ကျူးကျော်တွေအတွက်တိုက်ခန်းဆောက်ပေးမယ်၊အထူးဒေသ(၄) မိုင်းလားကို အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/Getty Images
Image caption တစ်လကို ကျပ် ၇ သောင်းကနေ တစ်သိန်းကြားပေး သွင်းရမှာဖြစ်

ကျူးကျော်တွေနေဖို့ တန်ဖိုးနည်းတိုက်ခန်းတွေဆောက်မယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ပြော

စက်မှုဇုန်ကြားတွေနဲ့လမ်းဘေးတွေမှာနေထိုင်ကျတဲ့ကျူးကျော်တွေအတွက် ကျပ်သိန်းတစ်ရာကျော်တန် တန်ဖိုးနည်းတိုက်ခန်းတွေဆောက်လုပ်ဖို့စီစဉ်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

စက်မှုဇုန်တွေရှိတဲ့မြို့နယ်တွေမှာကျူးကျော်နေထိုင်သူတွေနဲ့အစိုးရဝန်ထမ်းတွေအတွက် လှိုင်သာယာ ရွှေပြည်သာနဲ့ဒဂုံလေးမြို့နယ်မှာ တန်းဖိုးနည်းတိုက်ခန်းတွေကို ဒီမိုးအကုန် မှာဆောက်လုပ် ဖို့လျာထား တယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇွန် ၂၉ရက်နေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြော ဆိုခဲ့ပါတယ်။

ဒီတန်ဖိုးနည်းတိုက်ခန်းတွေကို၀ယ်ယူမယ့်သူတွေအနေနဲ့ တစ်လကို ကျပ် ၇ သောင်းကနေ တစ်သိန်းကြားပေး သွင်းရမှာဖြစ်တယ်လို့လဲ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

တိုက်ခန်းတစ်ခန်းရဲ့ အကျယ်အဝန်းကိုတော့ ပေ ၆၀၀ ပတ်လည်လောက် အကြမ်းဖျင်း တွက်ချက်ထားပြီး အစိုးရကနေ တာဝန်ယူပြီးရောင်းချပေးမှာဖြစ်သလို အစိုးရပိုင်မြေမှာဆောက်လုပ်သွားမှာဖြစ်တယ် လို့ သိရပါတယ်။

တန်ဖိုးနည်းတိုက်ခန်းဆောက်လုပ်လိုတဲ့ကုမ္ပဏီတွေနဲ့အစိုးရတာဝန်ရှိသူတွေကြား တွေ့ဆုံညှိနှိုင်းထားပြီး မကြာခင် စီမံကိန်း အဆိုပြုလွှာခေါ်ဆောင်သွားဖို့ရှိတယ်လို့လဲ ဝန်ကြီးဦးမြင့်သောင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန် ၂၉ ဇုန်ရှိပြီး အဲဒီစက်မှုဇုန်တွေရှိတဲ့မြို့နယ်တွေထဲမှာနေထိုင်တဲ့ ကျူးကျော် နေထိုင်သူဦးရေဟာ ၅ သိန်းလောက်ရှိတယ်လို့အစိုးရက ကောက်ခံထားတဲ့ စာရင်းတွေအရသိရ ပါတယ်။

ဓာတ်ပုံ မူပိုင် NARINJARA
Image caption တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲခံရပြီးနောက် တိုက်ပွဲတွေငြိမ်သက်နေတဲ့ ရသေ့တောင်မှာ ပစ်ခတ်မှုတွေပြန်ရှိလာ

ရသေ့တောင်မြို့နယ်အနီးမှာ တိုက်ပွဲတွေပြန်ဖြစ် အနီးအနားရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်း တစ်ခုကို ဇွန် ၂၉ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ လက်နက်ပစ်ခတ်သံတွေ ထွက်လာတဲ့ အတွက် ကျောက်တန်းရွာ၊ လိုင်ဂွင်ရွာက ရွာသားတွေဟာ ထောင်နဲ့ချီပြီး နီးစပ်ရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြ တယ်လို့ သိရပါတယ်။

လိုင်ဂွင်ရွာမှာဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေသူ ၂ ဦး လက်နက်ကြီးထိမှန်မှုတွေရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ကျောက်တန်းရွာဟာ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး လိုင်ဂွင်ရွာဟာလည်း အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွာကြီးတွေ ဖြစ်ကြပါတယ်။

တပ်မတော် စစ်ကြောင်းတစ်ခုဟာ လိုင်ဂွင်ကျေးရွာကနေ ကျောက်တန်းကျေးရွာဘက်ကို အလာ တံတားအနီးမှာ မိုင်းပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ လိုင်ဂွင်ကျေးရွာသား တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲ ဖြစ်ပွားနေရာမှာ အရပ်သားတွေ ထိခိုက်မှုတွေရှိနေသလို ကျေးရွာ အုပ်ချုပ်ရေးမှူး တွေလည်း သူတို့လုံခြုံရေးကို စိုးရိမ်တဲ့ အတွက် ကျောက်တော်မြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး ၇ ဦးဟာ ဇွန်၂၈ရက်နေ့က တာဝန်ကနေ နုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။

အခုဆိုရင် ကျောက်တော်မြို့နယ်မှာ ရာထူးကနေ နုတ်ထွက်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက် ဟာ ၆၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

အထူးဒေသ(၄) မိုင်းလားကို အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်

အထူးဒေသ(၄) မိုင်းလားကို အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးရေးကို အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်က မိုင်းလား ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို သဝဏ်လွှာပေးပို့ပြီးဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

အထူးဒေသ (၄) မိုင်းလားအပါအဝင် အန်စီအေ လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသား

လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးညီလာခံစားပွဲဝိုင်းမှာ ပါဝင်လာရေး အတွက် နိုင်ငံတော်အစိုးရမှ တံခါးဖွင့်ထားကြောင်း ကို လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အထူးဒေသ(၄)၊ မိုင်းလား ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ရင်တွင်းစကားသံတွေ၊ သဘော ထားအမြင်တွေကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးတွေမှာ ဖက်ဒရယ်အခြေခံမူ အဖြစ်နဲ့ ရရှိအောင်ကြိုးပမ်းရန် အချိန် ရောက်ပြီလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်

ကုန်သွယ်ခွန်သစ် တရုတ်ကို ထပ်မကောက်တော့ဘူးလို့ သမ္မတ ထရမ့် ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်တွေကို ကုန်သွယ်ခွန်အသစ်တွေ အခုလတ်တလော ထပ်မကောက်တော့ဘူးလို့လည်း ပြောလိုက်ပါတယ်။

ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်လို့လည်း သူက ပြောပါသေးတယ်။

ဂျပန်မှာ ဂျီ - 20 အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ သုံးရာဘီလျံကျော် တန်ဖိုး ရှိတဲ့ တရုတ် သွင်းကုန်တွေကို အခွန်ထပ်ကောက်ဦးမယ်လို့ သူက ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။

သူက ဆက်ပြီး တရုတ်က အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပိုဝယ်လာနိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ ဘာမှ ကတိပေးတာမျိုး မရှိသေးပါဘူး။