ကလေးသူငယ် အခွင့်အရေး - မွေးစာရင်းထုတ်ခွင့်ကို ဘာလို့ စိုးရိမ်နေကြလဲ

ကလေးသူငယ် အခွင့်အရေး ဓာတ်ပုံ မူပိုင် Reuters
Image caption ပဲခူး ဆေးလိပ်ခုံမှာ အလုပ်လုပ်နေတဲ့ ကလေးတွေ

မြန်မာနိုင်ငံထဲမှာ မွေးဖွားသမျှ ကလေးငယ်တွေကို မှတ်ပုံတင် စာရင်းသွင်းခွင့် ရှိတယ် ဆိုတာဟာ မွေးစာရင်း ထုတ်ပေးတာကို ဆိုလိုတာ ဖြစ်ပြီး ၊ နိုင်ငံသား ဖြစ် မဖြစ် ဆိုတာကိုတော့ ၁၉၈၂ နိုင်ငံသား ဥပဒေ အတိုင်း စိစစ် သွားရမှာသာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်တွေထဲမှာ နိုင်ငံထဲ မွေးဖွားတဲ့ ကလေးတိုင်းဟာ ခွဲခြားမှု မရှိစေပဲ မွေးဖွားခြင်းကို အခမဲ့ မှတ်ပုံတင်ခွင့်ရှိတယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။

ဒါဟာ နိုင်ငံတွင်း မွေးဖွားလာတဲ့ မိစုံဖစုံ ရှိမနေတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေပါ မွေးစာရင်း ရရှိလာဖို့ ရည်ရွယ်တာ ဖြစ်ပြီး နိုင်ငံသား ဖြစ်မဖြစ် စိစစ်တာနဲ့ မသက်ဆိုင်ဘူးလို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဆိုပါတယ်။

"မွေးဖွားခြင်းကို မှတ်ပုံတင်ပိုင်ခွင့်" ကလေးသူငယ် အခွင့်အရေးကို အဲဒီ ဥပဒေရဲ့ အပိုဒ် ၂၁ မှာ အသိအမှတ် ပြု ပြဌာန်းထားတာ ဖြစ်ပါတယ်။ နောက် ကပ်ရက် အပိုဒ် ၂၂ မှာတော့ ကလေးတွေရဲ့ နိုင်ငံသား ဖြစ်မှု ဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး တည်ဆဲ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီသာလျှင် ရရှိစေရမယ်လို့ ဆိုထားပါတယ်။

အတိုက်အခံတွေ၊ အမျိုးသားရေးသမားတွေက ဝေဖန်

နိုင်ငံထဲ မွေးသမျှ ကလေးတိုင်းကို မှတ်ပုံတင် စာရင်းသွင်းတာဟာ တရားမဝင် ဝင်ရောက်သူတွေ နိုင်ငံသား ဖြစ်လာဖို့ ဦးတည် နေတယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီ အပါအဝင် နိုင်ငံရေး အတိုက်အခံ ပါတီတွေကတော့ ဝေဖန် နေကြပါတယ်။

ကလေးသူငယ်တွေကို မွေးစာရင်းထုတ်ပေးဖို့၊ နိုင်ငံသားဖြစ်ရေး အချိန်မဆွဲပဲ ဆောင်ရွက်ပေးဖို့ ဆိုတာတွေဟာ ကိုဖီအာနန် ကော်မရှင်ရဲ့ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေး အကြံပြုချက်ထဲ ပါဝင်တဲ့ အချက်တွေ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီက ပြောဆိုခဲ့ပါတယ်။

Image caption လဝက ဝန်ကြီးဘဝ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ နိုင်ငံသား ဥပဒေကို ပြင်မပေးနိုင်ဘူးလို့ ပြောခဲ့သူ ဦးခင်ရီ။

အခု ကလေး အခွင့်အရေး ဥပဒေထဲက မွေးစာရင်း ထုတ်ပေးရေး ပြဌာန်းချက်ဟာလည်း ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်အောင် လုပ်ဆောင်ပေးမယ့် ရည်ရွယ်ချက် အဖြစ် ဦးခင်ရီက ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကနေ အမည်ပြောင်းထားတဲ့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ မကြာခင်က ကျင်းပသွားတဲ့ ညီလာခံ ကနေလည်း ဒီ ဥပဒေ ပြင်ဆင်မှုဟာ လူမျိုးရေး ဝါးမျိုမှုကို အားပေးရာ ရောက်တယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

မွေးစာရင်းက ဘာလို့ အရေးကြီးတာလဲ

မွေးဖွားမှုကို မှတ်ပုံတင်ခွင့် ရှိဖို့ ဆိုတာ ကလေးသူငယ် အခွင့်အရေး ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလေ့ ရှိပါတယ်။

ကလေးသူငယ် အခွင့်အရေး ကာကွယ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ပဋိဉာဉ် UNCRC ထဲမှာလည်း ဒီအချက်ပါဝင်ပြီး မြန်မာနိုင်ငံလည်း လိုက်နာမယ်လို့ သဘောတူ ထားပါတယ်။

Image caption မွေးဖွားခြင်းကို မှတ်ပုံတင်ပိုင်ခွင့်

မွေးဖွားမှုကို မှတ်ပုံတင်ထားတဲ့ မွေးစာရင်း ဆိုတာဟာ သူဟာ ဘယ်သူဘယ်ဝါပါ ဆိုပြီး ဖော်ပြနိုင်တဲ့ တရားဝင် စာရွက်စာတမ်း ဖြစ်တဲ့အတွက်၊ ကျန်းမာရေးနဲ့ ပညာရေးတို့လို အခြေခံ စောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ကအစ နိုင်ငံသား ဖြစ်ခွင့်လို ကိစ္စမျိုးတွေမှာပါ သက်သေခံ အထောက်အထား အဖြစ် အသုံးဝင် နိုင်ပါတယ်။

ဒါ့ကြောင့် လူ့အခွင့်အရေး လမ်းကြောင်းကသူတွေကလည်း ကလေးတွေတိုင်း မွေးစာရင်း ထုတ်ယူခွင့် ရှိရမယ်လို့ ပြောဆိုနေကြသလို၊ လူဝင်မှုကို တင်းကျပ် လိုတဲ့ အမြင် ရှိသူတွေကလည်း နိုင်ငံသား ဖြစ်ဖို့ လမ်းဖွင့် ပေးတဲ့ ကိစ္စရပ် အဖြစ် ကိုယ်စီ ရှုမြင်ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ထဲမှာတော့ ခက်နေဆဲ

ကလေးတွေမှာ မွေးစာရင်း မရှိတဲ့ ပြဿနာဟာ လူမျိုးစု တစ်ခုတည်းအတွင်း ကွက်ပြီး ဖြစ်နေတဲ့ ပြဿနာ မဟုတ်ဘူးလို့ အိမ်မဲမြို့က ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက ပြောပါတယ်။

နိုင်ငံသားများရဲ့ မူလ အခွင့်အရေးဆိုင်ရာ ပြည်သူ့လွှတ်တော် ကော်မတီဝင် တစ်ဦးလည်း ဖြစ်တဲ့ ဒေါ်သန္တာက သူ့ရဲ့ မဲဆန္ဒနယ်ထဲက ဗမာတွေရော ကရင်တွေပါ မွေးစာရင်းမရှိ၊ အိမ်ထောင်စုစာရင်း မရှိ၊ မှတ်ပုံတင် မရှိသူတွေ အတော်များတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Save the Children
Image caption တိုင်းရင်းသား ဒေသတွေမှာ မွေးစာရင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း လက်ဝယ် ရှိသူ မရှိသလောက် ရှားပါး။

အဲဒီလို လူတစ်ယောက် ဘယ်သူဘယ်ဝါပါ ဆိုပြီး တရားဝင် အသိအမှတ် ပြုပေးတဲ့ အထောက်အထား စာရွက်စာတမ်း လက်ဝယ် ရှိမနေတဲ့ ပြဿနာဟာ လူမျိုးစု နယ်မြေတွေ အပါအဝင် မြန်မာ နိုင်ငံ တနံတလျားမှာ ရှိနေတာလို့ ဒေါ်သန္တာက ပြောပါတယ်။

မြန်မာနိုင်ငံထဲ မွေးဖွားသမျှ ကလေးတွေဟာ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ဖို့ ကြိုးစားပိုင်ခွင့်၊ အစိစစ် ခံနိုင်ခွင့် ရှိတယ်လို့ ဥပဒေက ဆိုထားပြီး၊ လွှတ်တော်ထဲမှာ ဆွေးနွေး ခဲ့ကြတုန်း ကလည်း ဒီအချက်အပေါ် ဝိဝါဒ ကွဲပြားမှု မရှိပဲ သဘောတူညီ နိုင်ခဲ့ကြတဲ့ ကိစ္စလို့ ဒေါ်သန္တာက ပြောပါတယ်။

ကလေးမွေးစားတာရော ပြဿနာရှိလား

ခုလို ကလေးသူငယ် အခွင့်အရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ထဲ အတည်ပြုခဲ့တဲ့ အချက်နဲ့ ဆက်စပ်ပြီး "ကလေးမွေးစားခွင့်" အပေါ်မှာလည်း အတိုက်အခံ ပါတီတွေက ကျယ်ကျယ်လောင်လောင် ဝေဖန်ကြပါတယ်။

နိုင်ငံသား မဟုတ်တဲ့ ကလေးတွေကို နိုင်ငံသား မိဘက မွေးစားတဲ့ အခါ၊ သားသမီး အရင်းတွေလိုပဲ အမွေဆက်ခံတာ အပါအဝင် တခြား အခွင့်အရေးတွေလည်း တန်းတူ ရှိရမယ်လို့ ဥပဒေက အာမခံထားပါတယ်။

ဒါကို ထောက်ပြကြပြီး မွေးစားကလေးတွေ နိုင်ငံသား အလိုအလျောက် ဖြစ်လာမှာလား ဆိုပြီး အမျိုးသားရေး လမ်းကြောင်း အမြင်က ဝေဖန်ကြပြန်တာ ဖြစ်ပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေ ထဲမှာတော့ မွေးစားကလေးတွေ နိုင်ငံသား ပြုခွင့်ရသူ အဖြစ် အလိုအလျောက် ဖြစ်မလာအောင် ကန့်သတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကော့ဆက်ဘဇား ဒုက္ခသည် စခန်းထဲ မြန်မာသင်ပုန်းကြီးဖတ်စာ သင်နေကြတဲ့ ရိုဟင်ဂျာ ကလေးတွေ

ကြံခိုင်ရေးပါတီ အပါအဝင် အတိုက်အခံ နိုင်ငံရေး ပါတီတွေ ကတော့ အခု ပြင်ဆင် အတည်ပြုလိုက်တဲ့ ဥပဒေဟာ ၁၉၈၂ ဥပဒေပါ ကန့်သတ်ချက်ကို လွှမ်းမိုး ပယ်ဖျက်လိုက်တဲ့ သဘောဆိုပြီး ဝေဖန်ကြပါတယ်။

သူတို့ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ရခိုင်အရေးပဲ ဖြစ်ပြီး၊ နိုင်ငံသား မဟုတ်တဲ့ ကလေးတွေကို မွေးစားတဲ့နည်းနဲ့ နိုင်ငံသား ဖြစ်လာအောင် လုပ်နိုင်လာလိမ့်မယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ လွှတ်တော် အမတ်တွေကတော့ နိုင်ငံသား ကိစ္စမှန်သမျှ တည်ဆဲ ၁၉၈၂ ဥပဒေ ကို လွှမ်းမိုး ပယ်ဖျက်တဲ့ အဓိပ္ပာယ်မျိုး အခု ကလေး အခွင့်အရေး ဥပဒေထဲ မပါဝင်ဘူးလို့ ဆိုကြပါတယ်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ဇွန် ၇ ရက် ပြည်ထောင်စု လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်တဲ့ အထိ ဖြစ်ခဲ့တဲ့ အရေးကြီးတဲ့ အချက်တွေထဲ အသက် ၁၈ နှစ် အောက်ကို အိမ်ထောင်ပြုခွင့် မပေးတဲ့ ကန့်သတ်ချက်နဲ့ ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေထဲက ကလေးငယ်တွေကို အထောက်အပံ့ ပေးနိုင်ရေး ကိစ္စလိုမျိုး ပါဝင်ပါတယ်။

ခုတော့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက် သမ္မတက လက်မှတ်ထိုးပေးရင်တော့ ဥပဒေအဖြစ် သက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ