သစ်အလုံးလိုက် ပြည်ပတင်ပို့ဖို့ အစိုးရက ခွင့်ပြုလိုက်တဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Ye Aung Thu/AFP/Getty Images
Image caption ရန်ကုန်မြစ်တလျှောက် သယ်ဆောင်လာခဲ့တဲ့ သစ်လုံးတွေနဲ့ အတူတွေ့ရတဲ့ အလုပ်သမားတစ်ဦး

(၁) သစ်အလုံးလိုက် ပြည်ပတင်ပို့ဖို့ အစိုးရက ခွင့်ပြု

မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုတွေ များနေတဲ့အတွက် ၂၀၁၄ ခုနှစ်ကစလို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပေမယ့် အခုတော့ ဒါကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်းစီမံကိန်းနဲ့ စာရင်းအင်းဌာန အထွေထွေမန်နေဂျာ ဦးညီညီထွန်းက ပြောပါတယ်။

အခုခွင့်ပြုပေးမှာကတော့ ပုဂ္ဂလိကစိုက်ခင်းတွေမှာ စိုက်ပျိုးထားတဲ့ ကျွန်းသစ်နဲ သစ်မာတွေကို နိုင်ငံခြားတင်ပို့ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

'ပုဂ္ဂလိက သစ်စိုက်ခင်းတွေအနေနဲ့ သက်တမ်းအနေနဲ့ ၁၀ နှစ်ကျော်နေပြီဖြစ်လို့ တချို့စိုက်ခင်းတွေထဲမှာရှိတဲ့ ပင်ကျပ်ပင်ညှပ်တွေကို ခုတ်ရမယ့်အချိန်ရောက်နေဖြစ်ပြီး ဒါတွေကို နိုင်ငံခြားတင်ပို့လိုနေပြီ'လို့လည်း မြန်မာနိုင်ငံ ကျွန်းနဲ့ သစ်တောထွက်ကုန်သည်များအသင်းရဲ့ ဒုဥက္ကဌ ဦးသိန်းဝင်းက ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှုများလာလို့ ရာသီဥတုဖောက်ပြန်တာတွေ၊ နွေရာသီမှာ ပိုမိုပူပြင်းလာတာတွေကို ဒေသအတော်များများမှာ ကြုံနေရပြီး ပြီးခဲ့တဲ့နှစ်ကစလို့ ပရဟိတအဖွဲ့အတော်များများက နိုင်ငံတွင်း သစ်ပင်စိုက်ပျိုးရေးတွေ လုပ်လာနေကြရပါတယ်။

မြန်မာနိုင်ငံ သစ်တောပြုန်းတီးတာဟာ စနစ်တကျ မထုတ်လုပ်ခဲ့တာတွေ၊ တရားမဝင် ခုတ်ယူတာတွေနဲ့ သစ်တောမြေနေရာကို တခြားနေရာတွေအတွက် အသုံးပြုတာတွေကြောင့် ဖြစ်ရတာပါလို့ ဦးညီညီထွန်းက ပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာအရ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သစ်တောဟက်တာ ၁၀ သန်း ဆုံးရှုံးခဲ့ရပြီး ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံဟာ ကမ္ဘာပေါ်မှာ သစ်တောဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် အခုထက်ထိလည်း နိုင်ငံတွင်း တရားမဝင်သစ်ထုတ်တာနဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ အဂတိလိုက်စာမှုတွေ ရှိနေသေးတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

(၂) ဟောင်ကောင်မှာ ဒီကနေ့ အကြီးအကျယ်ဆန္ဒပြကြမယ်

ဓာတ်ပုံ မူပိုင် PHILIP FONG/AFP/Getty Images
Image caption လူအများအပြားပါတဲ့ ဆန္ဒပြပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြ

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟောင်ကောင်အစိုးရ စီစဉ်ဆောင်ရွက်နေတဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို တရုတ်ပြည်ပို့ပြီး တရားစွဲဆိုခွင့်ဥပဒေဥပဒေကြမ်းနဲ့ ပတ်သက်လို့ ထောင်နဲ့ချီတဲ့လူတွေဟာ ဟောင်ကောင်ဥပဒေပြုကောင်စီရုံးအပြင်ဘက်မှာ ဆန္ဒပြတောင်းဆိုနေကြဆဲဖြစ်ပြီး ဒီကနေ့မှာတော့ ဆန္ဒပြမှုအရှိန်ကို ထပ်တိုးကြဖို့ ရှိနေပါတယ်။

တရုတ်ပြည်ပို့ပြီး တရားစွဲဆိုခွင့်ဥပဒေဥပဒေကြမ်းကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ အတည်ပြုမှာဖြစ်လို့ မိုးတွေသည်းသည်းမဲမဲရွာနေတဲ့ကြားကပဲ လူတွေဟာ ရွက်ဖျက်တဲထိုး စခန်းချပြီး ဆန္ဒပြနေကြသလို ရာနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေဟာလည်း ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်လာကြပါတယ်။

ဒါ့ကြောင့် ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ဆန္ဒပြပွဲကိုတော့ လူအများအပြားပါတဲ့ ဆန္ဒပြပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆန္ဒပြနေတဲ့ ဥပဒေပြုကောင်စီအဆောက်အဦးနားမှာတော့ လုံခြုံရေး ရဲတွေ ထူထူထပ်ထပ်ချထားပြီး ငယ်ရွယ်တဲ့လူတွေ အနီးအနားဖြတ်သွားရင်လည်း ရဲက ရပ်တန့်ခိုင်းပြီး ရှာဖွေမှုတွေ လုပ်နေပါတယ်။

အတည်ပြုဖို့ရှိနေတဲ့ ဥပဒေသစ်အရ ဟောင်ကောင်က လူတွေကို တရုတ်ပြည်မကြီးပို့ပြီး တရားစွဲဆိုတဲ့အထိ ခွင့်ပြုမှာဖြစ်ပါတယ်။

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းကတော့ ဒီဥပဒေကို ကန့်ကွက်ဆန္ဒပြတာတွေ ရှိကြပေမယ့် ရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

(၃) မက္ကဆီကို ရွှေ့ပြောင်းသူအရေး သမ္မတထရမ့်ချပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ဖြူတော်မြက်ခင်းပြင်မှာ လက်ထဲစာရွက်တစ်ရွက်ကိုင်ရင်း သမ္မတထရမ့်ကပြောခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်ရရှိထားတယ်လို့ သတင်းမီဒီယာတွေကို ဇွန်လ ၁၁ ရက်နေ့က ပြောလိုက်တာဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံကတော့ ဒီကိစ္စကို ဘာမှ မသိဘူးလို့ ပြောထားတာပါ။

သမ္မတ ထရမ့်က အိမ်ဖြူတော်မြက်ခင်းပြင်မှာ လက်ထဲစာရွက်တစ်ရွက်ကိုင်ရင်း ဒီကိစ္စကို အချိန်တန်ရင် မက္ကဆီကိုဘက်ကလည်း ကြေညာမှာ ဖြစ်တဲ့အကြောင်း နဲ့ အခုလက်ထဲက စာရွက်ဟာ သဘောတူညီချက် ဖြစ်တဲ့အကြောင်းကိုလည်း ပြောပါတယ်။ ဒီစာရွက်ထဲမှာ နိုင်ငံခိုလှုံခွင့် လက်ခံမယ့် အစီအစဉ်တွေလည်းပါဝင်ပြီး ဒါနဲ့ပတ်သက်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးကလည်း တစိတ်တပိုင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဇွန်လ ၁၀ ရက်နေ့တုန်းက မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ မက္ကဆီနိုင်ငံ အတွင်း ဖြတ်ကျော်မယ့် သူတွေကို တားဆီးဖို့ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ချထားမယ်လို့ ကြေညာခဲ့ပေမယ့် ဒီထက်ပိုပြီး ထုတ်ပြန်ဖို့မရှိဘူးလို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂ နိုင်ငံကြား လူဝင်မှု ကြီးကြပ်ရေးကိစ္စနဲ့ အငြင်းပွားနေချိန်မှာပဲ သမ္မတ ထရမ့်က မက္ကဆီနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ အခုသီတင်းပတ်အတွင်း ခြိမ်းခြောက် ပြောဆိုတာတွေရှိခဲ့ပါတယ်။

(၄) မူးယစ်ဆေးအကြောင်းပြချက်နဲ့ အဖမ်းခံထားရတဲ့ ရုရှားသတင်းထောက် ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်းစုံစမ်းရေးသားသူ ရုရှားသတင်းထောက်အီဗန်ဂိုလူနော့ဗ်

ထင်ရှားတဲ့ ရုရှားလူမျိုး သတင်းစုံစမ်းရေးသားသူ အီဗန်ဂိုလူနော့ဗ်ကို မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ထိန်းသိမ်းထားပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် သတင်းသမားဟာ လွတ်လာပြီးနောက် သူ့ကိုစောင့်နေတဲ့ လူထုကို တွေ့ဆုံပြီး သူဟာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းရေးသားနေဦးမယ်လို့ ပြောလိုက်ပါတယ်။

'ကျွန်တော်ကို ထောက်ခံသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်တာလဲ ဆိုတာကိုတောင် သေသေချာချာ သဘောမပေါက်သေးပါဘူး၊ ရာဇဝတ်မှုနဲ့ တရားစွဲထားတာကို ရုတ်သိမ်းပြီး တရားမျှတမှု ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်' လို့ မစ္စတာ ဂိုလူနော့ဗ်က ပြောခဲ့ပါတယ်။

သူဟာ အဂတိလိုက်စားမှုတွေကို စုံစမ်းရေးသားလို့ ခုလိုထိန်းသိမ်းခံရတာလို့ လူအများက ယုံကြည်နေကြပါတယ်။ အစိုးရဟာ မကြုံစဖူး ခုလိုနောက်ပြန်ဆုတ်လိုက်တဲ့အတွက် လေးစားဂုဏ်ပြုပါတယ်လို့ ဂိုလူနော့ဗ်ရဲ့ အလုပ်ရှင်ဖြစ်တဲ့ မက်ဒူဇာ သတင်းစာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစိုးရကတော့ မစ္စတာ ဂိုလူနော့ဗ်ကို ဖမ်းဆီးတဲ့ ရဲအရာရှိကို ရာထူးက ဆိုင်းငံ့ဖြုတ်ချထားတယ်လို့ ဆိုပါတယ်။ သူ့ကို ဖမ်းဆီးတဲ့အတွက် သတင်းစာတွေက ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဥရောပသမဂ္ဂကလည်း တောင်းဆိုထားပါတယ်။