ရခိုင်နဲ့ ချင်းက မြို့နယ် ကိုးခုမှာ အင်တာနက်ပိတ်

MPT ၊ တယ်လီနော၊ အော်ရီဒူးနဲ့ Mytel လေးခုစလုံးကို ပိတ်ထား ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption MPT ၊ တယ်လီနော၊ အော်ရီဒူးနဲ့ Mytel လေးခုစလုံးကို ပိတ်ထား

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တွေမြို့ကလွဲပြီး မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ကိုးခုမှာ အင်တာနက် အသုံးပြုမှုကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

အင်တာနက်လိုင်း အဖြတ်ခံရတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲကတော့ ပလက်ဝမြို့နယ် ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။

MPT ၊ တယ်လီနော၊ အော်ရီဒူးနဲ့ Mytel လေးခုစလုံးကို ပိတ်လိုက်တယ်လို့ ရခိုင်ပြည်နယ်က တယ်လီနော ဖုန်းကုမ္ပဏီ တာဝန်ရှိ အရာရှိ တစ်ဦးက ဆိုပါတယ်။

ဘာကြောင့် ဖြတ်တောက်ရတယ်ဆိုတာကို ညွှန်ကြားတဲ့ အထဲမှာ မပါပေမယ့် တယ်လီနောက ပို့ပေးတဲ့ ဖုန်းမက်ဆေ့ခ်ျ့ထဲမှာတော့ ဒေတာနဲ့ အင်တာနက် ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်အရ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အင်တာနက်ကို ဖြတ်တောက်ပေမယ့် ဖုန်းခေါ်တာနဲ့ စာတိုဝန်ဆောင်မှုကို မူလအတိုင်း ဆက်လက်ထားရှိမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption ဒေသခံတွေကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ပေးပို့ဖို့ အခက်တွေ့နေတယ်လို့ဆို

ဒီလို အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တဲ့ အတွက် "စီးပွားရေးနည်းနည်းထိခိုက်မှုရှိတယ်။ ငွေလွှဲရင် Wave Money နဲ့ လွှဲရင် ငွေထုတ်လို့မရဘူး။ အဲဒါမှာ အင်တာနက်လိုင်းမရှိရင်။ လက်တွေ့အခက်အခဲ ကြုံနေရတာ။… ဈေးအရောင်းအဝယ်လုပ်ဖို့လည်း အခက်အခဲရှိတယ်" လို့ ကြုံတွေ့ရတဲ့ အခက်အခဲကို မြေပုံမြို့နယ်ကိုရောက်နေသူ တစ်ဦးက ပြောပါတယ်။

ကျန်းမာရေးကိစ္စ အချက်အလက်တွေ ပို့တာတွေ အခက်အခဲ ရှိတယ်။ နိုင်ငံခြားက ငွေပို့တာတွေလည်း ရောက်မရောက် မသိရလို့ အခက်အခဲကြီးမားတယ်လို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခု အင်တာနက်လိုင်းနဲ့ ဒေတာဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းခံရတဲ့ မြို့နယ်တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေ ဖြစ်ပြီး လူမှုကွန်ရက်ကနေ တစ်ဆင့် စစ်ရေးဆိုင်ရာ သတင်းတွေ ပေါက်ကြား နေတာကြောင့် ခုလို ဖြတ်တောက်လိုက်တာလို့ ဒေသခံတွေက ယူဆ နေကြပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်တာဟာ တပ်မတော်နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိဘူးလို့ ဇွန်လ ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ