တရားရုံးက တရားခံပြေး မသတ်မှတ်သေးတဲ့ ဦးဝီရသူ

မျက်ကွယ်မှာ တရားလိုဘက်ကို စစ်မယ်လို့အနောက်ပိုင်းခရိုင်တရားရုံး က အမိန့်ချလိုက်တယ်။ ဓာတ်ပုံ မူပိုင် Getty Images
Image caption မျက်ကွယ်မှာ တရားလိုဘက်ကို စစ်မယ်လို့ အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်တယ်။

ဦးဝီရသူ ဇွန် လ ၁၁ ရက်မှာ တရားရုံးကို ရောက်မလာခဲ့ပါဘူး။ ရဲကလည်း ဖမ်းမမိတဲ့ အခြေအေနေမှာ ဝရမ်းကိုလည်း ထပ်မထုတ်သလို တရားခံပြေးအဖြစ် မသတ်မှတ်သေးဘူးလို့ အနောက်ပိုင်းခရိုင် တရားရုံး ပြောခွင့်ရသူ ဦးမင်းသန့်က တရားရုံးမှာ သတင်းထောက်တွေကို ပြောပါတယ် ။

ဒါပေမယ့် ဇွန်လ ၁၈ ရက်နေ့ မှာတော့ သူ့မျက်ကွယ်မှာပဲ တရားလိုတွေကို စစ်မယ်လို့ တရားရုံး ကဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

"တရားခံပြေးအဖြစ် သတ်မှတ်ခြင်းမရှိသေးပါဘူး။ သတ်မှတ်တဲ့ အဆင့်မရောက်သေးဘူး။ ဘယ်တော့ သတ်မှတ်မလဲ ဆိုတာကလည်း တရားရုံးရဲ့ ရှေ့လုပ်ငန်းစဉ်ဖြစ်လို့ ပြောလို့မရသေးပါဘူး" လို့ ဦးမင်းသန့်က တရားရုံးမှာ သတင်းထောက်တွေကို ပြောပါတယ် ။

ဦးဝီရသူ လာလေ့ရှိတဲ့ အရှေ့ဒဂုံ ၁၁ ရပ်ကွက် က အုပ်ချုပ်ရေးမှူး၊ ဆယ် အိမ်မှူးနဲ့ သတင်းတပ်ဖွဲ့က ဒုရဲမှူးတို့ကို ဒီနေ့ တရားရုံးမှာ သက်သေ အဖြစ်စစ်ဆေးခဲ့ပြီးနောက် လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ဦးဝီရသူ ရောက်မလာလည်း မျက်ကွယ်မှာ တရားလိုဘက်ကို စစ်မယ်လို့ အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချလိုက်တယ် လို့ ဦးမင်းသန့်ကပြောပါတယ်။

မျက်ကွယ် တရားစစ်ဆေးမှု အပြီးထိ ရောက်မလာရင်တော့ ဦးဝီရသူဟာ ထောင်ပြေး ဖြစ်သွားနိုင်တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင် မြင့်က ဘီဘီစီကို ပြောပါတယ်။

ဦးဝီရသူကို အဓိက တရားစွဲတာကတော့ မေလ ၅ ရက်နေ့ ရန်ကုန်မြို့မှာ ဟောပြောခဲ့မှုတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးက စွဲဆိုတာဖြစ်တယ်လို့လည်း တရားရုံးကပြောပါတယ်။

ဒီနေ့ သက်သေ အဖြစ်သွားရောက်ထွက်ဆိုခဲ့တဲ့ အရှေ့ဒဂုံ ၁၁ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ပြောတာက ဦးဝီရသူလာလေ့ ရှိတဲ့ အရှေ့ဒဂုံ ပန်းဝါလမ်း ၁၁ ရပ်ကွက်က အိမ်ကို မလာကြောင်း သက်သေထွက် ပေးရတာပါလို့လည်း ဘီဘီစီ ကိုပြောပါတယ် ။

ဆရာတော်က အဲဒီ ပန်းဝါလမ်းအိမ် ကို မကြာခဏလာလေ့ရှိတယ်၊ လာတာလည်းတွေ့ဖူးတယ်။ ကျွန်တော်တို့ကတော့ မှတ်တမ်းမှတ်ထားရတယ်။ မေလ ၅ ရက် နောက်ပိုင်း လာတာမတွေတော့ဘူး။ အဲဒါကို သက်သေထွက် ရတာပါလို့လည်း အနောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေထွက်ဆိုတာနဲ့ ပတ်သက်ပြီး သူက ရှင်းပြပါတယ်။

အဲဒီအိမ်ကို ဆက်လက်စောင့်ကြည့်ဖို့နဲ့ တွေ့ရင် သတင်းပို့ဖို့ ညွှန်ကြားထားတယ်လို့လည်း အရှေ့ဒဂုံ ၁၁ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဇွန်လ၁၀ရက်နေ့က ဦးဆောင်သူတွေကိုလည်း တရားရုံးက ပုဒ်မ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

အခုလို တရားရုံးမှာလာပြီး အစစ်ခံရတာ ဆရာတော် အရှေ့ဒဂုံရောက်နေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့်ဖြစ်သလို ရန်ကုန် ရောက်ရင် အမြဲလာလေ့ရှိတာကြောင့်လည်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဦးဝီရသူအရေး ဆုတောင်းပွဲ တွေကတော့ ဒီနေ့ရန်ကုန် မြို့ ကမ္ဘာအေး မှာ ၅ ကြိမ်မြောက် ဆက်လက် ပြုလုပ်တာတွေ့ရပြီးထောက်ခံသူ ရာချီလာရောက်တာလည်းတွေ့ရပါတယ်။

မနေကတော့ဆုတောင်းပွဲမှာ ရဟန်းတစ်ပါးကို ရဲက အရင်အမှုနဲ့ ဖမ်းပါတယ်။ ဇွန်လ၁၀ရက်နေ့က ဦးဆောင်သူတွေကိုလည်း ဒီနေ့ တရားရုံးက ပုဒ်မ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

ဦးဝီရသူကိုယ်တိုင် ကတော့ မေလ ၃၀ ရက်နေ့က ရန်ကုန်မှာ တိုင်းသံဃနာယကနဲ့ တွေ့ဖို့ ရန်ကုန် ရောက်နေတယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူနဲ့ နီးစပ်သူတချို့ကတော့ ဦးဝီရသူဟာ ကရင်ပြည်နယ်မှာ ရှိတယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ အထောက်ထားနဲ့ အတည် ပြုနိုင်တဲ့ အခြေနေမှာတော့ မရှိပါဘူး။

ဦးဝီရသူကတော့ သူ့ကိုယ်သူ ဝရမ်းပြေးအဖြစ် မသတ်မှတ်သလို ဓမ္မစက်နဲ့သာ အဆုံးအမခံမယ်လို့လည်း ပြောထားပြီး မနေ့ကတော့ သာသနာရေးက အာဏာစက်ပြီးမှ ဓမ္မစက်လာမယ် ပြောထားတာရှိပါတယ်။

ဒါပေမယ့် ဒီနေ့ တရားရုံးကိုရောက်မလာတဲ့ အတွက်ရော ရဲတပ်ဖွဲ့က ဖမ်းဆီးရဖို့ အလားလာမရှိတဲ့အကြောင်း ထွက်ဆိုမှုထင်ရှားတဲ့ အတွက် အနောက်ပိုင်းခရိုင် တရားရုံးက မျက်ကွယ် မှာ စစ်ဆေး ဖို့ဆုံးဖြတ်လိုက်တာ လို့လည်း အနောက်ပိုင်းခရိုင်တရားရုံးပြောခွင့်ရ သူ ဦးမင်းသန့် က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ