မြန်မာ့ကလေးအလုပ်သမား ခြောက်သိန်းလောက် အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေမှာခိုင်းစေခံနေရ

အပူအအေးလွန်ကဲတာ၊ ဆူညံသံ များတာ၊ အခိုးအငွေ့ဖုန်ငွေ့တွေ ကိုရှုရှိုက်ရတာ၊ အလုံပိတ်အခန်းနဲ့ အမြင့်တက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့အပြင် ခေါင်းပုံဖြတ်ခံရတာတွေ လည်းရှိနေတ ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption အပူအအေးလွန်ကဲတာ၊ ဆူညံသံ များတာ၊ အခိုးအငွေ့ဖုန်ငွေ့တွေ ကိုရှုရှိုက်ရတာ၊ အလုံပိတ်အခန်းနဲ့ အမြင့်တက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့အပြင် ခေါင်းပုံဖြတ်ခံရတာတွေ လည်းရှိနေတ

မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမား ၁.၂ သန်းရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ခြောက်သိန်းလောက်က အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲမှာ ခိုင်းစေခံနေရတယ်လို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ၊ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဇွန်လ ၁၁ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။

အဲဒီကလေးတွေရဲ့ အသက်အရွယ်က အသက် ၅ နှစ်ကနေ ၁၇ နှစ်အထိပါဝင်ပါတယ်။ ဒီအရေအတွက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက နောက်ဆုံးကောက်ယူထားတဲ့ ၂၀၁၈ခုနှစ် နှစ်စဉ်လုပ်သား အင်အားစစ်တမ်းအရ ပြောဆိုတာလည်းဖြစ်ပါတယ်။ အဲဒီစစ်တမ်းကိုလည်း ၂ နှစ်တစ်ကြိမ်ကောက်ယူတာ ဖြစ်ပါတယ်။

အဲဒီကလေးအလုပ်သမားတွေက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ လယ်ယာလုပ်ငန်းတွေနဲ့ အိမ်ဖော် လုပ်ငန်းတွေကိုလုပ်ကိုင်နေရပါတယ်။

ဒါ့အပြင် ကလေးလုပ်သားတွေဟာ အပူအအေးလွန်ကဲတာ၊ ဆူညံသံ များတာ၊ အခိုးအငွေ့ဖုန်ငွေ့တွေ ကိုရှုရှိုက်ရတာ၊ အလုံပိတ်အခန်းနဲ့ အမြင့်တက်လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့အပြင် ခေါင်းပုံဖြတ်ခံရတာတွေ လည်းရှိနေတယ်လို့ ဇွန်လ ၁၁ရက်မှာပြုလုပ်တဲ့ ကမ္ဘာ့ကလေးလုပ်သားပပျောက် ရေးနေ့အခမ်းအနားမှာသူကပြောပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ ပညာရည်နိမ့်ပါးမှုတွေကြောင့် ကလေးလုပ်သားတွေကိုဖြစ်ပေါ်စေတာပါ။ ကလေးလုပ်သားပပျောက်ဖို့အတွက် အမျိုးသားအစီအစဉ်တရပ်ကို၂၀၁၉ ခုနှစ် ဇန်နဝါရီမှာစပြီး အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ဦးညွန့်ဝင်းကပြောပါတယ်။

အစိုးရအနေနဲ့ မူဝါဒတွေကိုအကောင်အထည်ဖော်လုပ်ဆောင်ရာမှာ ကလေးလုပ်သားကိစ္စကို ဦးစားပေး သတ်မှတ်ပြီး ဖြေရှင်းရင် မြန်မြန်နဲ့ထိရောက်မှုရှိရှိလုပ်နိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ကလေးအလုပ် သမားကိစ္စကတော့ နိုင်ငံတော်အစိုးရရဲ့ သာမန်ဖြေရှင်းရမယ့် လုပ်ငန်းအနေနဲ့ပဲရှိတယ်လို့ သူကဘီဘီစီကို ပြောပါတယ်။

ကလေးလုပ်သားပပျောက်ရေးအတွက်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ အမျိုးသား ကလေးလုပ်သားပပျောက်ရေးကော်မတီက ၁၅ နှစ်စီမံချက်အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီက စတင်ကာ လုပ်ဆောင်နေပြီလို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါ တယ်။

ဓာတ်ပုံ မူပိုင် CHILDLABOUR
Image caption ဆင်းရဲမွဲတေမှုနဲ့ ပညာရည်နိမ့်ပါးမှုတွေကြောင့် ကလေးလုပ်သားတွေကိုဖြစ်ပေါ်စေတာပါ

အဲဒီ ၁၅ နှစ် စီမံချက်ရဲ့ ပထမ ၅ နှစ်လုပ်ငန်းအကောင်ထည်ဖော်မှုအဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကလေးအလုပ်သမားတွေရဲ့ ကိန်းဂဏန်း အချက်အလက်အသစ်တွေကောက်ယူဖို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာကတည်းက စလုပ်ဖို့ ပြည်နယ်နဲ့ တိုင်းအလိုက်ပြောကြားထားပြီးပြီလို့ ဦးညွန့်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO အနေနဲ့လည်း ဒီကနေ့ ဇွန်လ ၁၁ရက်ကစပြီး ကလေးလုပ်သားပ ပျောက်ဖို့အတွက် မြန်မာနိုင်ငံနေရာတော်တော်များများမှာ လူထုပါဝင်တဲ့ ဆွေးနွေးပွဲတွေ၊ ဓာတ်ပုံပြပွဲတွေကို ဇူလိုင်လ ၁၅ ရက် အထိဝိုင်းဝန်းလုပ်ဆောင်မှာလို့ ILO ဌာနေကိုယ်စားလှယ် Rory Mungoven ကပြော ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းကို အခြေခံကာ ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အသက် ၅ နှစ်ကနေ ၁၇ နှစ် အထိကလေးငယ်ဦးရေ ၁၂ သန်းကျော်ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဒီသတင်းနဲ့ပတ်သက်သမျှ