အကောင်းဆုံး ကစားသမားတွေကို ဖြတ်ကျော်ပြီး အောင်လ ဆုရ

အောင်လအန်ဆန်
Image caption မြန်မာနိုင်ငံက ရွာလေးတရွာကနေလာသူ တယောက် ဖြစ်ပါတယ်လို့ အမေရိကန်က ဆုပေးပွဲမှာ အောင်လက ပြောကြား

နိုင်ငံတကာ အကောင်းဆုံး ကစားသမားဆုကို အောင်လ အန်ဆန် က ဆွတ်ခူး ရရှိသွားပါတယ်။

ဒီဆုဟာ ၂၀၁၉ အတွက် World MMA Awards တွေထဲက ဆုအမျိုးအစားပေါင်း ၂၀ ကျော်ထဲက တခု ဖြစ်ပါတယ်။

ဗြိတိန်ထုတ် Fighters Only မဂ္ဂဇင်း က ကြီးမှူးပြီး World MMA Awards ဆုတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။

Image caption ဆုတွေရအောင် ပံ့ပိုးပေးခဲ့တဲ့ အဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်း အောင်လ ပြောကြား

၂၀၁၉ အတွက် World MMA Awards ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၄ရက် တုန်းက Las Vegas မြို့မှာ ကျင်းပခဲ့ပြီး အောင်လ အန်ဆန်က ဆုတက်ယူခဲ့ပါတယ်။

အခမ်းအနားမှာ အောင်လက ဒီဆုကို ချီးမြှင့်ပေးဖို့ စီစဉ်ခဲ့တဲ့ Fighters Only မဂ္ဂဇင်း နဲ့ သူ့ကို အားပေး ကူညီခဲ့တဲ့ သူ့ဇနီးအပြင် မိသားစုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလို ရပ်တည်နိုင်အောင် လေ့ကျင့်ပေးခဲ့တဲ့ ဆရာတွေ ဖြစ်တဲ့ Henri ၊ Greg ၊ Kami နဲ့ Dr. Peacock တို့သာမက သူ့ကို နောက်ကွယ်က ပံ့ပိုးပေးခဲ့တဲ့ HardKnock 365 က အဖွဲ့သားတွေကိုလည်း အထူး ကျေးဇူးတင်တယ် လို့ သူက ပြောပါတယ်။

အခုလို ကျွန်တော် လုပ်ချင်တာကို လုပ်ခွင့်ရဖို့ ဖန်တီးပေးတဲ့ One Championship ကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ခင်ဗျားတို့တွေရဲ့ ကူညီပံ့ပိုးမှုကြောင့် ကျွန်တော် အခုလို နေရာ ရောက်လာတာပါလို့ သူက ပြောသွားခဲ့ပါတယ်။

Image caption နိုင်ငံတကာ အကျော်အမော် ကစားသမားတွေကို ဖြတ်ကျော်ကာ အောင်လအန်ဆန် ဆုဆွတ်ခူး

နောက်ဆုံး အနေနဲ့ ကျွန်တော်ကို မဲပေးခဲ့တဲ့ သန်းခြောက်ဆယ်သော မြန်မာ လူထုကို အထူးပင် ကျေးဇူးတင်ကြောင်းနဲ့ ကျွန်တော်ဟာ မြန်မာ နိုင်ငံက ရွာလေး တရွာမှာ မွေးဖွားခဲ့ပြီး အမေရိကန်မှာ ကောလိပ် တက်ဖို့ ရောက်လာရင်း ၂၀၀၅ ခုနှစ်မှာ MMA အားကစားသမားဘ၀ စတင် အခြေချ ခဲ့ရာမှာ အခုဆိုရင် ၁၄နှစ်ရှိပါပြီလို့ သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အကောင်းဆုံး ကစားသမား ဆုအမျိုးအစားအတွက် အောင်လ အန်ဆန် နဲ့ အတူ ဆန်ကာတင် စာရင်း၀င်သူတွေကတော့ MMA မှာ ရှုံးပွဲမရှိ ချန်ပီယံ တယောက်ဖြစ်တဲ့ Khabib Nurmagomedov ၊ UFC ကစားသမားတွေ ဖြစ်တဲ့ Kamaru Usman နဲ့ Israel Adesanya တို့ အပြင် ဘဲလေတာ ဖိုက်တာ Gegard Mousasi ပါ၀င်ပေမယ့် အခုလို အကျော်အမော်တွေကို ဖြတ်ကျော်ပြီး အောင်လ အန်ဆန် ဆု ဆွတ်ခူး ခဲ့တာ ဖြစ်ပါတယ်။

အခု အောင်လ အန်ဆန် ဆွတ်ခူးခဲ့တဲ့ ဆုဟာ ထိုးသတ် အနိုင်ယူ ကစားပြီး ရခဲ့တာမျိုး မဟုတ်ဘဲ ၊ မဲပေး ရွေးချယ်လို့ ရခဲ့တဲ့ ဆု ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ