ရခိုင် စစ်ဘေးရှောင်တွေ ခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်တပ် ဝိုင်းထားတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ မူပိုင် Narinjara
Image caption စခန်း တာဝန်ရှိသူများနဲ့ တပ်တာဝန် ရှိသူများ စကားပြောဆိုနေစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ ခိုလှုံ နေတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို တပ်မတော် စစ်ကြောင်းတစ်ခုက ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ဖို့ ဇွန်လ ၁၀ ရက် တနင်္လာနေ့က ဝိုင်းထားတယ်လို့ ဒေသ ခံတွေ က ပြောပါတယ်။

စစ်တပ်က ဝိုင်းထားတဲ့ ဘုန်းတော်ကြီးကျောင်းဟာ ပုဏ္ဍားကျွန်းမြို့နယ်၊ ပေါက်တောပြင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ကျောင်းထဲမှာ ကျေးရွာ ၈ ရွာက စစ်ဘေးရှောင် ပြည်သူ ၇၀၀ ကျော် ခန့် ခိုလှုံနေတယ်လို့ စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံး အခြေအနေ ကတော့ ဘုန်းကြီးကျောင်း ကို စစ်တပ်က ဝိုင်းထားပြီး အထက်အမိန့်အရ ကျောင်းကို စစ်ဆေးဖို့ လာရောက်တာ ဖြစ်တယ်လို့ အဝိုင်းခံရတာ နဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်စခန်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် အရှင် အာရက္ခက ဘီဘီစီ ကို မိန့်ကြားပါတယ်။

Image caption ဒုက္ခသည် စခန်း တခု က စစ်ဘေးရှောင်များ

အဲဒီ ကျောင်းထဲကို စစ်ဝတ်စုံတွေ နဲ့ လာရောက် စစ်ဆေးတဲ့ အခါမှာ လူတွေ ကြောက်လန့်မှာ ကို စိုးရိမ်ရတဲ့ အတွက် အရပ်ဝတ်အရပ်စားနဲ့ပဲ လာရောက် စစ်ဆေးဖို့ မေတ္တာရပ်ခံ ထားတယ်လို့ ဆရာတော်က ထပ်မံမိန့်ဆိုပါတယ်။

စခန်းတာဝန်ရှိတဲ့ ရဟန်းတော်တွေကတော့ သေနတ်တွေနဲ့ဆိုရင် လူတွေ ကြောက်လန့်စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ဥပဒေနဲ့အညီ ဝင်ရောက်စစ်ဆေးနိုင်တယ်လို့ ပြောဆို ထားခဲ့ပါတယ်။

အဲဒီ့နောက်မှာ တပ်မတော်ကနေ အရပ်ဝတ်နဲ့ ဝင်ရောက်စစ်ဆေးမယ်လို့ ပြောဆိုပေမယ့် ညနေပိုင်းအထိ ကျောင်းထဲကို ဝင်ရောက်ခြင်းမရှိသေးဘဲ အပြင်ကဘဲ ဝိုင်းထားတယ်လို့ ပြောပါတယ်။

ဒီလို ဝိုင်းထားတဲ့ အတွက် ကျောက်တန်းရွာလို အဖြစ်မျိုး ထပ်မံ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိကြောင်း ကျောင်းဝန်းထဲမှာ ရောက်နေတဲ့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က ပြောပါတယ်။

ရသေ့တောင်မြို့နယ်ထဲက ကျောက်တန်းကျေးရွာမှာလည်း ဧပြီလကုန်ပိုင်းက တပ်မတော်က ခေါ်ယူ စစ်ဆေးမေးမြန်းနေတဲ့ လူတွေနဲ့ ညဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်ခဲ့လို့ ရွာသား အနည်းဆုံး ခြောက်ဦး အသက်ဆုံးခဲ့ရပါတယ်။

Image caption ရခိုင် စစ်ဘေးရှောင်များ

ပုဏ္ဏားကျွန်းမြို့နယ်က စခန်းကို စစ်တပ်က ဝိုင်းထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒီဖြစ်စဉ်ကို ဂဃနဏ မသိရသေးကြောင်းနဲ့ ဒီဖြစ်စဉ် ကို စုံစမ်းပေးမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခုလို စစ်ဆေးမှု အတွင်းမှာရော တိုက်ပွဲတွေ အတွင်းမှာပါ အရပ်သားတွေ သေဆုံးမှုက တစ်နေ့ထက် တစ်နေ့ တိုးပွားနေပါတယ်။ အခုလို စစ်ဘေးရှောင် စခန်း တစ်ခုကို စစ်သားတွေက ဝိုင်းထားတာ ကြောင့် အများပြည်သူတွေကတော့ အထူး စိုးရိမ်လျက် ရှိနေကြတယ်လို့ သိရှိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော