ကုန်ဈေးနှုန်းတက်တာ မီတာခတက်တာ တစ်ခုတည်းကြောင့်မဟုတ်ဘူး - လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြောင်းလဲလိုက်တဲ့ မီတာခနှုန်းထားတွေက လက်ရှိထက် ၂ဆနီးပါးလောက် ပိုပြီး ပေးဆောင်ရမှာဖြစ်ပါတယ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြောင်းလဲလိုက်တဲ့ မီတာခနှုန်းထားတွေက လက်ရှိထက် ၂ဆနီးပါးလောက် ပိုပြီး ပေးဆောင်ရမှာဖြစ်ပါတယ်

အခုရက်ပိုင်းကုန်ဈေးနှုန်းတက်လာတာဟာ မီတာခတက်တာ တစ်ခုတည်းကြောင့်မဟုတ်ဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ကပြောလိုက်ပါတယ်။

ဇူလိုင်လ ၄ ရက်မှာ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒုတိယ အမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောခဲ့တာဖြစ်ပါတယ်။

"ကုန်ဈေးနူန်းတက်တာ မီတာခ မပါဘူးလို့ ကျွန်တော်မငြင်းပါဘူး၊ ဒါပေမဲ့ ပွိုင့်လောက်ပဲ ပါမယ်ထင်ပါတယ်။ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ဖို့က မီးချည်းပဲ ထုတ်လို့မှ မရတာ၊ စက်လည်ဖို့ ကုန်ကြမ်းလိုမယ် သယ်ယူစရိတ် ရှိမယ်၊ ထုတ်လုပ်စရိတ် ရှိမယ်၊ အလုပ်သမားစရိတ် ရှိမယ် ၊ အဲဒါတွေ ကုန်ဈေးနူန်း ပေါ်မှာ သက်ရောက်ပါတယ်" လို့လည်း ဒုတိယ အမြဲတန်းအတွင်းဝန် ဦးစိုးမြင့်ကပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြောင်းလဲလိုက်တဲ့ မီတာခနှုန်းထားတွေက လက်ရှိထက် ၂ဆလောက် ပိုပြီး ပေးဆောင်ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတွေ အဆိုအရ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အခုရက်ပိုင်း တရိပ်ရိပ် တက်နေပြီး ထုတ်လုပ်ဖို့ လျှပ်စစ်မီးမလိုတဲ့ ချဉ်ပေါင်ရွက်လို စျေးတွေလည်းတက်နေတယ်လို့လည်း သိရပါတယ်။

Image caption မီတာခနှုန်းထားတွေတိုးမြှင့်တာကို ဇူလိုင်လ ၃ရက်နေ့ က ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်မှာ စီတန်းလှည့်လည်ကာ ကန့်ကွက် ဆန္ဒထုတ်ဖော်သူတွေ

မီတာခနှုန်းထားတွေတိုးမြှင့်တာဟာ အမြတ်ယူဖို့ မဟုတ်ဘဲ စိုက်ထုတ်သုံးစွဲနေရတဲ့ ပမာဏကို ကာမိရုံသာ တိုးမြှင့်ရတာသာ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သူ ၄၅ ရာခိုင်နှုန်းရှိပြီး အခု လက်ရှိ တစ်နိုင်ငံလုံးမှာ ဓာတ်အားသုံးစွဲနေသူ အိမ်ထောင်စုပေါင်း လေးသန်း ခန့်မှာ တစ်သန်းခန့်က လစဉ် ယူနစ် ၃၀ အောက်ပဲ သုံးစွဲတယ်လို့ လည်းအစိုးရဖက်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ မြန်မာတစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒုတိယ အမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

နောင်နှစ်တွေမှာ လိုအပ်လာမယ့် ၁၂၀၀ မဂ္ဂါဝပ်ကို မီအောင် ထုတ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီတာနှုန်းထားတွေကို သုံးစွဲသူကိုယ်တိုင် ကြည့်နိုင်ဖို့ အတွက် ဓါတ်တိုင်ထိပ်မှာ ထားတဲ့ မီတာဘောက်တွေကို ဝန်ကြီးဌာနစရိတ်နဲ့ အောက်ကို ပြန်လည်ချထားပေးမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရဘက်ကပြောပါတယ်။

"မနေ့က အမိန့်ထုတ်လိုက်တာပါ တပတ်အတွင်းစီမံချက် တင်ခိုင်းထားပါတယ် ဘယ်လိုစီမံ မလဲ ဆိုတာ သူတို့ တင်ပြပြီးရင် အမြန် အကောင်ထည်ဖော်ပါလိမ့်မယ်"လို့လည်း ဒုတိယ အမြဲတန်းအတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

ပြည်သူတွေဘက်က မီတာဖတ်တဲ့ စနစ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မီတာစာရေးဖတ်တဲ့ နှုန်းကိုပဲ အခြေခံပြီး တွက်နေရတယ် လို့ ပြောလာတဲ့ အတွက် အခုလို ပြောင်းလဲ ရတာဖြစ်တယ်လို့လည်း ဦးစိုးမြင့်က ရှင်းပြပါတယ်။

အစိုးရက လျှပ်စစ်မီတာခနှုန်းထားပြောင်းလဲရတာက ဓာတ်အားမရောက်ရှိတဲ့နေရာတွေကို ဓာတ်အားလိုင်းတွေ ဆက်သွယ်ပေးဖို့၊ လိုအပ်နေတဲ့ငွေကြေးအရင်းအနှီးတွေအတွက် စိုက်ထုတ်ထောက်ပံ့ပေးနေရတဲ့ ဘဏ္ဍာငွေကြေးအခက်အခဲမဖြစ်စေဖို့ ဆောင်ရွက်ရတာလို့လည်း သူကပြောပါတယ်။

ဇူလိုင် ၄ရက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကတော့ အခုလကစပြီး မီတာ ခ တိုး ကောက်တဲ့အပေါ်မှာ အဓိကထားရှင်းလင်းတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ