ဖျာပုံတံတားပေါ် ကားတိုက်မှု - ရပ်ထားတဲ့ကားသမားနဲ့ သေဆုံးသူ ဆရာဝန်တို့ကို အမှုဖွင့်ထား

Image caption ဖျာပုံပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် သုံးဦး အသက်ဆုံးရှုံးခဲ့

ဇွန်လ ၁၁ ရက်နေ့ မနက်စောစော ၂ နာရီကျော်အချိန်က ဧရာဝတီတိုင်းမှာ အသစ်ဖောက်ထားတဲ့ ဖျာပုံ-ကျိုက်လတ်-မအူပင် အဝေးပြေး ကားလမ်းမကြီးပေါ်မှာ ဆရာဝန် ၃ ယောက် သေဆုံးခဲ့ရတဲ့ ကားတိုက်မှုအတွက် ကားမောင်းသမား နှစ်ယောက်စလုံးကို ဖျာပုံ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

ကားမောင်းသူ အပါအဝင် ဆရာဝန် ၆ ယောက်လိုက်ပါလာတဲ့ ကားကို မောင်းနှင်ခဲ့တဲ့ သေဆုံးသူ ဒေါက်တာ ဝေယံမျိုးထက် ကိုရော တံတားထိပ်က ကားလမ်းပေါ်မှာ ရပ်ထားတဲ့ ကားကြီးမောင်းသမား အသက် ၃၀ အရွယ် ကိုဝဏ္ဏ ဆိုသူ နှစ်ယောက်စလုံးကို အမှုဖွင့်ထားတာပါ။

နှစ်ယောက်စလုံးကို ပုဒ်မ သုံးခု အတူတူ ဖွင့်ထားပြီး အားလုံးက ယာဉ်တိုက်မှု ဆိုင်ရာ ပုဒ်မတွေ ဖြစ်တယ်လို့ တရားစွဲဆိုတဲ့ ဖျာပုံမြို့ ရဲစခန်းက ရဲအုပ် ဇာနည်ထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒါတွေက မဆင်မခြင် ပေါ့ဆမှုကြောင့် အသက်သေဆုံးတဲ့အထိ ပေါ့ဆမှု ရာဇသတ်ကြီး ပုဒ်မ ၃၄၀ (က)၊ ကိုယ့်ရဲ့ ပေါဆမှုကြောင့် ဒဏ်ရာ အနာတရ ဖြစ်မှုမှာ သာမာန်ဒဏ်ရာ အတွက် ပုဒ်မ ၃၃၇၊ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရစေတဲ့အတွက် ပုဒ်မ ၃၃၈ တို့နဲ့ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

မတော်တဆ ဖြစ်မှုကြောင့် ယာဉ်မောင်းကိုယ်တိုင် သေဆုံးသွားတယ် ဆိုရင်လည်း သေဆုံးခဲ့သူရဲ့ ပြစ်မှု ကျူးလွန်တဲ့ အနေအထား အပေါ် မူတည်ပြီး အမှုဖွင့်လို့ ရတယ်၊ ကျူးလွန်သူက သေဆုံးသွားပြီးဖြစ်ရင် တရားရုံးရောက်တဲ့အခါ အမှုက ပိတ်သိမ်းသွားမယ်လို့ ရဲအုပ် ဇာနည်ထွန်းက ပြောပါတယ်။

ကားကြီးမောင်းသမားက အခင်းဖြစ်ခဲ့တဲ့ ၁၁ ရက်နေ့ကပဲ ည ၈ နာရီလောက်မှာ ရဲစခန်းမှာ လာအဖမ်းခံခဲ့ပါတယ်။

သူက ကားကြီးကို တံတားပေါ် ရပ်ထားရာမှာ ဘေးကို ရသလောက် ကပ်ထားတယ် ဆိုပေမဲ့ လမ်းပေါ်ရောက်နေလို့ အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့သူတွေက ပြောပါတယ်။

သူက စက်ပျက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တံတားပေါ်က ယာဉ်မရပ်ရလို့ သတ်မှတ်ထားတဲ့နေရာမှာ ကားရပ်ခဲ့တာ ဖြစ်ပြီး ကားပေါ်မှာလည်း သတ်မှတ်ထားတဲ့ ရောင်ပြန်၊ အချက်ပြ တပ်ဆင်ထားခြင်း မရှိလို့ သူ့မှာ တာဝန်ရှိတယ်ဆိုပြီး အမှုဖွင့် ထားတာလို့ အမှုဖွင့်အရာရှိက ပြောပါတယ်။

ကားကြီးမောင်းသမား ကိုဝဏ္ဏကို စစ်ဆေးဖို့ ရမန်ယူပြီးနောက် ဖျာပုံ ရဲစခန်းမှာပဲ ချုပ်နှောင်ထားပြီး ဆက်လက် စစ်ဆေးနေတယ်လို့ တရားစွဲတင်နိုင်ရေး စစ်ဆေးမေးမြန်းနေတဲ့ အမှုစစ် ရဲအရာရှိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် De Khin San Aye
Image caption ကွယ်လွန်သူ ဆရာဝန် သုံးဦး အတွက် ဖျာပုံဆေးရုံကြီးမှာ ဆွမ်းကပ် အမျှဝေ

ကားတိုက်မှု ဖြစ်ခဲ့အပြီး သတင်းရလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ အခင်းဖြစ်တဲ့ နေရာကို ရောက်သွားချိန်မှာ မြင်ရတဲ့အခြေအနေကို သုံးသပ်ချက်အရ ကားမောင်းလာသူက အရှိန်နဲ့ မောင်းလာပုံပုံရတယ်၊ တံတားပေါ်မှာ ရပ်ထားတဲ့ ကားကြီးကို ရုတ်တရက် တွေ့လိုက်ချိန်မှာ ရှောင်ဖို့ ကြိုးစားပေမဲ့ မလွတ်ဘဲ တိုက်မိသွားတာ ဖြစ်နိုင်တယ်လို့ အမှုဖွင့် ထားတဲ့ ရဲအရာရှိက ပြောပါတယ်။

ကားတိုက်မှု ဖြစ်တဲ့ လမ်းမကြီးက ဧရာဝတီတိုင်းမှာ အသစ်ဖောက်တဲ့ ဟိုင်းဝေး လမ်းမကြီးဖြစ်လို့ ကားတွေက အရှိန်နဲ့ မောင်းကြတယ်၊ အခုဖြစ်ရပ်မှာလည်း အရှိန်နဲ့မောင်းလာခဲ့ပုံရတယ်၊ တစ်နာရီကို ကီလို ၃၀၊ ၄၀ လောက်နဲ့သာ မောင်း လာမယ်ဆိုရင်တော့ မတော်တဆဖြစ်ရင်တောင် အခုလောက် အသက်တွေ သေဆုံးတဲ့အထိ အန္တရာယ်ကြီးချင်မှ ကြီးနိုင်မယ်လို့ သုံးသပ်လို့ရကြောင်းလည်း ရဲအုပ် ဇာနည်ထွန်းက ပြောပါတယ်။

အတိအကျ မပြောနိုင်သေးပေမဲ့ တိုက်ထားတဲ့ ပုံစံကို ကြည့်ပြီး အရှိန်များတယ်လို့ သုံးသပ်နိုင်ကြောင်း သူက ဆိုပါတယ်။

ကားမောင်းသမားနှစ်ယောက်စလုံးကို ဖွင့်ထားတဲ့ အမှုအတွက် ဖျာပုံ ရဲစခန်းက ဆက်လက် ဆောင်ရွက်နေပါတယ်။

ကားပေါ်မှာ လိုက်ပါလာသူ ၆ ယောက်မှာ ဒေါက်တာ ဝေယံမျိုးထက်၊ ဒေါက်တာ ပန်ဂျာထွယ်နဲ့ ဒေါက်တာအေးမြတ်သူတို့ သေဆုံးခဲ့ကြပြီး ကားပေါ်မှာပါတဲ့ ဒေါက်တာ နေမျိုးဆု၊ ဒေါက်တာ လှမျိုးသူနဲ့ ဒေါက်တာ နှင်းအိစိုးတို့က အသက်ဘေးက လွတ်မြောက်ခဲ့ကြပါတယ်။

အသက်မသေဘဲ ကျန်တဲ့ အမျိုးသား နှစ်ယောက်က သာမန် ဒဏ်ရာရခဲ့ပြီး အမျိုးသမီး ဆရာဝန်က မျက်နှာကို ထိခိုက်သွားခဲ့လို့ ရန်ကုန်ဆေးရုံကြီးမှာ သွားရောက် ကုသခံယူနေတာ အခြေအနေ ကောင်းပါတယ်လို့ ဆေးရုံဘက်က ပြောပါတယ်။

ကျန်တဲ့ ဆရာဝန်နှစ်ယောက်ကတော့ လောလောဆယ် အလုပ်ကနေ ခွင့်ယူထားပြီး သာသနာ့ဘောင်ဝင်နေကြပါတယ်။