ဒဂုံအရှေ့က မြေဧက တစ်သောင်းလောက်မှာ စက်မှုဇုန်တွေဖော်ဖို့ ရန်ကုန်တိုင်းအစိုးရစီစဉ် အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဲဒီစီမံကိန်း ၂ခုလုံးအတွက် ဖြစ်နိုင်ချေစီမံကိန်း အကြိုလေ့လာမှုတွေကို ပြုလုပ်ပြီးပြီလို့ ဖော်ပြထားပါတယ်။

ဒဂုံအရှေ့က မြေဧက တစ်သောင်းလောက်မှာ စက်မှုဇုန်တွေဖော်ဖို့ တိုင်းအစိုးရစီစဉ်

နွေရာသီမှာ လျှပ်စစ်မီးအခက်အခဲရှိနေတဲ့ ရန်ကုန်မြို့တော်ရဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက မြေဧက တစ်သောင်းလောက်မှာ စက်မှုဇုန်၊ စက်မှုဥယျာဉ်တွေကို ဖော်ဆောင်ဖို့ ရန်ကုန်တိုင်းအစိုးရက စီစဉ်နေ တယ်လို့ ဇွန်လ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာထည့်သွင်းဖော်ပြပါတယ်။

ရန်ကုန်တိုင်းအစိုးရတာဝန်ယူပြီး လေးနှစ်တာကာလအတွင်းရောက်လာတဲ့အချိန်၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ကျော်အလိုမှာ ပထမဆုံးနိုင်ငံပိုင်သတင်းစာကနေ အတိအလင်းဖော် ပြတာလည်းဖြစ်ပါတယ်။

အဲဒီမြေဧက တစ်သောင်းလောက်က ဒဂုံအရှေ့ခေတ်မီစက်မှုဇုန် (၁)အတွက် ဧက၂၈၅၀ နဲ့ ခေတ်မီစက်မှု ဇုန် (၂) အတွက် ဧက ၆၅၀၀ ကျော်အတွက်ဖြစ်ပါတယ်။ အဲဒီစီမံကိန်း ၂ခုလုံးအတွက် ဖြစ်နိုင်ချေစီမံကိန်း အကြိုလေ့လာမှုတွေကို ပြုလုပ်ပြီးပြီလို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Google
Image caption အဲဒီမြေဧက တစ်သောင်းလောက်က ဒဂုံအရှေ့ခေတ်မီစက်မှုဇုန် (၁)အတွက် ဧက၂၈၅၀ နဲ့ ခေတ်မီစက်မှု ဇုန် (၂) အတွက် ဧက ၆၅၀၀ ကျော်အတွက်ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေမတိုင်မီမှာတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းမှာ ဇရပ်ကွင်းစက်မှုဥယျာဉ်စီမံကိန်းကို စပြီးအကောင်အထည်ဖော်နေပြီလို့ တိုင်းအစိုးရအာဘော်ကို နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီစီမံကိန်းကတော့ ဧက ၇၀၀ အထိကျယ်ဝန်းပါတယ်။

အဲဒီလိုစီမံကိန်းတွေကို လုပ်ဆောင်ဖို့နဲ့ လုပ်ဆောင်နေပြီဖြစ်ပေမယ့်လည်း ဘယ်လိုကုမ္ပဏီမျိုးတွေနဲ့ ဘယ်လို ဆက်စပ်ပူးပေါင်းဆောင်ရွက်နေတာ၊ တင်ဒါခေါ်ယူကာ ခွင့်ပြုခဲ့တာတွေကိုတော့ အတိအလင်း ထည့်သွင်းဖော်ပြတာမရှိပါဘူး။

လက်ရှိအချိန်ထိတော့ ရန်ကုန်မှာ စက်မှုဇုန်ပေါင်း ၂၉ ဇုန်အထိရှိနေပါပြီ။

ဓာတ်ပုံ မူပိုင် HKUN LI
Image caption ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်လူမျိုးတွေကျောထောက်နောက်ခံလုပ်ထားတဲ့ ကုမ္ပဏီ ၄၀လောက်က တစ်ရှုးငှက်ပျော ဧက တစ်သိန်းလောက်ကို စိုက်ပျိုးထားတယ်

တစ်ရှုးငှက်ပျောပင်တွေဖျက်ဆီးရှင်းလင်း

ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားနဲ့ ၁၀ မိုင်သာသာ လောက်သာဝေးတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ ကျူးကျော် စိုက်ပျိုးထားတဲ့ တစ်ရှုးငှက်ပျောပင်တွေကို သစ်တောဦးစီးဌာနက ဇွန်လ ၂၄ ရက်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်လူမျိုးတွေကျောထောက်နောက်ခံလုပ်ထားတဲ့ ကုမ္ပဏီ ၄၀ လောက်က တစ်ရှုးငှက်ပျော ဧက တစ်သိန်းလောက်ကို စိုက်ပျိုးထားတယ်လို့ မြို့နယ်သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင် က နိုင်ငံပိုင်သတင်းစာမှာပြောကြားထားပါတယ်။

အဲဒီတစ်သိန်းနီးပါးထဲကမှ ၅၆၀၀ ကျော်က သစ်တောပိုင်မြေတွေပေါ်မှာ ကျူးကျော်စိုက်ပျိုးထားတာကို စစ်ဆေးတွေ့ရှိရလို့ ဖျက်ဆီးခဲ့တာအပြင် အဲဒီလိုကျူးကျော်စိုက်ထားတဲ့အတွက်လည်း ကုမ္ပဏီ ၇ ခုကို အမှုဖွင့်အရေးယူထားတယ်လို့ သူကဆိုပါတယ်။

အခုလိုကျူးကျော်စိုက်ပျိုးထားတဲ့ တစ်ရှုးငှက်ပျောပင်တွေကို ဖျက်ဆီးခဲ့တဲ့ မြေတွေကိုတော့ ဒေသခံတွေ အနေနဲ့ ပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းနဲ့ ပုဂ္ဂလိကစိုက်ခင်းတွေကို လာရောက်လျှောက်ထားနိုင် တယ်လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်တွင်းမီးလောင်မှုကြောင့် ကလေးငယ် ၃ယောက် သေဆုံးခဲ့ရတယ်လို့ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ရဲတပ်ဖွဲ့က အတည်ပြု

သြစတေးလျက အိမ်တွင်းမီးလောင်မှုမှာ ကလေး ၃ယောက်သေ

အိမ်တွင်းမီးလောင်မှုကြောင့် ကလေးငယ် ၃ယောက် သေဆုံးခဲ့ရတယ်လို့ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ရဲတပ်ဖွဲ့က အတည်ပြုပြောလိုက်ပါတယ်။

သြစတေးလျမြို့တော်၊ ဆစ်ဒနီနဲ့ ၂၀၀ ကီလိုမီတာ၊ မိုင် ၃၀ကျော်လောက်ဝေးတဲ့ ဆင်ကယ်တန်က နေအိမ် တစ်လုံးကနေ အရေးပေါ်အကူအညီတောင်းခံတာကို မနေ့ကအင်္ဂါနေ့ ညနေ ၅နာရီခွဲလောက်ကရရှိခဲ့ ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်ပြီးနောက်မှာတော့ ကောင်လေးတစ်ဦးရုပ်အလောင်းနဲ့၊ ကောင်မလေးနှစ်ဦးကို မီးလောင်နေတဲ့ အိမ်အတွင်းမှာတွေ့ခဲ့ရပါတယ်။ ကောင်မလေးနှစ်ဦးကိုတော့ ဆေးရုံကိုပို့ခဲ့ပေမယ့် သေဆုံးနေပြီဖြစ်ပါတယ်။

သူတို့အပြင် မီးခိုးမွန်နေတဲ့ အခြားအသက် ၃၁ နှစ်အရွယ်အမျိုးသမီးရယ်၊ အသက် ၈နှစ်အရွယ်ကောင်လေး တစ်ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

အခုလိုဖြစ်တဲ့ မီးလောင်မှုကဘာကြောင့်ဆိုတာကိုတော့မသိရသေးဘူးလို့ အာဏာပိုင်တွေကဆိုပါတယ်။

သေဆုံးသွားတဲ့ကလေးတွေထဲက နှစ်ယောက်ရဲ့ အသက်အရွယ်ကိုလည်း ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေး ဘူးလို့လည်း ပြောပါတယ်။

အိမ်နီးနားချင်းတွေရဲ့ အဆိုအရတော့အဲဒီအိမ်မှာ မိသားစုဝင် ၆ ယောက်နေကြတယ်လို့ နိုင်းနယူးက အစီရင်ခံပါတယ်။

ဆက်စပ် အကြောင်းအရာများ