ဒေါက်တာနန်းမွေစံ ရက် ၆၀ အတွင်း အယူခံ ဝင်နိုင်တယ်လို့ ဆေးကောင်စီဆို

အခုလို ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ထိပါးခံရတယ်လို့ ယူဆကြောင်း ဒေါက်တာ နန်းမွေစံ ပြော ဓာတ်ပုံ မူပိုင် Nang Mwe San
Image caption အခုလို ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ထိပါးခံရတယ်လို့ ယူဆကြောင်း ဒေါက်တာ နန်းမွေစံ ပြော

မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မသင့်လျော်တာတွေ ဝတ်စားတယ်ဆိုပြီး ဓာတ်ပုံမော်ဒယ်လ်လုပ်နေတဲ့ ဒေါက်တာ နန်းမွေစံကို မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒေါက်တာနန်းမွေစံ အနေနဲ့ ရက် ၆၀ အတွင်း အယူခံ ဝင်နိုင်တယ်လို့ ဆေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

"စည်းကမ်း ဥပဒေ ရှိပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ အယူခံ ဝင်လို့ရပါတယ်။ အယူခံ ဝင်တဲ့ အခါကျရင် ဥပဒေ အရ၊ နည်းဥပဒေအရ ညီညွတ်မယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံ ဆေးကောင်စီရဲ့ အလုပ်အမှုဆောင် အဖွဲ့ကနေ ဆုံးဖြတ်ပါမယ်။ လိုအပ်ရင် ကောင်စီခေါ်ပြီး ဆုံးဖြတ်လို့ ရပါတယ်။ ဥပဒေ ရှိပြီးသားပါ။ လူတစ်ယောက်ရဲ့ အခွင့်အရေး ကို ပိတ်ပင်တာလည်း မဟုတ်ဘူး။ ချထားတဲ့ စည်းကမ်းနဲ့လိုက်နာမယ်လို့ ပြောရင်တော့။ ဥပဒေမှာလည်း ပါပါတယ်။ အယူခံ ဝင်နိုင်တယ်ဆိုတဲ့ ဥပဒေရှိပါတယ်" လို့ ဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ အက်စ်ကျော်လှက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ နန်းမွေစံ အနေနဲ့ မြန်မာ့ ယဉ်ကျေးမှု နဲ့ သင့်လျော်မှု မရှိတဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံရိုက်တင်တာနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်ခြင်း မပြုပါလို့ ဆေးကောင်စီကို ကတိပြုထားခဲ့ပေမယ့် သုံးလတိုင် ဆက်လုပ်ဆောင်နေတာ တွေ့ရလို့ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းတာလို့ ဆေးကောင်စီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nang Mwe San
Image caption ရက် ၆၀ အတွင်း အယူခံ ဝင်နိုင်တယ်လို့ ဆေးကောင်စီဆို

အခုလို ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ထိပါးခံရတယ်လို့ ယူဆကြောင်း ဒေါက်တာ နန်းမွေစံက ဘီဘီစီကို ပြောပါတယ်။

"ကျွန်မကြိုးစားတဲ့ လက်မှတ်ကို အသုံးပြုခြင်း မပြုခြင်းက ဆိုင်တော့မဆိုင်ဘူးပေါ့။ ဝတ်စားဆင်ယင်မှုဆိုပြီး ပြန်သိမ်းလိုက်တာကတော့ Human Rights နဲ့ ပတ်သက်ရင်တော့ ထိပါးသွားတယ်လို့ ခံစားလိုက်ရပါတယ်" လို့ ဆိုပါတယ်။

ပြီးတော့ အခုလို ဆေးကုသခွင့် လိုင်စင် အပိတ်ခံရတာနဲ့ ပတ်သက်လို့ ဒေါက်တာနန်းမွေစံက ဆေးကုသခွင့် လိုင်စင် ပြန်ရအောင်လုပ်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

"လောလောဆယ်တော့ အနုပညာ၊ ဖိုတိုမော်ဒယ်လ် လမ်းကြောင်းထဲမှာ ရောက်နေပြီ ဖြစ်လို့ ဒီအလုပ်ကို ဆက်လုပ်သွားမယ်။ ဒါပေမဲ့ တစ်ချိန်ကျရင်လည်း ဆရာဝန်အလုပ်ကို ပြန်လုပ်ချင်သေးတယ်။ လိုအပ်တဲ့ ဆမ လက်မှတ်ကို ပြန်လျှောက်မယ်လို့တော့ စိတ်ကူးထားတယ်။ အဲဒီအတွက်လည်း ဆရာကြီးတွေကို ပြန်တောင်းပန်မယ်။ " လို့ ဒေါက်တာ နန်းမွေစံက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nang Mwe San
Image caption တစ်ချိန်ကျရင်လည်း ဆရာဝန်အလုပ်ကို ပြန်လုပ်ချင်သေးတယ်

ဆေးကောင်စီက သတိပေးတာနဲ့ ပတ်သက်လို့လည်း "ပြောရမယ်ဆိုရင် သုံးကြိမ်မြောက်ပေါ့နော်။ သုံးကြိမ်မြောက်ကို ပိတ်သိမ်းလိုက်ပါပြီဆိုပြီး စာရောက်တာ။ အရင်တုန်းကတော့ သတိပေးတာပေါ့။ ဆမ စာအုပ်ကို ပြန်လာအပ်ရင်အပ်၊ မအပ်ရင်လည်း ဓာတ်ပုံတွေ ဖျက်ပါပေါ့။ သူတို့က ကျွန်မရဲ့ ဖေ့စ်ဘုတ် အကောင့်ရော၊ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဖျက်ခိုင်းတာ။ ဖျက်ခိုင်းတယ်ဆိုတော့ ကျွန်မအနေနဲ့ ဒီဟာကို ပရော်ဖက်ရှင်နယ် တစ်ခုကို ဖြစ်နေပြီးလေ။ ဒီဖိုတို မော်ဒယ်လ် အလုပ်ကို လုပ်နေတယ်ဆိုတော့ ဓာတ်ပုံကို ဖျက်ခိုင်းတော့ အဆင်မပြေဘူး။ ကျွန်မလည်း မဖျက်ဘဲ ထားထားလိုက်တာ။ အဲဒါကိုမှ မဖျက်လို့ ဆိုပြီးတော့ ဒီစာရွက်ကြီး ရောက်လာတာပေါ့နော်"

ဒေါက်တာ နန်းမွေစံဟာ မြန်မာ့ ယဉ်ကျေးမှု နဲ့ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖေ့စ်ဘုတ်ပေါ် ဓါတ်ပုံရိုက်တင်တာနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက်ခြင်း မပြုပါဘူးလို့ ဆေးကောင်စီကို ကတိပေးခဲ့တဲ့ ဇန်နဝါရီလ နောက်ပိုင်း သုံးလကျော် ဆက်လုပ်နေလို့ မတ်လ ၃၁ ရက် ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာနန်းမွေစံရဲ့ အထွေထွေဆေးကုသခွင့်လိုင်စင်ကို အမိန့်စာ ထုတ်ပြန်တဲ့ နေ့ကစပြီး ပိတ်လိုက်တယ်လို့ ဇွန်လ ၃ ရက် နေ့စွဲနဲ့ ဆေးကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ