ဝန်ထမ်းအိမ်ရာမရှိတဲ့ နယ်ဒေသတွေမှာ ဆရာ၊ဆရာမတွေနေထိုင်ရေး ဒေသခံတွေကို အဓိက အားကိုးနေရ

ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြ ဓာတ်ပုံ မူပိုင် ကျော်စွာလင်း
Image caption ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ကွင်းချောင်းကျေးရွာအုပ်စုက ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြတယ်လို့ ကွင်းချောင်း အ.လ.က ရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးကျော်စွာ လင်း ကဘီဘီစီကိုပြောပါတယ်။

ဝန်ထမ်းအိမ်ရာမရှိတဲ့အတွက် တာဝန်ကျဆရာ၊ဆရာမတွေအနေနဲ့ ရပ်ကွက်ထဲက နေအိမ်တွေမှာ တစ်ယောက်စီလိုက်နေရတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆရာဦးကျော်စွာလင်းကပြောပြပါတယ်။

'' ကျွန်တော်ရောက်လာတော့ ဆရာလေးတစ်ယောက်ကတော့ ရပ်ကွက်ရုံးမှာနေတယ်။ ကျွန်တော်က ဆေးခန်းမှာကပ်နေတယ်။ ဒီနှစ်ကျတော့ ဆေးခန်းကလည်းသူ့ပိုင်ရှင်နဲ့သူဖြစ်သွားပြီဆိုတော့ ကျောင်းစာ ကြည့်တိုက်နေရာလေးကို ပြောင်းနေရတယ်။ ''လို့ ဝန်ထမ်းအိမ်ရာမရှိသေးတဲ့ အခြေအနေကို ဆရာ ဦးကျော်စွာလင်းကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် ကျော်စွာလင်း
Image caption အမျိုးသား အမျိုးသမီး မခွဲဘဲ နိုင်တဲ့ဘက်က လုပ်ကြ

ဒါကြောင့်လည်း ကွင်းချောင်း ကျေးရွာအုပ်စုအတွင်းက ကား( ဆယ်အိမ်စု)အလိုက် ကားခေါင်း(ဆယ်အိမ်စုခေါင်းဆောင်) တွေကနေ လူစုပြီး တောထဲ သစ်ဝါးခုတ်တာကစလို့ နေအိမ်တွေ ဆောက်လုပ်တဲ့ နေရာမှာလည်း အမျိုးသားရော အမျိုးသမီးတွေပါ ဝိုင်းဝန်းပြီး လုပ်ပေးနေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်သောင်းမြက ပြောပြပါတယ်။

'' သူ့ကား( ဆယ်အိမ်စု)အလိုက် အိမ်တွေကို တာဝန်ယူပြီးလုပ်ကြတာဆိုတော့ အမျိုးသား အမျိုးသမီး မခွဲဘဲနိုင်တဲ့ဘက်က လုပ်ကြတာပ။ ထရံကာဖို့ ဘာဖို့ဆိုလည်း ကိုယ့်ကိုတိုင်ပဲ တောကြီးထဲသွားပြီးမှ ထမ်းခဲ့ရတာပလေ။ တစ်အိမ် ၅လုံးစီ။ သစ်တွေလည်း ကိုယ်တိုင်ခုတ်ကြ၊ လွှတွေလည်းဆွဲကြနဲ့ ဝိုင်းဝန်းပြီး လုပ်ရတာပ'' လို့ သူမကပြောပြပါတယ်။

ကွင်းချောင်းကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့ ဒေသခံတွေအတွက် အနီးဆုံးတက်ရောက် နိုင်တဲ့ကျောင်း ဖြစ်ပြီး အခြားသောကျောင်းတွေမှာ ၃မိုင်ဝန်းကျင်ခန့်ဝေးပြီး ရေလမ်းခရီးကနေသွားရတာဖြစ်တဲ့အတွက် သွားလာရမလွယ်ကူတဲ့အတွက် အခုလို သူတို့ဒေသမှာ တာဝန်ကျ ဆရာ၊ဆရာမတွေ နေပျော်ဖို့ အတွက် အိမ်ရာတွေကို ဆောက်လုပ်ပေးကြတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် ကျော်စွာလင်း
Image caption ရွာက ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ဆောင်ထားတဲ့ ကျောင်းရှေ့က ကလေးကစားကွင်း

'' ကျွန်မတို့ဒေသက ကလေးတွေအတွက်ပေါ့လေ။ သာယာဖွံ့ဖြိုးအောင်ပေါ့လေ။ ကိုယ်တွေက အပျိုကြီးတွေ သားသမီးမြေးမြစ် မရှိဘူးဆိုပြီးတော့ မသွားချင်ဘူးလို့လည်းမနေပါဘူး။ တတ်ရာတတ်ရာ ကူညီနိုင်တာ ကူညီရတာပလေ''လို့ ဒေသက ကလေးတွေ အတွက်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဒေါ်သောင်းမြက ပြောပြပါတယ်။

အခုဆောက်လုပ်ပေးထားတဲ့နေအိမ်တွေကို ပြီးစီးသွားပါက ဆရာ၊ဆရာမတွေကို မဲဖောက်ပြီး ကျတဲ့အိမ်မှာ နေထိုင်ကြရမှာဖြစ်တယ်လို့လည်း ကျောင်းအုပ်ဖြစ်သူ ဦးကျော်စွာလင်းကပြောပြပါတယ်။

' ' လက်ရှိကျွန်တော်တို့ဆီမှာ ကျွန်တော်အပါအဝင် ဆရာ၊ဆရာမ ၁၂ယောက်ရှိတယ်။ လစ်လပ်ကတော့ ၆ နေရာရှိတယ်။ လိုတဲ့ဆရာ၊ဆရာမတွေကို မချပေးသေးဘူး။ မျှော်တော့မျှော်နေတာပေ့ါ။'' လို့ ကျောင်းမှာ တာဝန်ကျနေတဲ့ဆရာ၊ဆရာမ အင်အားအခြေအနေနဲပတ်သက်ပြီးတော့လည်း ဦးကျော်စွာလင်း က ပြောပြ ပါတယ်။

ကွင်းချောင်း အ.လ.ကကျောင်းဟာ အရင်က အ.လ.က ခွဲကျောင်းလေးသာဖြစ်ပြီး မကြာသေးခင်ကမှ အလယ်တန်းအဆင့်ကို တိုးမြှင့်ပေးလိုက်တာဖြစ်တဲ့အတွက် လက်ရှိမှာတော့ ရှစ်တန်းအထိ ဒီကျောင် းလေးမှာ တက်နိုင်သွားပြီဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုက်ခိုက်မှုတွေကြားထဲက ပညာရေး ဝန်ထမ်းတွေရဲ့ အခြေအနေ

ဆက်စပ် အကြောင်းအရာများ