မြန်မာ ပညာတော်သင် ဗိုလ်ကြီး ရုရှားမှာ ရုတ်တရက် သေဆုံးခဲ့မှု ပဟေဠိဖြစ်နေဆဲ

Moscow Institute of Electronic Technology နည်းပညာကျောင်း ဓာတ်ပုံ မူပိုင် Google Maps
Image caption Moscow Institute of Electronic Technology နည်းပညာကျောင်း

ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဇလန်းနိုဂရက်မြို့က တောအုပ်တစ်ခုထဲမှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ရတဲ့ မြန်မာ ပညာတော်သင် ဗိုလ်ကြီးနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ရဲတွေရဲ့ အဖြေကို စောင့်ဆိုင်းနေဆဲပဲလို့ သိရကြောင်း မော်စကိုမြို့က မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းက ဆရာတော် ဒေါက်တာ အရှင် အစ္ဆရိယ က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်အတွက် ဇွန်လ ၂၇ ရက်နေ့မှာ သူနေခဲ့တဲ့ ကျောင်းဆောင်မှာ ရက်လည်ဆွမ်း တရားနာခဲ့ပြီး သူ့အလောင်းကို ပြန်တွေ့ပြီး နောက်တစ်ရက်မှာလည်း သူနေတဲ့ အဆောင်မှာ သက်ပျောက်ဆွမ်း ကပ်ခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ ဇွန်လ ၂၀ ရက်နေ့ကတည်းက အဆောင်ကို ပြန်မလာတဲ့အတွက် အခန်းဖော် သူငယ်ချင်းတွေက လိုက်ရှာခဲ့ရာမှာ ဇွန်လ ၂၂ ရက်နေ့မှာ အဆောင်နဲ့ မီတာ ၈၀၀ အကွာမှာ ရှိတဲ့ တောအုပ်ထဲက သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အနေအထားကို တွေ့ခဲ့ရတာပါ။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ PhD ဘွဲ့လွန်သင်တန်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနက စေလွှတ်ထားတာ ဖြစ်ပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ မိုးကုတ် ဇာတိ လို့ သိရပြီး မော်စကိုမြို့ မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းမှာ အလှည့်ကျ ဝေယျာဝစ္စ ကုသိုလ် ပြုလေ့ ရှိသူ ဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

သူဟာ သီးသီးသန့်သန့် နေလေ့ ရှိသူ ဖြစ်ပြီး ဘွဲ့လွန်သင်တန်း စခါစမို့ ကျောင်းစာကြောင့် စိတ်ဖိအား ခံစားနေရပုံမျိုးလည်း မရှိဘူးလို့ သူ့သူငယ်ချင်းတွေက ပြောကြောင်း ဆရာတော်က ပြန်ပြောပြပါတယ်။

ဖြစ်လေ့ ဖြစ်ထ မရှိတဲ့ ဒီလို ဖြစ်စဉ်မျိုး မထင်မှတ်ဘဲ ဖြစ်သွားတဲ့အတွက် သူ့နဲ့ နီးစပ်တဲ့ သူငယ်ချင်း အသိုင်းအဝိုင်းအကြား စကားလုံးနဲ့ မဖော်ပြနိုင် လောက်အောင် ဝမ်းနည်းမှုမျိုး ခံစားနေကြရတယ်လို့ ဆရာတော်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ