အမျိုးသားတွေသာ တင်ရတဲ့ နတ်ပွဲ

ဘိုးဘိုးကြီးနတ်ကြီးတင်ပွဲကို ဝါဝင်ကာလမှာ ကျင်းပလေ့ရှိ ဓာတ်ပုံ မူပိုင် Ahdoe
Image caption ဘိုးဘိုးကြီးနတ်ကြီးတင်ပွဲကို ဝါဝင်ကာလမှာ ကျင်းပလေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ထဲက ကျေးရွာ တချို့မှာ အမျိုးသားတွေပဲ တင်ရတဲ့ နတ်တင်ပွဲ ဇွန်လ ၁၃ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒီပွဲ ကျင်းပလာတာ နှစ်ပေါင်း ၈၀ နီးပါး ရှိပါပြီ။

တုန်းပေါ နဲ့ သိမ်အင်းရွာက ရွာသားတွေဟာ ရွာနှစ်ရွာရဲ့ အလယ်မှာရှိတဲ့ ဘိုးဘိုးကြီး နတ်ကြီးတင်ဓလေ့ကို ဘိုးဘွားတွေ အမွေအဖြစ် ဆက်လက် ပူဇော်ပသနေတာ ဖြစ်ပါတယ်။

ကသာနယ်က ကျေးရွာပေါင်း ၁၄၀ ကျော် မှာ အခုလို ဝါဝင်ကာလ ကျင်းပတဲ့ နတ်တင်ပွဲ အများစုဟာ အမျိုးသားတွေသာ နတ်တင်လေ့ရှိတယ်လို့ ကသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဘီဘီစီကို ပြောပါတယ်။

ဘယ်သူတွေကစခဲ့တာလဲ

ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာ အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြတဲ့ နတ်တင်ပွဲကို မိုးထဲလေထဲမှာတောင် ရိုးရာမပျက် ပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲကို အမျိုးသမီးတွေ လာလို့ မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ahdoe
Image caption မုန့်ဖြူ၊မုန့်နီကိုလည်း လယ်ကွင်းထဲမှာပဲ ပူပူနွေးနွေးကြော်ပြီး ကပ်

ဒီနတ်ပွဲကို နှစ်တိုင်းမပျက်မကွက် လုပ်ကြပါတယ်။ ဘိုးဘွားတွေခေတ် ဂျပန် ခေတ်ထဲက အခုလို ပြုလုပ်ခဲ့တာပါလို့ လည်း ဦးညီညီထွန်းက ရှင်းပြပါတယ်။

အဲဒီနှစ်ရွာမှာ နတ်တင်ပွဲလုပ်တာ ရက်မတူကြဘူး။ ဆန်တွေ၊စပါးတွေ တိုးပွားပြီး အိမ်သူအိမ်သားတွေ ကျန်းမာစေကြောင်း တောင်သူလယ်သမားတွေ ဘိုးဘိုးကြီးနတ်ကို နတ်တင် ဆုတောင်းကြတာပါ လို့လည်း သူကပြောပါတယ် ။

ဘယ်လိုတင်ကြတာလဲ

တုန်းပေါ နဲ့ သိမ်အင်းရွာက ကသာမြို့နဲ့ ၂ မိုင် လောက်အကွာမှာ ရှိတဲ့ရွာတွေပါ။

ဘိုးဘိုးကြီး နတ်စင်ကတော့ တုန်းပေါ နဲ့ သိမ်အင်းရွာကြား ကားလမ်းဘေးမှာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Ahdoe
Image caption ကသာမြို့နဲ့ ၂ မိုင် လောက်အကွာမှာ ကျင်းပတဲ့ ဘိုးဘိုးကြီးနတ်တင်ပွဲ

နတ်တင်ရာမှာ မှာ ထမင်း၊ငါးကြော်၊ကွမ်း၊ဆေးလိပ်၊ငှက်ပျောဖီး၊မုန့်ဆီကြော် အဖြူ ၊အနီ တွေကို အင်ဖက်ထဲမှာ ထည့်ပြီး ပူဇော်ကြတာပါ။

မုန့်ဖြူ၊မုန့်နီကိုလည်း လယ်ကွင်းထဲမှာပဲ ပူပူနွေးနွေးကြော်ပြီး ကပ်ကြတာလို့ ဆိုပါတယ်။

ပစ္စည်းတွေကို အိမ်ကနေ ယူလာကြ ပြီးမှ နတ်ကွန်းနားရောက်မှ ပြင်ကြတာပါ ။ မနက် ပိုင်း၇ နာရီလောက် စတင်လေ့ရှိပြီးတော့ ဖယောင်းတိုင်ထွန်း ဆုတောင်းကြပါတယ်။

ဖယောင်းတိုင် ကုန်သွားရင်တော့ ဆုတောင်းပွဲ ပြီးဆုံးတယ် လို့သတ်မှတ်ကြပြီး ပြန်လေ့ ရှိကြပါတယ်။

အမျိုးသမီးတွေဘာလို့ မလာရတာလဲ

ဘာကြောင့်ရယ်မသိပေမဲ့ သက်ကြီးဝါကြီး ရပ်မိရပ်ဖတွေ အဆိုရတော့ နတ်တင်ထားတဲ့ နတ်ကွန်းက မုန့်တွေကို အမျိုးသမီး တစ်ဦး စားရာ ကနေ အော့အန်ပြီး အဲဒီ အမျိုးသမီး ရပ်ရွာကနေ ပျောက်သွားရာကနေ အစပြုတယ်လို့ ပြောပါတယ်။

ဒါနဲ့ ဘိုးဘိုးကြီးနတ်က အမျိုးသမီးတွေလာတာ မကြိုက်တာလို့ ဖြစ်မယ် လို့ ရပ်ရွာကယူဆကြပါတယ် ။

ဓာတ်ပုံ မူပိုင် Ahdoe
Image caption အိမ်ထောင်ဦးစီးတွေလာရပြီး မလာနိုင်ရင် သားတွေလာနိုင်တယ်

ဒီတော့ နှစ်စဉ် နတ်တင်ရင် တစ်အိမ်ထောင် တစ်ယောက် အမျိုးသားတွေလာပြီးနတ်တင်ရတာပါ။

အိမ်ထောင်ဦးစီး လာရတယ်။ မလာရင် သားဖြစ်သူ လာရတယ်။ အိမ်ထောင်ဦးစီး ညီတွေ၊အစ်ကိုတွေ လာရတယ်၊

တူဖြစ်သူလာလို့ မရဘူးလို့လည်းဒေသခံတွေက ပြောပါတယ်။

" နှီးပြားလေး ယူလာရတယ်။ အိမ်မှာ မိသားစုဝင် ၅ ယောက်ရှိရင် ၅ ခု ချိုးရတယ်။ ပြီးရင် ဘိုးဘိုးကြီး ကိုစောင့်ရှောက် ပါ ဆိုပြီးဆုတောင်းကြတာပါ။

မတင်ရင် ဘာဖြစ်လဲ

ဘိုးဘိုးကြီးနတ်ဟာ ကိုလိုနီခေတ်က ဂျပန်တွေ ရွာဘက်လာရောက်စဉ် ရွာကို မတွေ့အောင် တန်ခိုးနဲ့ဖျောက်ထားပေးခဲ့လို့ ဂျပန်တွေ နှိပ်စက်မယ့်ဘေးက ဝေးခဲ့ရတယ်လို့ ဒေသခံတွေက ယုံကြည်ပြီး ကိုးကွယ်ခဲ့ကြတယ်လို့ ဦးညီညီထွန်းကပြောပါတယ်။

သူကိုယ်တိုင်လည်း နတ်တင် ပွဲတွေတက်ခဲ့ ပြီးတော့ ရွာမှာ နှစ်စဉ်မပျက်မကွက် ကျင်းပလေ့ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Ahdoe

ဆန်တွေ၊စပါးတွေ တိုးပွားပြီး အိမ်သူအိမ်သားတွေ ကျန်းမာစေကြောင်း တစ်အိမ်တစ်ယောက် အမျိုးသားတွေ အားလုံးထွက်ပြီး နတ်တင်တဲ့ ဓလေ့ဟာ မတင်တဲ့သူမရှိသလောက်ပါဘဲ။

ကသာမြို့နယ်ထဲမှာ ကျေးရွှာပေါင်း ၁၄၃ ရွာရှိပြီး ရွာတိုင်းအမျိုးသားတွေ ဝါအဝင်မှာ နတ်တင်လေ့ရှိပါတယ်။

တောင်သူလယ်သမားတွေက စိုက်ရေးပျိုးရေး၊ရောင်းရေးဝယ်တာ အဆင်ပြေဖို့ အစဉ်လာမပျက်လုပ်တဲ့ ဓလေ့မို့ နတ်တင်ပွဲမလာရင်တော့ နောင်ရပ်ထဲ ရွာထဲက ပွဲတွေမှာ ရွာက မဖိတ်ကြတာပဲရှိတယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ahdoe

ဆက်စပ် အကြောင်းအရာများ