အိမ်အများစုမှာ လျှပ်စစ်ဓာတ်အားခ နှစ်ဆခွဲလောက် တိုးဆောင်ရဖို့ရှိ

လျှပ်စစ်ဓာတ်အား ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ မကြာခဏ ပြတ်

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အခု ပြင်ဆင် သတ်မှတ်လိုက်တဲ့ နှုန်းထားတွေအရ အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အားခကို အနိမ့်ဆုံး ၁ ယူနစ်ကနေ ၃၀ ယူနစ်အတွက် ၃၅ ကျပ် ကစလို့ ယူနစ် ၂၀၀ ကျော်နဲ့ အထက်ကို ၁၂၅ ကျပ်နှုန်းအထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

လေအေးပေးစက်၊ ရေစုပ်စက်တွေ သုံးလေ့ ရှိတဲ့ လူလတ်တန်းစားတွေအတွက် လျှပ်စစ်ဓာတ်အားခက နှစ်ဆခွဲလောက် တက်သွားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အခု သတ်မှတ်လိုက်တဲ့ နှုန်းထားအရ ဆိုရင် အရင်က တစ်လကို မီတာခ ၇ သောင်း ဆောင်နေရာကနေ လာမယ့်လကျရင် တစ်လကို နှစ်သိန်းနီးပါး မီတာခ ဆောင်ရဖို့ ရှိနေတယ်လို့ အိမ်ခန်းလေးခန်းမှာ လေးအေးပေးစက်တွေ တပ်ဆင်ထားတဲ့ ရန်ကုန်က အိမ်ရှင်မ တစ်ဦးက တွက်ပြပါတယ်။

အိမ်သုံး မဟုတ်တဲ့ အမျိုးအစား လျှပ်စစ်ဓာတ်အားခတွေမှာတော့ ၁ ယူနစ်ကနေ ၅၀၀ အထိကို ၁၂၅ ကျပ်က စလို့ ယူနစ် တစ်သိန်းကျော်နဲ့ အထက်ကို ၁၈၀ ကျပ်နှုန်းအထိ ကောက်ယူသွားမယ်လို့ သိရပါတယ်။

စက်မှုလုပ်ငန်းတွေမှာလည်း လျှပ်စစ်ဓာတ်အားခ နှုန်းထား အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားခ နှုန်းထား မြင့်တက်သွားပေမယ့် ယူနစ်တွေ အများကြီး သုံးတဲ့ အကြီးစား စက်မှုလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ သိပ်မရှိတဲ့အတွက် စက်မှုလုပ်ငန်းကို တိုက်ရိုက်ကြီး ထိခိုက်မှာ မဟုတ်ဘူးလို့ လှိုင်သာယာ စက်မှုဇုံ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောပါတယ်။

အဓိကကတော့ အအေးခန်း သိုလှောင်လုပ်ငန်းတွေနဲ့ သံရည်ကျို လုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်နိုင်ကြောင်းနဲ့ လျှပ်စစ်ဓာတ်အားခ အတွက် ပိုကုန်ကျငွေတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ငှားခနှုန်း ပိုတိုးကောက်ပြီး ဖြေရှင်းနိုင်ဖွယ် ရှိကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းကတော့ "နိုင်ငံတော်က အရင်က အရှုံးခံပြီး ဘတ်ဂျက်ထဲက စိုက်သုံးနေရရာကနေ အခုလို လျှပ်စစ်ဓာတ်အားခတွေ ကာမိလာရင် အရှုံးသက်သာသွားတဲ့ငွေတွေကို တခြားနေရာမှာ အသုံးချနိုင်မှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးကို တဖက်တလမ်းကနေ တိုးတက်လာစေနိုင်တယ်"လို့ သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် ADB
Image caption အသုံးစရိတ် မလောက်တဲ့အတွက် လျှပ်စစ်မီး အလုံအလောက် မဖြန့်ဖြူးနိုင်ခဲ့

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေဖို့ တိုးချဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အတွက်နဲ့ လျှပ်စစ် မရသေးတဲ့ ဒေသတွေ လျှပ်စစ်ရဖို့ ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အတွက် လျှပ်စစ်မီး သုံးစွဲသူတွေကို ကိုယ်စားပြုတဲ့ နယ်ပယ် အသီးအသီးက ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေဆီက အကြံဉာဏ် တောင်းခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး သဘောတူချက်အရ ဇူလိုင်လ ၁ ရက်နေ့က စလို့ လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ပြင်ဆင် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ