ဝတပ်ဖွဲ့ တောင်းဆိုလိုက်တဲ့ ငြိမ်းချမ်းရေးအတွက် ကတိစာချုပ်

စစ်ရေးပြ အခမ်းအနားမှာ တက်ရောက်လာတဲ့ ဝတပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချမ်း ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption စစ်ရေးပြ အခမ်းအနားကို တက်ရောက်လာတဲ့ ဝတပ်ဖွဲ့ခေါင်းဆောင် ဦးပေါက်ယူချမ်း

'ဝ' တပ်ဖွဲ့ဟာ NCA လမ်းကြောင်းကို လာချင်တဲ့ ဆန္ဒရှိပေမဲ့ သူတို့အတွေ့အကြုံအရ အစိုးရတွေဟာ ကတိမတည်ဘူးလို့ ယူဆထားကြောင်း၊ အဲဒီအတွက် NCA လက်မှတ်ထိုးမယ်ဆိုရင်တောင် လက်မှတ်မထိုးခင် အစိုးရနဲ့ ကတိစာချုပ်တစ်ခု ချုပ်ချင်ကြောင်း ဝဘက်က ပြောတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အတွင်းရေးမှူး အဖွဲ့ရဲ့ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တပ်မတော်က ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်က ပြောပါတယ်။

ဝဘက်က အဲဒီလို ပြောတဲ့အတွက် စာချုပ်ချုပ်ချင်တဲ့ အချက်ကို မူကြမ်းရေးပြီး ပို့ပေးဖို့ ပြောထားကြောင်း၊ အစိုးရနဲ့ တိုင်ပင်ကြည့်ပြီး ဖြစ်နိုင်ရင် အကြောင်းပြန်မယ်၊ ပြင်စရာရှိရင်လည်း ပြင်မယ်လို့ ပြောထားကြောင်း သူက ပြောပါတယ်။

အဲဒီလို အကြောင်းပြန်ထားတဲ့ အတွက် ဝဘက်က သူတို့ချုပ်ချင်တဲ့ စာချုပ်ကို တစ်ပတ်၊ နှစ်ပတ် အတွင်း ပြန်ပို့ပေးမယ်လို့ ပြောထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption "ဝ" တပ်ဖွဲ့က ဧပြီ ၁၇ ရက်က ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ပြည့် အခမ်းအနားက တပ်သားတွေ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အတွင်းရေးမှူး အဖွဲ့ရဲ့ အလွတ်သဘော ဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက်နဲ့ ၁၄ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲက ငြိမ်းချမ်းရေး ညီလာခံတွေ ပြန်ကျင်းပနိုင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်၊ အစိုးရတို့အကြား တစ်ဆို့နေတဲ့ ပြဿနာတွေကို ပြန်လည် ဆွေးနွေးနိုင်ဖို့ ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုမှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလိုတွေ့ဆုံဆွေးနွေးမှုအပြီး NCA လမ်းကြောင်းနဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ 'ဝ' တပ်ဖွဲ့ ပါဝင်လာနိုင်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး UPDJC အတွင်းရေးမှူးတစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက အဲဒီလို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးညီရန်းက "ဌာနချုပ်က အစည်းအဝေးတစ်ခုမှာ (စာချုပ်) ပြင်ဆင် ရေးဆွဲနေတယ်လို့ ပြောသံကြားတယ်။..နောက်ဆုံး ဒေါက်တာ တင်မျိုးဝင်းတို့၊ ကျွန်တော်တို့ ဗဟိုပေါ်လစ်ဗျူရို တချို့နဲ့ တရုတ်ပြည်မှာ တွေ့တုန်းက သတင်း ထွက်ပေါ်လာတယ်။ ...ပြင်ဆင်နေတယ်လို့ပဲ သိရတယ်။ အသေးစိတ်တော့ မသိဘူး။ ဘယ်လောက် အတိုင်းအတာ ပြီးမယ်။ ဘယ်အချိန် ပြီးမယ်။ ဘယ်အကြောင်းအရာတွေ ပါမလဲဆိုတာ မသိရဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဝ စစ်ရေးပြ အခမ်းအနား

ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင် 'ဝ' အဖွဲ့အနေနဲ့ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်း သင့်တယ်လို့ "ဝ" အဖွဲ့က ဧပြီ ၁၇ ရက်က ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို အစိုးရက သဝဏ်လွှာပို့ပြီး ပြောခဲ့ပါတယ်။

အဲဒီ "ဝ"အဖွဲ့က ကျင်းပတဲ့ နှစ် ၃၀ ပြည့် အခမ်းအနားကလည်း စင်ပြိုင် စစ်တပ်တစ်ဖွယ် ဖြစ်နေလို့ တပ်မတော် ဖက်က အလွန်စိတ်ရှည် သည်းခံခဲ့ရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောထားပါတယ်။

တပ်မတော်က အဲဒီလို ပြောကြားပေမဲ့ လွတ်လပ်ရေး မတောင်းဆိုရေး၊ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ပြည်ထောင်စုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ရေး ဆိုတဲ့ အချက်တွေဟာ 'ဝ' တပ်ဖွဲ့ရဲ့ရပ်တည်ချက်ဖြစ်တယ်လို့ ဇွန်လ ၆ ရက်နေ့မှာ 'ဝ' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ထုတ်ပြန် ကြေညာထားပါတယ်။

'ဝ' တပ်ဖွဲ့ကို NCA လမ်းကြောင်းနဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလာဖို့ အစိုးရဘက်နဲ့ ညှိနှိုင်းနေတာတွေ ရှိနေပေမဲ့ အခု ပြုလုပ်တဲ့ UPDJC အတွင်းရေးမှူး အဖွဲ့ရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို NCA ရေးထိုးထားပြီးဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ မတက်ရောက်ခဲ့ပါဘူး။

ဒါ့အပြင် အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုဖျက်ပြီး PPCM (Peace Process Consultative Meeting) ဖွဲ့စည်းဖို့ KNU က အဆိုပြုထားတာကို ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA က အကောင်းမြင်တယ်လို့ ဝတပ်ဖွဲ့ ပြောခွင့်ရ ဦးညီရန်းက ပြောဆိုထားပါတယ်။