H1N1 ကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးထိရှိပြီ၊ စစ်တွေမှာ ကူးစက်သူတစ်ဦး စတွေ့

စစ်တွေဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး ၁ ဦးမှာ H1N1 ဖြစ်ပွားတာ ဇွန်လ ၂၉ ရက်မှာ စတင်တွေ့ရှိ
Image caption စစ်တွေဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး ၁ ဦးမှာ H1N1 ဖြစ်ပွားတာ ဇွန်လ ၂၉ ရက်မှာ စတင်တွေ့ရှိ

ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။

H1N1 ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီး၊ သင်္ကန်းကျွန်း၊ အင်းစိန်၊ လှိုင်သာယာ၊ မုံရွာ၊ မန္တလေး ဆေးရုံတွေမှာ တက်ရောက်ကုသနေသူတွေထဲက သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဇွန်လ ၂၈ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေအရ ကျန်းမာရေးဌာနက ပြောပါတယ်။

အခုဆိုရင် ပြင်းထန်ရာသီတုပ်ကွေးဟာ ရန်ကုန်အပါအဝင် နယ်မြို့တချို့မှာကူးစက်မှုတွေ ဆက်ရှိနေပြီး စစ်တွေဆေးရုံမှာလည်း ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာ ၁ ဦးကို ဇွန်လ ၂၉ ရက်နေ့မှာ စတင် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်တွေဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးမှာ H1N1 ဖြစ်ပွားနေတာကို ဇွန်လ ၂၉ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးခဲ့မိတာ ဖြစ်ပါတယ်။

အဲဒီတွေ့ရှိမှုဟာ ဆေးရုံတက်နေတဲ့ H1N1 သံသယလူနာ ၈ ဦးကို စစ်ဆေးခဲ့ရာမှာ တွေ့ခဲ့တာဖြစ်ပြီး အခုတော့ ရောဂါပိုး ကူးစက်သူကို ဆေးကုသမှုပေးနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ် ဆေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် သေဆုံးမှုရှိတယ်ဆိုပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးစာ ထုတ်ပြန်ပြီးနောက် မြို့ကြီးတွေမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ ရှိလာခဲ့တာပါ။

ကျန်းမာရေးဌာနဘက်ကလည်း ဒီပြင်းထန်တုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့ ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ ဖျားနာရင် ဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူပါဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကာကွယ်ဆေးက ၄၆ ရာခိုင်နှုန်းပဲ ကာကွယ်နိုင်တယ်လို့ဆို

ရောဂါပိုး ကူးစက်ခံရသူ အများစုဟာ နာတာရှည် ရင်ကြပ်နဲ့ နှလုံးရောဂါအခံရှိသူတွေ ပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပါတယ်။

"ကာကွယ်ဆေးက ၄၆ ရာခိုင်နှုန်းပဲ ကာကွယ်နိုင်တာဆိုတော့ ထိုးပါလို့တော့ WHO ကလည်း မတိုက်တွန်းဘူး။ ကိုယ်ဝန်ဆောင်တွေ၊ အသက်သိပ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကတော့ ထိုးသင့်တယ်" လို့ ဒေါက်တာသီတာလှက ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ရန်ကုန်မှာ အဖြစ်အများဆုံးဖြစ်ပြီး ပြည်၊ မန္တလေး၊ မုံရွာ စစ်တွေ စတဲ့ မြို့တွေမှာ ရောဂါပိုးတွေ့တဲ့ လူနာက ၇၆ ဦးထဲမှာ လူနာ ၃၉ ဦး ကတော့ ဆေးရုံတွေပေါ်မှာ ကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။

ရာသီတုပ်ကွေး ကုသဖို့ ဆေးရုံကြီးတွေ တိုးချဲ့တဲ့အပြင် ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း စောင့်ကြည့်တဲ့စနစ်ကို တစ်ဆင့်ချင်းတိုးချဲ့ ဆောင်ရွက်ဖို့ ညှိနှိုင်းပြင်ဆင်နေတယ်လို့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ကျန်းမာရေးနှင့်အသိပညာ မြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် တုပ်ကွေးဆန်တဲ့ရောဂါကို စောင့်ကြည့်ကုသတဲ့ဆေးရုံ ၂၀၁၇ ခုနှစ်မှာ ဆေးရုံ ခုနစ်ရုံရှိပြီး အခု ၁၅ ရုံ ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ H1N1ရောဂါကြောင့် ၂၀၁၇ ခုနှစ်မှာ သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး၂၀၁၈ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိခဲ့ပေမဲ့ လူသေဆုံးမှု မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ