ရခိုင် မင်းပြားမြို့နယ်တိုက်ပွဲ - ရွှေကျင်ရွာ အရှေ့ဘက်တောင်ကုန်းတွေပေါ် လေကြောင်းတိုက်ခိုက်

ရခိုင် ဓာတ်ပုံ မူပိုင် Reuters
Image caption သံတမန်တွေကို တင်လာတဲ့ တပ်မတော် ရဟတ်ယာဉ်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပြီး ဇွန် ၂၁ ရက်၊ သောကြာနေ့ မနက်ပိုင်းမှာ ဆိုရင် ရွှေကျင်ရွာအနီး တိုက်ပွဲ ထပ်ဖြစ်ခဲ့ပါတယ်။

ညနေပိုင်းအထိ သေနတ်သံတွေ ဆက်လက်ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်ကျေးရွာ အရှေ့ဘက် တောင်ကုန်းတွေပေါ်မှာ တိုက်ပွဲဖြစ်နေကြတာကို ရွာကနေ ကြားနေခဲ့ရတယ်လို့ ရွှေကျင် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကြီး၊ လက်နက်သံတွေ ဆူညံ နေခဲ့ပြီး၊ မြောက်ဦးဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ် တာတွေလည်း ရှိခဲ့တယ်လို့ အဲဒီ ရွှေကျင်ရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ်ရဲ့ ရဟတ်ယာဉ်တွေ အနည်းဆုံး နှစ်စင်း ရောက်လာပြီး တောင်ကုန်းတွေပေါ် ပျံဝဲ ပစ်ခတ် ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရဟတ်ယာဉ်တွေ မိနစ် ၂ဝ ဝန်းကျင် ပျံဝဲ ပစ်ခတ်နေခဲ့တာကို တွေ့မြင်ရတယ် ဆိုပြီး ဒေသခံ တချို့က ပြောပါတယ်။

ဘီဘီစီက ဆက်သွယ် မေးမြန်းနေချိန် ညနေစောင်းပိုင်းထိကို လက်နက်သံတွေ ကြိုကြားကြိုကြား ကြားနေရဆဲ ဖြစ်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ရွှေကျင်ရွာ အနီး တိုက်ပွဲ ပေါ်ပေါက်တာ ခုတစ်ကြိမ်နဲ့ပါ ဆိုရင် ၆ ရက် အတွင်း ၃ ကြိမ်မြောက် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption မင်းပြားမြို့နယ်ထဲ တိုက်ပွဲ ပြင်းထန်

ဇွန်လ ၁၆ ရက်နေ့နဲ့ ၁၈ ရက်နေ့တုန်းကလည်း ရွှေကျင်ရွာ တဝိုက် တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

အဲဒီ မင်းပြား မြို့နယ်ထဲက ရွှေကျင်ရွာ ဆိုတာဟာ အိမ်ခြေ ၃၆ဝ ကျော်၊ လူဦးရေ ၂ ထောင်နီးပါး နေထိုင်တဲ့ ရွာကြီး တစ်ရွာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ခု သီတင်းပတ်ထဲ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာသား ရာနဲ့ချီပြီး ထွက်ပြေးသွား ခဲ့ကြပြီ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ထွက်ပြေးသူ ရွာသားတွေ အရေအတွက် ၇ဝဝ ဝန်းကျင် ရှိတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ရွှေကျင်ရွာလိုပဲ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ ဒိုင်းသားနဲ့ ခွဆုံဆိုတဲ့ ရွာတွေကနေလည်း အရပ်သားတွေ ထွက်ပြေး ခဲ့ကြပါတယ်။

ဇွန် ၂၁ ရက်နေ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အေအေ ပြောခွင့်ရ ခိုင်သုခ ပြောတာကတော့ တိုက်ပွဲ အရှိန်ကျသွားပြီးနောက်မှ အစိုးရစစ်တပ် ရဟတ်ယာဉ်တွေ ရောက်လာပြီး ရမ်းသမ်း ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရွှေကျင်အနီး တိုက်ပွဲ ဆက်တိုက်ဖြစ်နေ

ရွှေကျင်ရွာ အနီး တိုက်ပွဲ ထပ်ဖြစ်ခဲ့ကြောင်း အစိုးရတပ်ဘက်ကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲတွင်း ရဟတ်ယာဉ်တွေ ပါဝင်ခဲ့ခြင်း ရှိမရှိကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ရဟတ်ယာဉ် သုံး လေကြောင်း တိုက်ခိုက်တာတွေ အရင်က လုပ်ဆောင် ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းတုန်းကတော့ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းမှာ အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မွတ်ဆလင်ရွာသား သစ်ခုတ်သမား ၇ ယောက် သေဆုံး ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်နောက်မှာတော့ လေကြောင်း တိုက်ခိုက်တာတွေကို အစိုးရတပ်ဘက်က ထိန်းချုပ်ထားခဲ့ပုံရပြီး၊ ခုတစ်ကြိမ် ရွှေကျင်ရွာ အနီး ပြန်လည် အသုံးပြုလာတာဟာ ၂ လ ကျော် အတွင်း ပထမဆုံး ပြန်သုံးလာတာလို့ ယူဆရတယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။