မန္တလေးက ဒေါ်အောင်ဆန်းစုကြည်လမ်း

ဓာတ်ပုံ မူပိုင် Ye Lwin FB
Image caption ခလရ ၇၆ တပ်ပိုင်မြေကို ခွင့်ပြုချက်နဲ့ ဖောက်လုပ်ခဲ့တာ ပါ။

လာမယ့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဖွင့်လှစ်မယ့် မန္တလေးမြို့က ၃၈ လမ်းကို ဒေါ်အောင်ဆန်းစုကြည်လမ်း လို့ မန္တလေးဒေသခံတွေက ဂုဏ်ပြုပြီးခေါ်နေကြပါပြီ။

ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင်မှာ လူထုခေါင်းဆောင်ပုံကို မွေးနေ့အထိမ်းအမှတ် အဖြစ်ထည့်ပြီးလမ်းအမည်ကိုလည်း မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် "အောင်ဆန်းစုကြည်" လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ် လို့လည်းမန္တလေးမြို့ တော်ဝန်က သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာမှာ ရေးပါတယ်။

ဒီလမ်းဟာ မန္တလေးမြို့မှာ လက်ရှိခင်းပြီး သမျှ လမ်းတွေထဲမှာ အကောင်းဆုံးလမ်းဖြစ်ပြီး ပေ ၆၀ အကျယ် နဲ့ ပေ၁၂၀၀ လောက် အရှည်ရှိတယ် လို့ သိရပါတယ်။

မြို့တော်စည်ပင်ကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်ကတော့ ကတော့ဒီလမ်းဟာ ခလရ ၇၆ တပ်ပိုင်မြေကို ခွင့်ပြုချက်နဲ့ဖောက်လုပ်ခဲ့တာ ဖြစ်ပြီးတော့ အရင်၂၆လမ်း ကို အာဇာနည်လမ်းဆိုပြီးနာမည် နဲ တွဲပြီး ခေါ်နိုင်တဲ့ လမ်းလို ဖြစ်လာဖို့ရှိတယ် လို့လည်းပြောပါတယ်။

ဒီလမ်းဟာမန္တလေးမြို့က တခြားလမ်းတွေနဲ့မတူပဲ တပ်မတော်ပိုင် ဧရိယာကိုဖြတ်ဖေါက်ရတာမို့ မြို့ခံတွေ စိတ်ဝင်စားမှု အထူးရှိခဲ့တဲ့ လမ်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ye Lwin FB
Image caption မန္တလေးရာသီ အပူဒဏ်ခံမယ့် ဆေးလိုင်းအမျိုးအစားကို သုံးထားတယ်လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ်ထဲမှာ ၃၇ လမ်းကနေ သိပ္ဗံလမ်းထိ အရှေ့အနောက်ဖြတ်လမ်းက မရှိတာမို့ ဒီလမ်းဟာ မြို့ခံပြည်သူတွေအတွက် အတော်အသုံးဝင်တဲ့ လမ်းဖြစ် တယ်လို့လည်းမြိုခံတွေက ပြောပါတယ် ။

" သစ်ပင်စိုက်ဖို့ထိုင်းကနေ သစ်ပင်တွေ သင်္ဂဟဖေါင်ဒေးရှင်းကလှူပါတယ်၊ အခု စိန်ပန်းတွေရဲနေအောင် ပွင့်နေပါပြီ၊ လမ်းမီးလည်းသွယ်ပြီးပြီး ဇွန် ၁၉ ရက်ဖွင့် မှာပါ" လို့ လည်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့် ကပြောပါတယ် ။

လမ်းနာမည်ကို မြို့ခံတွေက "ဒေါ်အောင်ဆန်းစုကြည်" လမ်းလို့ ခေါ်နေကြပေမယ့် လည်း မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ မဆုံးဖြတ်ရသေးကြောင်းနဲ့ ဒီလိုနာမည်ပေးဖို့ဆို ရင် အစိုးရဖက် ကို ခွင့်ပြုချက် တောင်းရမှာဖြစ်တယ် လို့လည်း သူကရှင်းပြပါတယ် ။

ဓာတ်ပုံ မူပိုင် Ye Lwin FB
Image caption ဇွန်လ ၁၉ ရက်နေ့ ကတော့ဒီလမ်းကို သေချာပေါက် ဖွင့်မှာပါ။

မန္တလေးမြို့မှာ လမ်းတွေက နံပတ် နဲ့အများစုဆိုပေမဲ့ လူနာမည် နဲ့ပေးထားတဲ့ လမ်းတွေလည်းရှိပါတယ်၊ ဥပမာ ၈၄ လမ်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလမ်း ၄၂ လမ်းဆိုရင် ဗိုလ်မှူးဗထူးလမ်း ၃၂ လမ်းကို အရှင်စန္ဒိမာ လမ်း စသည် ဖြင့် ဂုဏ်ပြုခေါ်ဝေါ်တဲ့ လမ်းတွေ ရှိပါတယ် ။

မန္တလေးမြို့က မြို့သူမြို့သားတွေ ဒီလိုဆန္ဒ ရှိသလို မန္တလေးမြို့ တော်ဝန်က လည်းဒီလို နာမည်ပေးဖို့ စိတ်ကူးပေမဲ့ ဒီလမ်းဟာ ဒေါ်အောင်ဆန်းစုကြည် အမည် နဲ့လမ်းဖြစ်လာမလားဆိုတာ ကတော့ ဘယ်သူကမှ အတည်မပြုသေးပါဘူး။

"ကျွန်တော်တို့ကတော့ ဇွန်လ ၁၉ ရက်နေ့ ကတော့ဒီလမ်းကို သေချာပေါက် ဖွင့်မှာ၊ ခုနပြော သလို ဘယ်လိုနာမည် ပေးဖို့ ဆို တာ မပြောနိုင်သေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ မန္တလေးမြို့က မြို့သူမြို့သားတွေ ခေါ်နေကြပြီ "လို့ မန္တလေးမြို့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့် ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ