ဆောင်းဟေဂျိုနဲ့ ဆောင်းဂျုံဂီ ကွာရှင်းခွင့် ရဖို့ ဘယ်လောက်ကြာနိုင်လဲ

ကွာရှင်းကြတော့မယ့် မင်းသမီး ဆောင်းဟေဂျိုနဲ့ မင်းသား ဆောင်းဂျုံဂီ ဓာတ်ပုံ မူပိုင် Getty Images
Image caption ကွာရှင်းကြတော့မယ့် မင်းသမီး ဆောင်းဟေဂျိုနဲ့ မင်းသား ဆောင်းဂျုံဂီ

မြန်မာ နိုင်ငံမှာ ပြသတဲ့ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွေထဲက နာမည်ကျော် မင်းသမီး ဆောင်းဟေဂျို Song Hey-kyo နဲ့ မင်းသား ဆောင်းဂျုံဂီ Song Joong-ki တို့ရဲ့ အိမ်ထောင်ရေးကိစ္စ၊ ကွာရှင်းမယ့် အခြေအနေ နဲ့ပတ်သက်တဲ့ သတင်းတွေ ကို မြန်မာ ပရိသတ်တွေက အထူးစိတ်ဝင်တစား ရှိနေကြပါတယ်။

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းတွဲမှာ အွန်စောအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီး ဆောင်းဟေဂျို ဟာ မြန်မာနိုင်ငံမှာ သာမက အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ထင်ရှားလှပါတယ်။

အခုတော့ မင်းသား ဆောင်းဂျုံဂီက သူ့ဇနီး မင်းသမီး ဆောင်းဟေဂျိုကို ကွာရှင်းဖို့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဆိုးလ်မြို့တော်မှာ ရှိတဲ့ မိသားစုရေးရာ တရားရုံးမှာ လျှောက်လွှာ တင်ခဲ့ပြီဆိုတဲ့ အကြောင်း မင်းသားရဲ့ အေးဂျင့်က တရားဝင် ထုတ်ပြန် ကြေညာလိုက်တာကို တောင်ကိုရီးယား နိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယား ဇာတ်လမ်းတွဲလောကမှာ ဘုရင်မလို့ သတ်မှတ်ခံထားရသူ

မင်းသားဘက်က အခုလို လျှောက်ထားမှုကို တရားရုံးက လက်ခံမလား၊ လက်ခံပြီး ကွဲကွာခွင့် ပေးဖို့ကရော ဘယ်လောက်ကြာမှာလဲ ဆိုတာကိုလည်း ဆောင်းဟေဂျို နဲ့ ဆောင်းဂျုံဂီ တို့ရဲ့ပရိသတ်တွေက စိတ်ဝင်စား နေကြပါတယ်။

သူတို့ ဒီကွာရှင်းမှုက နှစ်နဲ့ချီကြာလိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်း ဘီဘီစီ တောင်ကိုရီးယား ဌာနက သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နှစ်ယောက်တွဲ ရိုက်ခဲ့တဲ့ နေမင်းရဲ့ သားတော်များ ဇာတ်လမ်းတွဲ မိတ်ဆက်တုန်းက ပျော်ရွှင်နေခဲ့

ကွာရှင်းဖို့ ဘာတွေလုပ်ရလဲ

တောင်ကိုရီးယားနိုင်ငံမှာ လင်မယား ကွာရှင်းပြတ်စဲတော့မယ် ဆိုရင် ကွာရှင်းလိုသူ လူတိုင်းက တရားရုံးမှာ လျှောက်ထားကြရပါတယ်။

ကွာရှင်း လိုတဲ့ ဇနီး၊ ခင်ပွန်း တစ်ယောက်ယောက် ဒါမှ မဟုတ် နှစ်ယောက်စလုံးက တရားရုံးမှာ လျှောက်ထား ကြရတာပါ။

အဲဒီနောက် နှစ်ဦးနှစ်ဖက် ပြန်လည် ပေါင်းစပ်နိုင်ဖို့ ကြိုးစားပေးတဲ့ အနေနဲ့ ကြားဝင် ဖြန်ဖြေ စေ့စပ်ပေးတဲ့ အဖွဲ့က နှစ်ဘက်ကို ညှိနှိုင်းပေးပါတယ်။

အဲဒီအဖွဲ့ကို အစိုးရက ဖွဲ့ပေးထားတာ ဖြစ်ပြီး သမာ သမတ်ရှိသူတွေ၊ တက္ကသိုလ် ပါမောက္ခကြီးတွေ၊ ဘာသာရပ်ဆိုင်ရာနဲ့ စိတ်ပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့ တောင်ကိုရီးယားမှာ နေထိုင်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

သူတို့က ကြားဝင် ညှိနှိုင်းပြီး အဆင်မပြေတဲ့ အဆုံးမှ ကွာရှင်းခွင့်ရကြတာ ဖြစ်ပါတယ်။

နောက်ဆုံး တရားရုံးတော်မှာ ကြားနာပြီးမှ တရားသူကြီးက ကွာရှင်းခွင့် ဆုံးဖြတ် ပေးတာပါ။

အဲဒီလို ကွာရှင်းခွင့်လျှောက်ထားရာမှာ ခွင့်မပြုတာမျိုးလည်း ရှိတတ်ပြီး ဆုံးဖြတ်ချက်ကျဖို့ အချိန်ကလည်း နှစ်နဲ့ချီ စောင့်ရတတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption San Sebastian Film Festival မှာ အကောင်းဆုံးဒါရိုက်တာဆု ရခဲ့စဉ်

တောင်ကိုရီးယားက နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ဟောင်ဆန်စူး Hong Sang-soo က လွန်ခဲ့တဲ့ သုံးနှစ် နီးပါး အချိန်ကတည်းက သူ့ဇနီးကို ကွာရှင်းဖို့ လျှောက်ထားတဲ့ ကွာရှင်းခွင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားရုံးက ပယ်ချခဲ့ပါတယ်။

ထင်ရှားတဲ့ ကွာရှင်းပြတ်စဲမှု နောက်တစ်ခုကတော့ ဆမ်ဆောင်း ဥက္ကဋ္ဌ Lee Boo-jin နဲ့ သူ့ခင်ပွန်းတို့ ကွာရှင်းပြတ်စဲတဲ့ ကိစ္စမှာလည်း ပိုင်ဆိုင်မှု ခွဲဝေရေး ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။

တောင်ကိုရီးယားမှာ နေထိုင်ကြတဲ့ မြန်မာတွေရဲ့ အဆိုအရ တောင်ကိုရီးယား နိုင်ငံသားတွေအနေနဲ့ ဆောင်းဟေဂျို နဲ့ ဆောင်းဂျုံဂီ တို့ စုံတွဲကို စံပြ မင်းသား မင်းသမီး စုံတွဲ အဖြစ် မြင်လိုကြပြီး ကွာရှင်းကြမှာ မဖြစ်စေချင်ကြဘူးလို့ ဆိုကြပါတယ်။

မင်းသား ဆောင်းဂျုံဂီက ကွာရှင်းခွင့် လျှောက်လွှာ တင်လိုက်ပြီလို့ ထုတ်ဖော်ကြေညာပြီးတဲ့နောက် မင်းသမီး ဆောင်းဟေဂျိုက သူ့မှာရွေးချယ်စရာမရှိဘူး သူ့ခင်ပွန်းကိုပဲ ဆက်ချစ်သွားမယ်လို့ ပြောခဲ့တဲ့အပေါ် ဂရုဏာသက်နေကြသူတဲ့ ပရိသတ်တွေလည်း အများအပြား တွေ့ရပါတယ်။

မင်းသမီး ဆောင်းဟေဂျိုက မင်းသား ဆောင်းဂျုံဂီနဲ့ အတူ နေမင်းရဲ့ သားတော်များ Descendants of the Sun ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်လမ်းက အထူးအောင်မြင်ခဲ့ပါတယ်။

မြန်မာပရိသတ်တွေကလည်း နှစ်သက်ခဲ့ကြပါတယ်။

အဲဒီဇာတ်လမ်းတွဲ ရိုက်ပြီးနောက် သူတို့နှစ်ယောက် အချစ်ဇာတ်လမ်း ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်ကပဲ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption Arthdal Chronicles ဇာတ်လမ်းနဲ့ လူကြိုက်များနေတဲ့ ဆောင်းဂျုံဂီ

ဆောင်းဟေဂျိုမပါဘဲ အောင်မြင်နေတဲ့ ဆောင်းဂျုံဂီ

Drama Queen ဇာတ်လမ်းတွဲတွေမှာ ဘုရင်မ လို့ ဆိုရလောက်တဲ့ အထိ နာမည်ကြီးတဲ့ မင်းသမီး ဆောင်းဟေဂျိုက လက်တွဲခေါ်လို့ အောင်မြင်လာတာလို့ ပြောကြတဲ့ မင်းသား ဆောင်းဂျုံဂီ ပါ၀င် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲက အခု လောလောဆယ် အအောင်မြင်ဆုံးဇာတ်လမ်းတွဲ ဖြစ်နေတယ်လို့ တောင်ကိုရီးယားရောက် မြန်မာ တွေက ပြောပါတယ်။

လက်ရှိ လွှင့်နေတဲ့ ဇာတ်လမ်းတွေ ထဲမှာ ဆောင်းဂျုံဂီ ပါ၀င် သရုပ်ဆောင်တဲ့ Arthdal Chronicles ဆိုတဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းက တောင်ကိုရီးယားမှာ ပြနေတာ စနေနေ့က အပိုင်း ၉ အထိပြခဲ့ပြီး ပါပြီ။

ဇာတ်လမ်းတွဲ တစ်ခုမှာ အတူတွဲ သရုပ်ဆောင်ရင်း အိမ်ထောင်တစ်ခု ထူထောင် ခဲ့ကြတဲ့ အသက် ၃၇ နှစ် အရွယ် မင်းသမီး ဆောင်းဟေဂျိုနဲ့ ၃၃ နှစ် အရွယ် မင်းသား ဆောင်းဂျုံဂီ တို့က မင်္ဂလာ သက်တမ်းက တစ်နှစ်ခွဲကြာ ကာလမှာ အခုလို ကွာရှင်းမယ့် အခြေအနေ ပေါ်ပေါက်လာခဲ့ပါပြီ။

အမှန်တကယ် ကွာရှင်းခွင့် ရမှာလား၊ ဘယ်တော့ ကွာရှင်းခွင့်ရမှာလဲ၊ နှစ်ဖက် ပိုင်ဆိုင်မှုတွေ ဘယ်လို ခွဲဝေကြမလဲ ဆိုတာကတော့ တရားရုံး အဆုံးအဖြတ်ပေါ်မှာသာ မူတည်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ