H1N1 ကြောင့် ကလေးငယ် နှစ်ဦး ထပ်မံသေဆုံး ၊သေဆုံးသူစုစုပေါင်း၁၂ ဦးထိရောက်လာ

ကလေးငယ် သေဆုံးမှု စုစုပေါင်း ၃ဦးထိရှိလာပြီဖြစ်ပါတယ်။ ဓာတ်ပုံ မူပိုင် FFSS -YGN
Image caption ကလေးငယ် သေဆုံးမှု စုစုပေါင်း ၃ဦးထိရှိလာပြီဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် ဇွန်လ ၂၇ ရက်နေ့က ကလေးငယ် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး တရားဝင်စာရင်းတွေအရ သေဆုံးသူ ၁၂ ဦးထိရှိလာပြီဖြစ်တယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသူ ကလေးငယ် တွေဟာရန်ကုန် နဲ့ ဧရာဝတီတိုင်းတို့က ဖြစ်ပြီးတော့ သူတို့မှာ မွေးရာပါ ပြင်းထန်တဲ့ နှလုံးရောဂါအပါဝင် တခြားရောဂါတွေလည်းရှိနေတယ် လို့လည်းသူကပြောပါတယ် ။

"ဒီနေ့ ဆုံးတာ ကျား ၁၊ မ ၁ ပါ တစ်ယောက်က ဧရာဝတီတိုင်း ကျိုတ်လတ်ကပါ၊ရန်ကုန် ကလေးဆေးရုံမှာ တက်နေရာကနေ ဆုံးတာပါ ၊မိန်းကလေးကတော့ ရန်ကုန်ကပါ "လို့လည်း ဒေါက်တာဖြူဖြူအေးက ပြောပါတယ် ။

ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက် ဇွန်လ ၂၆ ရက်အထိ ဒီရောဂါနဲ့ သေဆုံးသူ ဦးရေ ကိုး ဦးရှိနေခဲ့တာပါ။ အဲဒီနောက် အမျိုးသမီး တစ်ဦး ထပ်သေဆုံးခဲ့ သလို ဒီနေ့ကလေးနှစ်ဦး ထပ်သေဆုံးခဲ့ တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သံသယ ရှိတဲ့ လူနာတွေကို စောင့်ကြပ်ကြည့်ရှုပြီး အထူးကုသမှုပေးမယ့် ဆေးရုံ အရေအတွက် ကို မနှစ်က ထက် ထက်ဝက်နီးပါးတိုးမြှင့်ထားပါတယ်။

ဇွန်လ ၂၇ ရက်အထိရာသီတုပ်ကွေး H1N1 ရောဂါပိုး သံသယ ရှိတဲ့ လူနာ ၂၄၀ကျော်ကို အစိုးရကသွေးစစ် ခဲ့ရာမှာ ၅၆ ဦး ကရောဂါပိုး တွေ့နေရတာဖြစ်ပါတယ်။

သံသယရှိတဲ့ လူနာတွေကို စောင့်ကြပ်ကြည့်ရှုပြီး အထူးကုသမှုပေးမယ့် ဆေးရုံအရေအတွက် ကို မနှစ်ကထက် ထက်ဝက်နီးပါး တိုးမြှင့်ပေးလိုက်တယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနှစ်က ဆေးရုံ ၈ရုံမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ၇ရုံ ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ၁၅ရုံ ရှိလာသလို ရန်ကုန် ကလေးဆေးရုံ မှာလည်းဇွန် လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို ဇွန် စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ် ။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ် ၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် FFSS_ YGN
Image caption အစိုးရက သွေးစစ် ခဲ့ရာမှာ ၅၆ ဦး က ကရောဂါပိုး တွေ့နေ ရတာ ဖြစ်ပါတယ်

H1N1 ကြောင့် သေဆုံးသူ၁၂ ဦး မှာ စစ်ကိုင်းတိုင်းမုံရွာက ဇွန် လ ၁၄ ရက်က ၆လသားကလေးငယ် တစ်ဦး ဇွန် လ၂၇ ရက်နေ့ဧရာဝတီနဲ့ ရန်ကုန်က ကလေးငယ် နှစ် ဦး စုစုပေါင်း ကလေး၃ ဦးပါဝင်နေပါတယ် ။

လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ကလည်း ရန်ကုန်တိုင်းက ဖြစ်တယ် လို့လည်း ဒေါက်တာဖြူဖြူအေးက ဘီဘီစီကိုပြောပါတယ် ။

ရန်ကုန်တိုင်း ဟာ မြို့နယ် ပေါင်း၄၅ ခုလောက်ရှိသလို လူနေထိုင်မှု များတာကြောင့် လက်ရှိသေဆုံးမှုနဲ့ ဖြစ်ပွားမှု အများဆုံး ဖြစ်နေတာလို့ လည်းဒေါ်ဖြူဖြူအေးကရှင်းပြပါတယ် ။

လက်ရှိမြန်မာနိင်ငံလူဦးရေနဲ့ နိုင်းယှာဉ်ရင်တော့ သေဆုံးမှုတွေ အတွက် စိတ်မကောင်းစရာဖြစ်ပေမဲ့ စိုးရိမ်စရာ အခြေနေ မဟုတ်သေးပါဘူးလို့ လည်းသူက ပြောပါတယ် ။

ဆက်စပ် အကြောင်းအရာများ