ကျောင်းတွေမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု မြင့်တက်လာနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption ကျောင်းပရဝုဏ်ကနေ ပေ ၁၀၀ အတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး ရောင်းချနေမှုကို ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

(၁) ၁၀ နှစ်အတွင်း ကျောင်းတွေမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု မြင့်တက်လာ

မြန်မာနိုင်ငံတဝန်း ကျောင်းတွေမှာ ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာ သုံးစွဲမှုဟာ ၁၀ နှစ်တာကာလအတွင်း မြင့်တက်လာခဲ့တယ်လို့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

ဆယ်ကျော်သက်လူငယ် တဝက်လောက်မှာ အသက် ၁၄ နှစ်ကစလို့ အရက်သောက်သုံးတာတွေကို တွေ့ရတယ်ဆိုပြီး Myanmar Global School Health Survey လို့ခေါ်တဲ့ ကျောင်းကျန်းမာရေးဆိုင်ရာ သုတေသနပြုချက် စစ်တမ်းမှာ ဖော်ပြပါတယ်။

၁၀ နှစ်ကာလအတွင်း အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြားလူငယ်တွေကြား ဆေးလိပ်သောက်သုံးမှုဟာ ၄ % ကျော်နဲ့ အရက်သောက်သုံးမှုကတော့ ၃ % ကျော်အထိ မြင့်လာတယ်လို့လည်း စစ်တမ်းက ဆိုပါတယ်။

အစည်အဝေးမိန့်ခွန်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က 'ဒီပြဿနာတွေရဲ့ ဇစ်မြစ်ကို အဖြေရှာဖို့ လိုတယ်ဆိုတဲ့အကြောင်း ပြောခဲ့သလို ကျောင်းပရဝုဏ်ကနေ ပေ ၁၀၀ အတွင်း ဆေးလိပ်၊ ဆေးရွက်ကြီးပစ္စည်းတွေ ရောင်းချနေမှုကို ဥပဒေအရ ထိရောက်စွာ အရေးယူဖို့' တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေမှာ အာဟာရချို့တဲ့မှု ၁၈ ရာခိုင်နှုန်း၊ အဝလွန်နေသူ ၁၀ ရာခိုင်နှုန်းနဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းသူ ၅၀ ရာခိုင်နှုန်းရှိနေပြီး ကိုယ်လက်လှုပ်ရှားမှုကလည်း လူငယ် ၁၀ ဦးမှာ ၁ ဦးကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ ဖော်ပြပါတယ်။

အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေကို ကောက်ယူတဲ့ ဒီစစ်တမ်းကို ကျန်းမာရေးဝန်ကြီးဌာနကနေ ဦးဆောင်ပြီး ၂၀၁၆ ခုနှစ်မှာ ကောက်ယူခဲ့တာဖြစ်ပါတယ်။

စစ်တမ်းအရ ဆယ်ကျော်သက်လူငယ် ၁၀ ဦးမှာ ၁ ဦးဟာ အမြဲတမ်း (ဒါမှမဟုတ်) အချိန်တော်တော်များများမှာ အထီးကျန်နေတယ်လို့ ခံစားရပြီး လူငယ် ၁၀ ဦးမှာ ၁ ဦးကလည်း မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ စစ်တမ်းကောက်ယူမှုမှာပါတဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက ပြောပါတယ်။

အစိုးရအနေနဲ့ လက်ရှိမှာ ဒီပြဿနာတွေကို တာဝန်ယူ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ နောင်လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ ကာလအတွင်း နိုင်ငံဟာ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေကို အဓိက ရင်ဆိုင်လာရမယ်ဆိုပြီးတော့ ကျန်းမာရေးဆရာဝန်တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

(၂) ရန်ကုန်-ဘန်ကောက်ကုန်ကားတွေကို ဇူလိုင်လမှာ စတင်ပြေးဆွဲမယ်

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption မဲဆောက်က ထိုင်း-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်

ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံကြား ကုန်ပစ္စည်းတွေကို ကုန်ကားတွေနဲ့ နယ်စပ်ကနေပဲ သယ်ဆောင်ပြေးဆွဲနေရာကနေ လာမယ့်ဇူလိုင်လမှာတော့ ဘန်ကောက်-ရန်ကုန်အထိ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ထိုင်း-မြန်မာတာဝန်ရှိသူတွေက မတ်လ ၁၃ ရက်နေ့က သဘောတူလက်မှတ်ထိုးခဲ့ကြပြီး အာဏာပိုင်တွေဟာ ထိုင်းကုန်ကား ၁၀၀ နဲ့ မြန်မာကုန်ကား ၁၀၀ အတွက် ခွင့်ပြုလိုင်စင်တွေ ထုတ်ပေးဖို့ စီစဉ်နေသလို၊ ယာဉ်မောင်းတွေကိုလည်း တစ်နှစ်ဗီဇာပေးဖို့ သဘောတူထားကြပါတယ်။

ရန်ကုန်သီလဝါဆိပ်ကမ်းက ကုန်ပစ္စည်းတွေကို မြန်မာကုန်ကားတွေနဲ့ ဘန်ကောက် လင်မ်ခဘန်ဆိပ်ကမ်းအထိ ပို့ဆောင်နိုင်မှာဖြစ်သလို တဖက်ကလည်း လင်မ်ခဘန်ဆိပ်ကမ်းကနေ သီလဝါဆိပ်ကမ်းအထိ ကုန်ပစ္စည်းတွေ အပြန်အလှန် တင်ပို့နိုင်ကြတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကုန်ကားတွေဟာ မြဝတီ၊ မဲဆောက်အထိပဲ ကုန်ပစ္စည်းတွေကို တင်ပို့နိုင်ကြပြီး အခုနိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်တာတွေ လုပ်မှာဖြစ်လို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ပို့ဆောင်ဆက်သွယ်ရေးအကြံပေးအရာရှိ ဒေါ်အေးအေးလှက ပြောပါတယ်။

မြဝတီကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ထိုင်းကုန်ကားသမားတွေကတော့ မြန်မာပြည်ထဲအထိ ကုန်ကားမောင်းလာဖို့ မရဲဘူးလို့ ပြောကြပါတယ်။

နန်ဘိုလွိုင်ဆိုတဲ့ ထိုင်းအမျိုးသမီးယာဉ်မောင်းက 'မြန်မာကားသမားအများစုက ကွေ့ချင်တဲ့ဖက်မီးမပြဘဲ ကွေးကြတယ်၊ အရှေ့က လာနေတဲ့ ဆိုက္ကယ်၊ စက်ဘီး၊ ကားတွေက ကွေ့ချင်ရင် ရုတ်တရက် ဖြတ်ကျော်ပြီး ကွေ့တယ်၊ ဒါ့ကြောင့် နယ်စပ်ချစ်ကြည်ရေး တံတားနားမှာ မကြာခဏယာဉ်တိုက်မှုတွေ ဖြစ်တယ်' လို့ ပြောပါတယ်။

မြန်မာကုန်ကားမောင်းသမား နိုင်ချောချစ်ကတော့ 'ထိုင်းကုန်ကားသမားတွေက ရန်ကုန်အထိ လာမှာဆိုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ထိုင်း-မြန်မာ ၂ ဘာသာနဲ့ ရေးထားဖို့လိုတယ်၊ ယာဉ်မတော်တဆမှုအတွက်လည်း အာမခံထားပေးဖို့ လိုတယ်' လို့ ပြောပါတယ်။

(၃) ဟောင်ကောင်ဆန္ဒပြပွဲ လူ ၇၀ ကျော် ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AFP
Image caption တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့ ဟောင်ကောင်ဆန္ဒပြပွဲ

တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ကြတဲ့ ဟောင်ကောင် ဆန္ဒပြပွဲမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၂ ဦးရှိပြီး အဲ့ဒီထဲက ၂ ဦးကတော့ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ညဘက်အထိ ဆန္ဒပြမှုတွေရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့တာပါ။

ဆန္ဒပြပွဲတွေကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ဟောင်ကောင်ဥပဒေပြုကောင်စီမှာ လုပ်မယ့် ဥပဒေကြမ်းဆွေးနွေးပွဲ အစည်းအဝေးကလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ထရမ့်က ၂ ဖက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့လိုတဲ့အကြောင်းပြောခဲ့သလို ဥရောပသမဂ္ဂအီးယူကလည်း ဟောင်ကောင်အနေနဲ့ ဟောင်ကောင်သားတွေရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးရာဌာနရဲ့အကြီးအကဲ ဖက်ဒရီကာမိုကာရီနီက 'ဟောင်ကောင်ရဲ့ မသင်္ကာဖွယ်လူတွေကို တရုတ်ပြည်မကို လွှဲပြောင်းစစ်ဆေးမယ့် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဟောင်ကောင်ဒေသခံတွေနည်းတူ၊ ဥရောပနိုင်ငံအများအပြားကလည်း စိုးရိမ်မကင်းဖြစ်ရတယ်လို့' ပြောခဲ့ပါတယ်။

၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို တရုတ်လက်အောက်လွှဲပြောင်းပေးခဲ့တဲ့ ဗြိတိန်ကလည်း ဟောင်ကောင်ဒေသခံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မိတ်ဆွေတွေရဲ့ စိုးရိမ်မှုကို နားလည်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းကတော့ 'အကြမ်းဖက်အဓိကရုန်းဖြစ်စေရေးအတွက် လှုံဆော်တဲ့ ဆန္ဒပြကြသူတွေဟာ စနစ်တကျတမင်ဖန်တီးတာ' ဆိုပြီးတော့ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

တရုတ်အစိုးရဘက်ကလည်း ဟောင်ကောင်အာဏာပိုင်တွေကို ဒီအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

(၄) အမေရိကန်တပ်အင်အား ၁ ထောင် ပိုလန်ကိုပို့ဖို့စီစဉ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၇ တုန်းက ဝါဆောမြို့မှာ ချီတက်ခဲ့ကြတဲ့ အမေရိကန်တပ်ဖွဲ့ဝင်များ

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပိုလန်အပေါ်မှာ ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်မှုကို စိတ်ပူပန်မိတဲ့အတွက် နောက်ထပ်အမေရိကန်တပ်အင်အား ၁ ထောင် ထပ်ပို့ဖို့ စဉ်းစားနေတဲ့အကြောင်း ပြောပါတယ်။

အိမ်ဖြူတော်မှာ ပိုလန်သမ္မတ Andrzej Duda နဲ့ တွေ့ဆုံစဉ်မှာ ကျွန်တော်တို့ အမေရိကန်တပ်အင်အား ၅ သောင်း ၂ ထောင်ကျော်ဟာ ဂျာမနီမှာ တပ်စွဲထားတာ ကြာလှပါပြီ၊ ဒါ့ကြောင့် တချို့တပ်ဖွဲ့ဝင်တွေကို ၂ ဖက် သဘောတူရင် ပိုလန်ကို ပို့ပေးဖွယ်ရှိပါတယ်၊ ပိုလန်အနေနဲ့လည်း ကောင်းမွန်သင့်တော်တဲ့နေရာမှာ တပ်ချပေးမှာပါ ဆိုပြီး ပြောပါတယ်။

ပိုလန်အနေနဲ့လည်း အမေရိကန်ရဲ့ F-35 ဂျက်တိုက်လေယာဉ်တွေ ဝယ်ဖို့ရှိကြောင်း၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပိုလန်အစိုးရကလည်း ပိုလန်မှာ အမေရိကန်စစ်အခြေစိုက်စခန်း အမြဲတမ်းချနိုင်ဖို့ ဒေါ်လာ ၂ ဘီလီယံ သုံးစွဲဖို့အသင့်ရှိကြောင်း ပြောပါတယ်။

ဒီအခြေစိုက်စခန်းကိုလည်း Fort Trump လို့ ထရမ့်စစ်စခန်းလို့ အမည်ပေးဖွယ်ရှိတယ်လို့လည်း ပိုလန်သမ္မတက ပြောပါတယ်။