ မျိုးချစ် ရဟန်းတော် များ သမဂ္ဂ ကတော့ ဦးဝီရသူဟာ သံဃာ တစ်ပါးဖြစ်ပြီး ရာဇဝတ်မှု ကျုးလွန်တာ မဟုတ်လို့ အရပ်ဘက် ဥပဒေ နဲ့ ဖမ်းလို့မရဘူးလို့ သတင်းထောက်တွေကိုပြောပါတယ်။

ဦးဝီရသူကို ဓမ္မစက်နဲ့သာ အရေးယူသင့်ကြောင်းနဲ့ ဓမ္မစက်နဲ့ခေါ်ရင်တော့ သူလာမှာဖြစ်တယ် သူ့ကို ပုဒ်မ ၁၂၄ တပ်တာ ဟာဖိနှိပ်တာ ဖြစ်တယ် လို့လည်း မျိုးချစ် ရဟန်းတော် များ သမဂ္ဂ က အရှင်တေဇဝံသ က သတင်းထောက်တွေ ကို ပြောကြား ခဲ့ပါတယ်။

ဆုတောင်းဆန္ဒပြပွဲမှာ မှာမျိုးချစ်ရဟန်းတစ်ပါးကို ရဲကဖမ်း

ဇွန်လ ၁၀ ရက်နေ့ က လုပ်ခဲ့တဲ့ ဆုတောင်းဆန္ဒပြပွဲ ဟာ မေလ ၃၀ ရက် ကနေ စရေရင် ဦးဝီရသူအရေး အတွက် လုပ်တဲ့ လေးကြိမ်မြောက် ဆုတောင်းပွဲ ဖြစ်ပါတယ်။

အရင် က ကြေးသွန်းဘုရားကနေ ရွေတိဂုံ အထိ ဆုတောင်းခဲ့ရာကနေ အဲဒီနေ့ကတော့ မြို့တော်ခန်းမ အထိ လမ်းလျှောက် ကြပြီး ဆူးလေဘုရားမှာ ဆုတောင်းကြတာ ဖြစ်ပါတယ် ။

ဒီဆုတောင်းပွဲဟာ ခွင့်ပြုချက် မရှိဘဲပြုလုပ်တာကြောင့်ရဲတပ်ဖွဲ့ ကမေးမြန်းတာလည်းရှိပါတယ် ။

ရန်ကုန်မြို့ ဇွန်လ ၁၀ ရက်နေ့ ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ မျိုးချစ်ရဟန်းတော် များအဖွဲကတစ်ပါးကို ရဲတပ်ဖွဲ့ က ကြေးသွန်းဘုရားအနီး မှာဖမ်းဆီးလိုက်တယ် လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦး က ဘီဘီစီကို ပြောပါတယ် ။

အဲ့ဒီ မျိုးချစ်ရဟန်း တော်များ အဖွဲ့ က ကိုယ်တော် ဟာ လွန်ခဲ့တဲ့၂နှစ်က အစိုးရနုတ်ထွက်ပေးဖို့ သပိတ်စခန်းဖွင့်ဆန္ဒပြတာကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဦးပညာဝံသ ဖြစ်ပါတယ်။

"ကြေးသွန်းဘုရားရှေ့ မှာ စလျှောက်တော့ ဖမ်းလိုက်တာပါ၊ ကြားတောရ ထိပ်မှာ နေ့လည် တစ်နာရီခွဲလောက်ကပါ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက် က ဖမ်းဝရမ်းထုတ်ထားတဲ့အမှုဟောင်းနဲ့ ဖမ်းတာပါ လို့" ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ရန်ကုန် မှာ ပြုလုပ်တဲ့ ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲနဲ့ပက်သက်ပြီး သက်ဆိုင်ရာ ကို ခွင့်ပြုချက်တင်ပြတာမရှိတာကြောင့် ဦးပညာဝံသအပါဝင် ဦးဆောင်တဲ့ မျိုးချစ်ရဟန်းတော်များ အဖွဲ့တွေ ကို ပုဒ်မ၁၉ နဲ့ အမှုဖွင့်ဖို့ ရှိတယ်လို့ လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောပါတယ် ။

ဝရမ်းထုတ်ခံရသူတွေကို ဖမ်းကုန်ပြီလား

Image caption အမျိုးသားရေးလှုပ်ရှားသူတွေလို့ ဆုတောင်းဆန္ဒပြပွဲ ပါသူတွေကပြောပါတယ်။

လက်ရှိမှာ ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇဝတ်မှု ပုဒ်မ ၁၂၄ (က)နဲ့ ရန်ကုန်အနောက် ပိုင်းခရိုင်မှာ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး၊ ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံ ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း အစိုးရရဲ့ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီကိုပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့အတိုင်း ၁၁ ရက်နေ့အထိ မဖမ်းဆီးနိုင်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကို ပြောထားပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဦးဝီရသူအရေး ဆုတောင်းဆန္ဒပြပွဲ မှာ ပါဝင်လာတဲ့ ဦးပညာဝံသကို ဖမ်းဆီးလိုက်သလို၊ နေ့လယ်ပိုင်းကလည်း ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှာ ဘာသာရေး အကြောင်းပြ ပြီး ဆူပူအောင် ဖန်တီးမှုကြောင့် တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ မိုက်ကယ်ကျော်မြင့် ကိုလည်း ဇွန်လ ၁၀ ရက်နေ့ က ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်း ရွာက သူ့ယောက္ခမ နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

"ရဲတပ်ဖွဲ့က အမျိုးသားရေးလှုပ်ရှားတဲ့၊ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို အကုန်လုံးဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်"ဟု ရဲတပ်ဖွဲ့ ကပြောပါတယ် ။

Image caption မဲပုံးထောင် မဲခွဲစေပြီး ရှုံးရင် အမျိုး၊ဘာသာ၊သာသနာ လုပ်ငန်းတွေကို ထာဝရ စွန့်လွှတ်မယ်ဦးဝီရသူကပြော

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ပြီးခဲ့တဲ့ ဇွန် လ ၃ရက် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူက ရုရှား လူမှုကွန်ရက် VK ကတဆင့် သတိပေးထားပြီး၊ မလျော်သြဇာသုံးပြီး ဘုရားသားတော် ရဟန်းတွေကို မခြိမ်းခြောက်နဲ့လို့လည်းသူက ပြောထားပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ဦးဝီရသူဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းတယ်လို့ တရားရုံးက မဆုံးဖြတ်ခင် ထုတ်ပြန်ပြောဆိုတာဟာ တရားရေးကို တိုက်ရိုက် စွက်ဖက်တာ ဖြစ်တယ်လို့ပြောသလို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်နဲ့ သူ့အကြား မဲပုံးထောင် မဲခွဲစေပြီး ရှုံးရင် အမျိုး၊ဘာသာ၊သာသနာ လုပ်ငန်းတွေကို ထာဝရ စွန့်လွှတ်မယ်လို့စိန်ခေါ်ထားပါတယ်။

သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာန က အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက တော့ ဦးဝီရသူဟာ ဝရမ်းပြေးဖြစ်နေလို့ ဖမ်းဆီးရမိမှာပဲ ဆုံးမတာတွေ လုပ်မှာပါ လို့ပြောပါတယ် ။

ခုချိန်ထိတော့ ဆရာတော်ကြီးတွေဘက်ကတော့ ဆုံးမ ဖို့နဲ့ပက်သက်ပြီးထုတ်ပြန်တာ မရှိသေးပါဘူး။ သူ့ပြောသလို ထောင်ဖမ်း တယ် ဆိုတာ မဖြစ်အောင် ဝိနည်း သိက္ခာ ထိမ်းပြီးဆောင်ရွက်နေတာပါလို့ လည်း သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန က အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်း ကပြောပါတယ်။