အသက် ၁၀၀ မနေရရင်တောင် အကြိမ် ၁၀၀ ပြည့်အောင်သွေး လှူမယ်

မေလက အကြိမ် ၉၀ မြောက် သွေးလှူဒါန်းခဲ့သူ ကထိက ဒေါက်တာရီရီရွှေ ဓာတ်ပုံ မူပိုင် Ma Moe Moe Lay
Image caption မေလက အကြိမ် ၉၀ မြောက် သွေးလှူဒါန်းခဲ့သူ ကထိက ဒေါက်တာရီရီရွှေ

ဇွန်လ ၁၄ ရက်နေ့ဟာ ကမ္ဘာ့ သွေးလှူရှင်များနေ့ ဖြစ်ပါတယ်။

"ကျွန်မ အသက် ၁၀၀ အထိ မနေရရင်တောင် အကြိမ် ၁၀၀ ပြည့်အောင်တော့ လှူမယ်လို့ ရည်ရွယ်ထားပါတယ်" ဆိုတဲ့ ဒဂုံတက္ကသိုလ် သမိုင်းဌာန ကထိက ဒေါက်တာ ရီရီရွှေက ပြီးခဲ့တဲ့ မေလကပဲ အကြိမ် ၉၀ မြောက် သွေးလှူဒါန်းခဲ့ပါတယ်။

သူတပါး အသက်ကို ကယ်တင်နိုင်ဖို့ ဒါမှမဟုတ် ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ စိတ်စေတနာနဲ့ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးကို လှူဒါန်းကြတဲ့ မြန်မာ သွေးလှူရှင်တွေ အများအပြားထဲမှာ ဒေါက်တာ ရီရီရွှေ လည်း တစ်ယောက် အပါအဝင်ပါ။

သူ မွေးတဲ့နေ့ကတည်းက သွေးလှူဖို့ ပါရမီပါလာသူလို့ ဆိုရလောက်အောင် ထူးခြားတဲ့ အခြေအနေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ma Moe Moe Lay
Image caption နှစ်စဉ် တစ်နှစ် သုံးကြိမ် ပုံမှန်သွေးလှူတဲ့ ဒေါက်တာ ရီရီရွှေ

သူ့ကို မွေးတဲ့နေ့က သူ့မိခင်နဲ့ အတူ ဆေးရုံမှာ မီးဖွားတဲ့ အမျိုးသမီးက အရေးပေါ် သွေး လိုအပ်တဲ့ အတွက် သူ့ ဖခင်က သွေးလှူဘဏ်မှာ သွားယူပေးခဲ့ပြီး ကူညီခဲ့တဲ့ အကြောင်း ဖခင်က ပြန်ပြော ပြတာကြားရပြီး သွေးလှူနိုင်တဲ့ အရွယ် ရောက်ရင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး ရှိခဲ့တယ်လို့ ဒေါက်တာ ရီရီရွှေ က ဘီဘီစီကို ပြောပါတယ်။

အခု အသက် ၅၀ ကျော်အရွယ် ဒေါက်တာ ရီရီရွှေ ဟာ ပထမဆုံး သွေးလှူဖို့ ကြိုးစားခဲ့ချိန်က အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။

သွေးလှူနိုင်တယ်လို့ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန် ပေါင် ၉၀ မပြည့်တဲ့ အတွက် လှူခွင့်မရခဲ့ဘဲ အသက် ၂၀ ရောက်မှ စတင် လှူနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီ အချိန်ကစပြီး အခုချိန်ထိ နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ နှစ်စဉ် တစ်နှစ် သုံးကြိမ် သွေးလှူခဲ့တယ် လို့ ဒေါက်တာ ရီရီရွှေက ပြောပါတယ်။

သွေးလှူလိုက်ရင် ကျန်းမာရေး ထိခိုက်နိုင်လား

သွေးလှူတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတွေ ဖောက်ထုတ်ပေးလိုက်ရတာဖြစ်လို့ သွေးလှူရှင်တွေ အနေနဲ့ အားအင်ချိနဲ့သွားမလား၊ သွေးအားနည်းပြီး နေထိုင် မကောင်းဖြစ်လေမလားလို့ ပူပန်ကြသူတွေကို အဲဒီလို ထိခိုက်မှု မရှိပါဘူးလို့ သူက အကြံပေးပါတယ်။

ဒေါက်တာ ရီရီရွှေက သူဆိုရင် သွေးလှူပြီးတဲ့ အချိန်ဆို ပိုလန်းဆန်း သွားသလိုတောင် ခံစားရတယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာတယ်၊ အခုချိန်ထိ ဆံပင်မဖြူ သွားမကျိုး သေးဘူးလို့ အရွှန်းဖောက် ပြောပါတယ်။

ပုံမှန် သွေးလှူနိုင်အောင် ကိုယ်က ကျန်းမာနေဖို့ လိုအပ်တဲ့ အတွက် ပုံမှန်အိပ်၊ ပုံမှန်စား အနေအထိုင် သင့်တင့် မျှတအောင် နေသင့်တယ်လို့ သူက ဆိုပါတယ်။

သွေးလှူမယ့်သူ တစ်ယောက် အနေနဲ့ ကျန်းမာရေးကိုလည်း ပုံမှန် စစ်ပြီးသားဖြစ်သွားတဲ့ အတွက် လူငယ်တွေ ဆို ပိုတောင် သွေးလှူသင့်တယ်၊ ဒါမှ ကျန်းမာရေး စစ်ဆေးဖြစ်မယ်လို့လည်း ဒေါက်တာ ရီရီရွှေက ပြောပါတယ်။

ဒါမှ သူတို့သွေးတွေ သန့်ရှင်းနေအောင် လုပ်ဆောင်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ထိန်းပြီးသားလည်း ဖြစ်သွားမယ်လို့ သူက ယူဆပါတယ်။

ဓာတ်ပုံ မူပိုင် Ma Moe Moe Lay
Image caption လူငယ်တွေ သွေးလှူဖို့ ဒေါက်တာ ရီရီရွေ အကြံပြု

လူဆိုတာ သွေးရှိမှ အသက်ရှင်သန်မှာဖြစ်တဲ့အတွက် မိသားစုထဲက လူငယ်အရွယ် တူမလေးကိုလည်း သွေးလှူဖို့ အကြံပေးထားလို့ သူလှူတာလည်း အကြိမ် ၂၀ ကျော်ပြီလို့ ဆိုပါတယ်။

ကိုယ်လှူလိုက်တဲ့ သွေးကို ရယူသုံးလိုက်တဲ့သူအတွက် အကျိုးရှိတာ သိတဲ့အတွက် ဖော်မပြနိုင်လောက်အောင် ဝမ်းသာပီတိဖြစ်မိတယ်လို့လည်း ဒေါက်တာ ရီရီရွှေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်၊ အမျိုးသား အမျိုးသမီးတွေ အပါအဝင် အကြိမ် ၁၀၀ နဲ့ အထက် လှူဒါန်းခဲ့ကြတဲ့ သွေးလှူရှင် ၁၀၀ ကျော် ရှိပြီး အကြိမ် ၉၀ ကျော် လှူဒါန်းထားတဲ့ သွေးလှူရှင်ပေါင်း ကတော့ ၅၀ ကျော် ရှိတယ်လို့ မြန်မာ အမျိုးသား သွေးဌာနက အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ သွေးလှူရှင်တွေပါ ပါဝင် တက်ရောက်မယ့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်း အမှတ် အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့က သူနာပြု တက္ကသိုလ်မှာ ဇွန်လ ၁၆ ရက်နေ့ကျရင် ကျင်းပဖို့ရှိပါတယ်။

အကြိမ်၄၀ နဲ့အထက် သွေးလှူခဲ့ဖူးသူတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက နှစ်စဉ် ဒီဇင်ဘာလမှာ အသိအမှတ်ပြု ဂုဏ်ပြုပွဲ ကျင်းပ ပါတယ်။

ဆက်စပ် အကြောင်းအရာများ